မြန်မာနိုင်ငံက အာဆီယံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်တို့ပါဝင်သည့် RCEP တွင်ပါဝင်ခြင်းဖြင့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသောစျေးကွက်သို့ မြန်မာပို့ကုန်များ အကောက်ခွန်ကင်းလွတ်သက်သာခွင့်ဖြင့် တိုးမြှင့်တင်ပို့နိုင်မည်

မြန်မာနိုင်ငံက အာဆီယံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်တို့ပါဝင်သည့် RCEP တွင်ပါဝင်ခြင်းဖြင့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသောစျေးကွက်သို့ မြန်မာပို့ကုန်များ အကောက်ခွန်ကင်းလွတ်သက်သာခွင့်ဖြင့် တိုးမြှင့်တင်ပို့နိုင်မည်
ပြည်ပပို့ကုန်များ ထုတ်လုပ်လျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်းမှ စက်ရုံအချို့ကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ပြည်ပပို့ကုန်များ ထုတ်လုပ်လျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်းမှ စက်ရုံအချို့ကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 6 August 2019

မြန်မာနိုင်ငံက အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်တို့ ပါဝင်သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership RCEP) တွင် ပါဝင်ခြင်းဖြင့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော စျေးကွက်သို့ မြန်မာ့ပို့ကုန်များကို အကောက်ခွန်ကင်းလွတ်သက်သာခွင့်ဖြင့်  တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ကြောင်း  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ၏ (၈) ကြိမ်မြောက် ဝန်ကြီးအဆင့် ကြားဖြတ်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၁၉ ခုနှစ် သြဂုတ် ၂ ရက်မှ ၃ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ အာဆီယံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး သဘောတူစာချုပ်၏ စျေးကွက်ဖွင့်လှစ်ရေးဆွေးနွေးညှိနှိုင်းမှု (Market Access Negotiation) အား ၁၀၀ ရာခိုင်နှုန်းနှင့် စာချုပ်၏ အဓိကအရေးပါသည့် အခန်းများ၏ စာသားညှိနှိုင်းမှု (Text based Negotiation) ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် ပြီးပြတ်အောင်ဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း သိရသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သည် ကမ္ဘာ့လူဦးရေ ၏ ၄၇ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး ကမ္ဘာ့အသားတင် ထုတ်လုပ်မှုတန်ဖိုး၏ ၄၂ ရာခိုင် နှုန်းရှိသည့်အတွက် ကမ္ဘာ့အကြီးမားဆုံး လွတ်လပ်သည့် ကုန်သွယ်ရေးသဘောတူစာချုပ် ဖြစ်လာမည်ဖြစ်ရာ အဆိုပါစာချုပ် ဆွေးနွေးညှိနှိုင်းမှုများ၏ တိုးတက်မှုအခြေအနေကို ကမ္ဘာ့နိုင်ငံအသီးသီးက စိတ်ဝင်တစားစောင့်ကြည့်လေ့လာလျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ်က ကမ္ဘာဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် နိုင်ငံခေါင်းဆောင်များက ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု   (RCEP) ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များကို ချမှတ်ခဲ့ပြီး ၂၀၁၃ ခု နှစ်တွင် ဆွေးနွေးညှိနှိုင်းမှုများစတင်ခဲ့ရာ လက်ရှိအချိန်အထိ ထိပ်သီးအစည်းအဝေးနှစ်ကြိမ်၊ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု( RCEP) ဝန်ကြီးများအစည်းအဝေး ခြောက်ကြိမ်၊ RCEP ဝန်ကြီးများ ကြားဖြတ်အစည်းအဝေးရှစ်ကြိမ်နှင့် ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီနှင့် ဆက်စပ်လုပ်ငန်းအဖွဲ့များ အစည်းအဝေး ၂၇ ကြိမ် ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ကို လက်ရှိအာဆီယံက ပါဝင်ဆောင်ရွက်လျက်ရှိသည့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်များထက် ပိုမိုခေတ်မီပြီး ပြည့်စုံ၍ အရည်အသွေးမြင့်မားကာ အပြန်အလှန်အကျိုးရှိစေမည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်တစ်ခုဖြစ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါစာချုပ်တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခန်းကဏ္ဍလည်းပါဝင်သဖြင့် မြန်မာနိုင်ငံအတွင်းသို့ စာချုပ်ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent