FMI နှင့် သီလဝါရှယ်ယာစျေးနှုန်း ပြန်လည်မြင့်တက်မှုကြောင့် မေလတွင် ကျပ် ၁ ဒသမ ၄ ဘီလျံကျော် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သော်လည်း ဇွန်နှင့် ဇူလိုင် နှစ်လဆက်တိုက် အရောင်းအဝယ် ပြန်လည်ကျဆင်း

FMI နှင့် သီလဝါရှယ်ယာစျေးနှုန်း ပြန်လည်မြင့်တက်မှုကြောင့် မေလတွင် ကျပ် ၁ ဒသမ ၄ ဘီလျံကျော် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သော်လည်း ဇွန်နှင့် ဇူလိုင် နှစ်လဆက်တိုက် အရောင်းအဝယ် ပြန်လည်ကျဆင်း
ရန်ကုန်စတော့အိတ်ချိန်း၏ အစုရှယ်ယာ စျေးနှုန်းဖြစ်ပေါ်မှုကို လာရောက်စောင့်ကြည့်သူများအား သြဂုတ် ၂ ရက်က တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်း၏ အစုရှယ်ယာ စျေးနှုန်းဖြစ်ပေါ်မှုကို လာရောက်စောင့်ကြည့်သူများအား သြဂုတ် ၂ ရက်က တွေ့ရစဉ်
Published 4 August 2019
ဖြိုးဝေ

FMI နှင့် သီလဝါရှယ်ယာစျေးနှုန်း ပြန်လည်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ပေါ်မှုကြောင့် စတော့အိတ်ချိန်းအရောင်းအဝယ် ပြန်လည်မြင့်တက်ပြီး ကိုးလအတွင်း ပထမဆုံးအဖြစ် မေလတွင် ကျပ် ၁ ဒသမ ၄ ဘီလျံ ကျော် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သော်လည်း ဇွန်လတွင် ကျပ် ၁ ဒသမ ၃ ဘီလျံ နှင့် ဇူလိုင်လတွင် ကျပ် ၁ ဒသမ ၂ ဘီလျံ ကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီး စတော့အိတ်ချိန်းအရောင်းအဝယ်နှစ်လဆက်တိုက် ပြန်လည်ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ လအလိုက်ထုတ်ပြန်သည့် အရောင်းအဝယ်စာရင်းများအရ သိရသည်။

ရှယ်ယာတစ်စုလျှင် ကျပ် ၈၈၀၀ အထိ ကျဆင်းခဲ့သည့် FMI ရှယ်ယာမှာ မေလတွင် ကျပ် ၁၂၅၀၀ အထိ ပြန်လည်မြင့်တက်ခဲ့မှုကြောင့် ကျပ် ၆၅၆၄ သိန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့သလို ကျပ် ၂၈၀၀ အထိ စျေးနှုန်းကျဆင်းထားသည့် သီလဝါရှယ်ယာမှာလည်း မေလအဖွင့်စျေးတွင် ကျပ် ၂၉၅၀ အထိရှိခဲ့ပြီး ကျပ် ၃၂၅၀ အထိ စျေးနှုန်းမြင့်တက်ကာ ကျပ် ၄၆၅၃ သိန်းကျော်အထိ အရောင်းအဝယ်ဖြစ်မှုကြောင့် စတော့အိတ်ချိန်း အရောင်းအဝယ်ကျဆင်းနေသည့် ကိုးလအတွင်း ကျပ် တစ်ဘီလျံကျော် ပြန်လည်အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဇွန်လတွင်မူ စတော့အိတ်ချိန်း၌ FMI ရှယ်ယာမှာ ကျပ် ၁၁၅၀၀ အထိ ပြန်လည်ကျဆင်းသွားသော်လည်း သီလဝါရှယ်ယာမှာ ကျပ် ၃၄၅၀ အထိ ဆက်လက်မြင့်တက်ခဲ့သည်။ ထိုသို့ ဖြစ်ပေါ်မှုကြောင့် FMI နှင့် သီလဝါရှယ်ယာရောင်းချမှုမှ ဇွန်လအတွင်း ကျပ် သိန်း ၉၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဇူလိုင်လတွင် FMI ရှယ်ယာမှာ အမြင့်ဆုံး ကျပ် ၁၂၀၀၀ ဖြစ်ခဲ့ပြီး အနိမ့်ဆုံး ကျပ် ၁၁၀၀၀ အထိ ပြန်လည်ကျဆင်းသွားပြီး သီလဝါရှယ်ယာမှာ ကျပ် ၃၃၀၀ သို့ ကျဆင်းခဲ့သော်လည်း FMI နှင့် သီလဝါရှယ်ယာရောင်းချမှုမှာ ဇွန်လအတွင်း ကျပ်တစ်ဘီလျံကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်ပေါ်မှုမှာ ၂၀၁၆ ခုနှစ်အတွင်း ကျပ် ၇၀ ဒသမ ၇၄ ဘီလျံကျော်ဖိုး အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် အတွင်း ကျပ် ၂၂  ဒသမ ၁၃ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း  ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ် ဆိုးရွားစွာကျဆင်းခဲ့ပြီး ရှယ်ယာအရောင်းအဝယ်ဖြစ်မှု ကျပ် ၁၁ ဘီလျံကျော်သာ ရှိခဲ့ကာ Block Trading  အရောင်းအဝယ်ဖြစ်မှုတွင်လည်း ကျပ်ငါးဘီလျံခန့် ကျဆင်းခဲ့ကြောင်းရန် ကုန်စတော့အိတ်ချိန်းမှ နှစ်အလိုက်ထုတ်ပြန်သည့် အရောင်းအဝယ်ဖြစ်မှုစာရင်းအရ သိရသည်။      

ရန်ကုန်စတော့အိတ်ချိန်း သမိုင်းတစ်လျှောက် အရောင်းအဝယ်ဖြစ်မှု ယခုနှစ်အတွင်း စံချိန်တင်ကျဆင်းကနေပြီး အရောင်းအဝယ်ဖြစ်မှု အမြင့်ဆုံးအဖြစ်မူ ဧပြီလတွင် ကျပ် ၅၀၆၈ သိန်းကျော် အရောင်းအဝယ်ဖြစ်မှုဖြစ်ပြီး မေလတွင် တစ်ဘီလျံကျော်အထိ အရောင်းအဝယ်ဖြစ်လာခဲ့ခြင်းဖြစ်ကာ အဆိုပါ တစ်ဘီလျံကျော် အရောင်းအဝယ်ဖြစ်မှုမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာမှ ၂၀၁၉ ခုနှစ် မေလအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းအနေဖြင့် အစုရှယ်ယာအရောင်းအဝယ်ဖြစ်မှု နှစ်စဉ်ကျဆင်းနေပြီး ယခင်က အစုရှယ်ယာအရောင်းအဝယ်ဖြစ်မှု အနည်းဆုံးအဖြစ် စံချိန်တင်ထားသည့်လမှာ ၂၀၁၈ ခုနှစ် ဇွန်လဖြစ်ကာ  ကျပ်သိန်း ၆၆၆၀ သာ အရောင်းအဝယ်ဖြစ် မှုကို ၂၀၁၉ ခုနှစ် မတ်လတွင် ကျပ် ၃၉၆၂ သိန်းကျော်သို့ ကျဆင်းခဲ့ရာမှ မေလတွင် ကျပ် ၁ ဒသမ ၄ ဘီလျံကျော်သို့ ပြန်လည်မြင့်တက်ကာ ဇွန်နှင့် ဇူလိုင်တွင် ပြန်လည်ကျဆင်းခဲ့ခြင်း ဖြစ်သည်။