၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ အခွန်အကောက်ရငွေ စုစုပေါင်း ကျပ် ၇၈၆၉ ဒသမ ၃၉၈ ဘီလျံရရှိရန်နှင့် ပြည်ထောင်စု၏ အခွန်အကောက်ရငွေနှင့် ဂျီဒီပီအချိုးမှာ ၆ ဒသမ ၆၁ ရာခိုင်နှုန်း ခန့်မှန်းထား

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ အခွန်အကောက်ရငွေ စုစုပေါင်း ကျပ် ၇၈၆၉ ဒသမ ၃၉၈ ဘီလျံရရှိရန်နှင့် ပြည်ထောင်စု၏ အခွန်အကောက်ရငွေနှင့် ဂျီဒီပီအချိုးမှာ ၆ ဒသမ ၆၁ ရာခိုင်နှုန်း ခန့်မှန်းထား
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 4 August 2019
နီလာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ အခွန်အကောက်ရငွေ စုစုပေါင်း  ကျပ် ၇၈၆၉ ဒသမ ၃၉၈ ဘီလျံရရှိရန် ခန့်မှန်းထားကြောင်းနှင့် ပြည်ထောင်စု၏ အခွန်အကောက်ရငွေနှင့် ဂျီဒီပီအချိုးမှာ ၆ ဒသမ ၆၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ အဆိုပြုတင်ပြချက်(အနှစ်ချုပ်)တွင် ဖော်ပြထားသည်။

အခွန်မူဝါဒတွင် ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာရန်ပုံငွေရရှိရေး အတွက်ရသင့်ရ ထိုက်သည့်အခွန် အကောက်များဥပဒေနှင့်အညီ အပြည့်အဝကောက်ခံရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်၊ စျေးကွက်စီးပွားရေးစနစ်ကို အထောက်အကူ ဖြစ်စေမည့် နိုင်ငံတကာစံနှုန်းများနှင့်လျော်ညီသည့် အခွန်စနစ်ဖြစ် ထွန်းပေါ်ပေါက်စေရန်၊ အမျိုးသားအကျိုးစီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စုဆောင်းမှုတို့ကို အခွန်အကောက်စနစ်ဖြင့် ထိန်းညှိပေးရန်၊  တစ်မျိုးသားလုံး၏ ကျန်းမာရေး၊ ကြံ့ခိုင်ရေးနှင့် အကျင့်စာရိတ္တမြင့်မားရေးအတွက် အခွန်အကောက် စနစ်ဖြင့် ထိန်းကျောင်းပေးရန်၊ သဘာဝပတ်ဝန်းကျင်နှင့်တွင်းထွက် သယံဇာတများ ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် အခွန်အကောက်စနစ်ဖြင့် ထိန်းကျောင်းပေးရန်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန်ကောက်ခံရရှိမှု ပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၈၃ ဘီလျံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ကျပ် ၄၄၅၉ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၅ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၄၂၃ ဘီ လျံ၊ ၂၀၁၈ ဧပြီ-စက်တင်ဘာခြောက်လတာ ကြားကာလတွင် ကျပ် ၂၇၉၂ ဘီလျံ ကောက်ခံနိုင်ခဲ့သည်။

အခွန်ကောက်ခံရရှိမှုနှင့် ဂျီဒီပီ အချိုးမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်တွင် ၃ ဒသမ ၆၃ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၆၉ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၈၄ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် ၈ ဒသမ ၉၃ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၂၁ ရာခိုင်နှုန်း (မူလခန့်မှန်း ခြေ)၊ ၂၀၁၈ ဧပြီ - စက်တင်ဘာကြား ကာလတွင် ၈ ဒသမ ၄၉ ရာခိုင်နှုန်း (မူလခန့်မှန်းခြေ) ဖြစ်သည်။

မြန်မာနိုင်ငံ၏ အခွန်ကောက်ခံရရှိမှုသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ လေးနှစ်ဆက်တိုက်မြင့်တက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အနည်းငယ်ပြန်ကျကာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြန်လည်မြင့်တက်ခဲ့သည်။ ထိုသို့အခွန်ကောက်ခံမှု မြင့်တက်လာသော်လည်း အခွန်ရငွေနှင့် ဂျီဒီပီအချိုးသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ကျဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီ-စက်တင်ဘာကြား ကာလတွင် အနည်းငယ်ပြန်လည် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ အခွန်အရပ် ရပ်ကောက်ခံရရှိမှု စုစုပေါင်း ကျပ် ၄၈၅၃ ဒသမ ၉၅၀ ဘီလျံရရှိခဲ့ပြီး အခွန်လျာထားချက်၏ ၇၇ ဒသမ ၈၁ ရာခိုင်နှုန်း ကောက်ခံထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အခွန် ကျပ် ၆၅၈၆ ဘီလျံ ကျော် ကောက်ခံရန် မျှော်မှန်းထားခြင်းဖြစ်ပြီး အောက်တိုဘာမှ ဇွန်လအထိ ရှစ်လအတွင်း ကျပ် ၄၈၅၃ ဘီလျံကျော်ကောက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၉၇၀ ဒသမ ၇၃၉ ဘီလျံ၊ သမဝါယမကဏ္ဍမှ ကျပ် ၁ ဒသမ ၄၈၆ ဘီလျံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၃၈၈၁ ဒသမ ၇၂၅ ဘီလျံ ပါဝင်ခဲ့သည်။