သီလဝါ အထူးစီးပွားရေးဇုန်အတွင်း စက်ရုံများ ပိုမိုကျယ်ပြန့်စွာ လည်ပတ်နိုင်ရန်အတွက် နိုင်ငံတကာ ဆိပ်ကမ်းများ၊ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများ လိုအပ်နေဟုဆို

သီလဝါ အထူးစီးပွားရေးဇုန်အတွင်း စက်ရုံများ ပိုမိုကျယ်ပြန့်စွာ လည်ပတ်နိုင်ရန်အတွက် နိုင်ငံတကာ ဆိပ်ကမ်းများ၊ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများ လိုအပ်နေဟုဆို
သီလဝါ အထူးစီးပွားရေးဇုန် တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
သီလဝါ အထူးစီးပွားရေးဇုန် တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 4 August 2019
နီလာ

သီလဝါ အထူးစီးပွားရေးဇုန်အတွင်း စက်ရုံများ ပိုမိုကျယ်ပြန့်စွာ လည်ပတ်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာ ဆိပ်ကမ်းများ၊ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများ လိုအပ်လျက်ရှိကြောင်း Myanmar Thilawa SEZ Holdings Public Co.,Ltd (MTSH) ဥက္ကဋ္ဌဦးဝင်းအောင်က ပြောကြားသည်။

Myanmar Thilawa SEZ Holdings Public Co.,Ltd (MTSH) အနေဖြင့် ဘက် စုံထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်စီမံကိန်း (Multimodal Logistic Hub) တစ်ခုဖြစ်လာစေရေးအတွက် ကြိုတင်လေ့လာမှုများ ဆောင်ရွက်နေကြောင်း MTSH ၏ ၂၀၁၈- ၂၀၁၉ Annual Report တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံ၏ ပြည်ပဖွံ့ဖြိုးမှု အကူအညီဖြင့် Thilawa Multipurpose International Terminal Co.,Ltd (TMIT) ဘက်စုံသုံး သီလဝါဆိပ်ကမ်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ဆိပ်ခံတံတား တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးခြင်း အခမ်းအနား ကျင်းပ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏ ထိပ်တန်းကုမ္ပဏီ တစ်ခုဖြစ်သည့် တိုယိုတာမှ သီလဝါအထူးစီးပွားရေးဇုန် တိုယိုတာမြန်မာ ကုမ္ပဏီလီမိတက်ကို ဒေါ်လာ ၅၂ ဒသမ ၆ သန်းဖြင့် ရင်းနှီးမြှုပ်နှံကာ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများ စတင်သည့် ၂၀၂၁ ခုနှစ်မှစတင်၍ တစ်နှစ်လျှင် Toyota Hilux အစီးရေ ၂၅၀၀ အား ထုတ်လုပ်သွားမည်ဖြစ်သည်။

တိုယိုတာ၏ ရင်းနှီးမြှုပ်နှံမှုနှင့်အတူ တိုယိုတာကား ထုတ်လုပ်ရာတွင် လိုအပ်သည့် စက်ပစ္စည်းများ အစိတ်အပိုင်းများကို ရောင်းချနေသည့် ကုမ္ပဏီများကိုပါ သီလဝါ အထူးစီးပွားရေးဇုန် အတွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံနိုင်အောင် ဆွဲဆောင်၍ စီးပွားရေးကွင်းဆက်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း ဦးဝင်းအောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ အထူးစီးပွားရေးဇုန် သုံးခုအနက် သီလဝါ အထူးစီးပွားရေးဇုန်သည် စီးပွားရေး အခွင့်အလမ်းကောင်း များစွာရှိပြီး အချက်အချာ ကျသည့်အတွက် ပုံမှန်တိုးတက်မှုရှိနေပြီး ဇုန်အတွင်း နိုင်ငံပေါင်း ၁၉ နိုင်ငံ၊ ကုမ္ပဏီပေါင်း ၁၀၈ ခု အထိ ရင်းနှီးမြှုပ်နှံ ထားလျက်ရှိကြောင်း မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ဇုန်တွင် ဝင်ရောက်လုပ်ကိုင်နေသည့် ကုမ္ပဏီများ၏ စျေးကွက်အခြေအနေမှာ ပြည်တွင်းစျေးကွက် ဦးစားပေး စက်မှုလုပ်ငန်းမှာ ရာခိုင်နှုန်း ၆၀ ရှိပြီး ပို့ကုန်ဦးစားပေး စက်မှုလုပ်ငန်း ရာခိုင်နှုန်း ၄၀ ရှိကာ ပြည်တွင်း စျေးကွက်အတွက် အဓိကထုတ်လုပ်သည့်လုပ်ငန်း ပိုမိုများပြားလာကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် စျေးကွက်အရကြည့်လျှင် ပို့ကုန်ဦးစားပေးစက် မှုလုပ်ငန်း ၃၆ ကုမ္ပဏီ၊ ပြည်တွင်းစျေးကွက် ဦးစားပေးစက်မှုလုပ်ငန်း ၆၀ ကုမ္ပဏီနှင့် အခြားကုမ္ပဏီတစ်ခုတို့ ဖြစ်ကြသည်။

ကနဦးတွင် ပို့ကုန်ဦးစားပေးစက်မှု လုပ်ငန်း ရာခိုင်နှုန်း ၇၀၊ ပြည်တွင်းစျေးကွက် ဦးစားပေးစက်မှုလုပ်ငန်း ရာခိုင်နှုန်း ၃၀ ဟူ ၍ ခန့်မှန်းခဲ့သော်လည်း လက်ရှိအချိန်တွင် ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်း ရာခိုင်နှုန်း ၄၀၊ ပြည်တွင်းစျေးကွက်ဦးစားပေး စက်မှု လုပ်ငန်းမှာ ရာခိုင်နှုန်း ၆၀ ဟူ၍ ပြည်တွင်း စျေးကွက် ဦးစားပေးစက်မှုလုပ်ငန်း၏ ရာခိုင်နှုန်းက ပိုများခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent