ပြည်ပနိုင်ငံများ၌ ဖြေရှင်းနေရသည့် ပြည်တွင်းစီးပွားရေးဆိုင်ရာ ပြဿနာများကို အနုညာတနည်းဖြင့် ဖြေရှင်းပေးမည့် Myanmar Arbitration Center စတင်ဖွင့်လှစ်လိုက်ပြီး ခုံသမာဓိအဖွဲ့ဝင်များ ဘက်လိုက်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူမည်ဟုဆို

ပြည်ပနိုင်ငံများ၌ ဖြေရှင်းနေရသည့် ပြည်တွင်းစီးပွားရေးဆိုင်ရာ ပြဿနာများကို အနုညာတနည်းဖြင့် ဖြေရှင်းပေးမည့် Myanmar Arbitration Center စတင်ဖွင့်လှစ်လိုက်ပြီး ခုံသမာဓိအဖွဲ့ဝင်များ ဘက်လိုက်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူမည်ဟုဆို
Myanmar Arbitration Center စတင်ဖွင့်လှစ်သည့် အခမ်းအနားကို သြဂုတ် ၃ ရက်က တွေ့ရစဉ်
Myanmar Arbitration Center စတင်ဖွင့်လှစ်သည့် အခမ်းအနားကို သြဂုတ် ၃ ရက်က တွေ့ရစဉ်
Published 3 August 2019
ဖြိုးဝေ

ပြည်တွင်းစီးပွားရေးဆိုင်ရာ ပြဿနာများကို ယခင်က ပြည်ပနိုင်ငံများသို့ သွားရောက် ဖြေရှင်းနေရမှုတွင် အခက်အခဲများစွာရှိခဲ့ပြီး လက်ရှိတွင် အဆိုပါ အခက်အခဲများ ကျော်လွှားနိုင်ရေးအတွက် ပြည်တွင်း၌ အနုညာတနည်းဖြင့် ဖြေရှင်းပေးမည့် Myanmar Arbitration Center စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို သြဂုတ် ၃ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပခဲ့ပြီး အဆိုပါ Myanmar Arbitration Center မှ ခုံသမာ ဓိအဖွဲ့ဝင်များ အနေဖြင့် ဘက်လိုက်ပြီး မရိုးမဖြောင့် လုပ်ဆောင်မှုများ ဆောင်ရွက်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ပြန်လည်တရားစွဲဆိုမည်ဟု ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဖွင့်ပွဲအခမ်းအနားတွင် သတိပေး ပြောကြားသည်။

“အရင်က စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ကုန်သည်လုပ်ငန်းရှင်တွေအကြား ဖြစ်ပွားခဲ့တဲ့ စီးပွားရေးဆိုင်ရာ အငြင်းပွားမှုတွေကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းဖျန်ဖြေပေးတဲ့ Mediation Mechanism တွေနဲ့ပဲ ကုန်သည်စက်မှု အသင်းချုပ်မှာ ညှိနှိုင်းဖျန်ဖြေရေး ကော်မတီ ဖွဲ့စည်းပြီး ဆောင်ရွက်ပေးခဲ့ရာက လက်ရှိမှာ အဆင့်တက်ပြီး စီးပွားရေးဆိုင်ရာ အငြင်းပွားမှုတွေကို အနုညာတနည်း (Arbitration) နဲ့ဖြေရှင်းပေးဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီလိုကြိုးပမ်းပေမယ့် Arbitration နည်းနဲ့ ဖြေရှင်းဖို့ Myanmar Arbitration Center မရှိတာ၊ Arbitrators တွေ မရှိတာကြောင့် ပြည်ပနိုင်ငံတွေမှာပဲ သွားရောက်ပြီး ဆောင်ရွက်ရတာကြောင့် ငွေကုန်ကြေးကျများတာ၊ တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်ဆုံးတာ၊ ဘာသာစကား အခက်အခဲတွေ ကြုံခဲ့ရပါတယ်။ အခုတော့ အဲဒါတွေကို ကျော်လွှားပြီး ပြည်တွင်းမှာ ဖြစ်ပေါ်တဲ့ အငြင်းပွားမှုတွေကို ပြည်တွင်းမှာပဲ အနုညာတနည်းနဲ့ ဖြေရှင်းနိုင်ဖို့အတွက် အသင်းချုပ်အနေနဲ့ ၂၀၁၇ ခုနှစ်ကစပြီး လုပ်ထုံးလုပ်နည်း ရေးဆွဲတာတွေကို အသင်းချုပ် အကြံပေးပုဂ္ဂိုလ် ဒေါက်တာမောင်မောင်သိမ်းနဲ့ စီးပွားရေးဆိုင်ရာ အငြင်းပွားမှုများ ညှိနှိုင်းဖျန်ဖြေရေး ကော်မတီဥက္ကဋ္ဌ ဦးနှင်းဦးတို့နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာပါ” ဟု ဦးဇော်မင်းဝင်းက ပြောကြားသည်။

စီးပွားရေးဆိုင်ရာ ပြဿနာများကို ညှိနှိုင်းဖြေရှင်းရန် အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေကို ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းခဲ့သော်လည်း လက်ရှိအချိန်မှသာ မြန်မာအနုညာတဗဟိုဌာန (Myanmar Arbitration Center) ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြန်မာအနုညာတ ဗဟိုဌာနနှင့် စပ်လျဉ်းသည့် ကုမ္ပဏီတစ်ခုကိုလည်း မှတ်ပုံတင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ် မတ် ၁၁ ရက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် Myanmar Arbitration Center Limited by Guarantee အဖြစ် ခွင့်ပြုချက် ရရှိခဲ့ကြောင်း သိရသည်။

“အနုညာတနည်းနဲ့ ဖြေရှင်းတဲ့အခါမှာ အဂတိလိုက်စားမှုကင်းတဲ့ ဘက်လိုက်မှုမရှိတဲ့ တည့်မတ်မှန်ကန်တဲ့ ခုံသမာဓိ လူကြီးတွေအဖြစ် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ခုံသမာဓိလူကြီးတွေအနေနဲ့ ဖြောင့်မတ်မှန်ကန်မှု မရှိဘဲ ဘက်လိုက်မှုရှိပြီး မရိုးမဖြောင့် လုပ်မှုတွေ ပေါ်ပေါက်လာရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ပြန်လည်တရားစွဲဆိုခံရမှာ ဖြစ်ပါတယ်” ဟု ဦးဇော်မင်းဝင်းက ဆိုသည်။      

ပြည်တွင်းစီးပွားရေးဆိုင်ရာ ပြဿနာများ ဖြေရှင်းရာတွင် အနုညာတ စီရင်ဆုံးဖြတ်ခြင်းနှင့် ပတ်သက်ပြီး အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေတွင် “အငြင်းပွားမှုကို ခုံသမာဓိ တစ်ဦးတည်းဖြင့် ဖြစ်စေ၊ ခုံသမာဓိ အဖွဲ့ဖြင့်ဖြစ်စေ အနုညာတ စီရင်ဆုံးဖြတ်ခြင်းဖြင့် စီရင်ဆုံးဖြတ်ခြင်းကို ဆိုသည်” ဟု ဖွင့်ဆိုထားပြီး ခုံသမာဓိ လူကြီးများဖြင့် ပြည်တွင်း၌ စီရင်ဆုံးဖြတ်ရန် အတွက်လည်း ခုံသမာဓိသင်တန်းကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ Myanmar Arbitration Center က အခုမှ စတုန်းပဲ ရှိပါသေးတယ်။ နိုင်ငံတကာစံချိန် မီမယ်လို့တော့ ကျွန်တော်တို့ မကြွေးကြော်ပါဘူး” ဟု ကုန်သည်စက်မှု အသင်းချုပ် အကြံပေးပုဂ္ဂိုလ် ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

 

Most Read

Most Recent