သီချင်းခိုးချမှုအတွက် ကေတီပယ်ရီနှင့် အခြားလူများ ဒေါ်လာ ၂.၈ သန်းပေးဆောင်ရန် ဂျူရီများ ဆုံးဖြတ်

သီချင်းခိုးချမှုအတွက် ကေတီပယ်ရီနှင့် အခြားလူများ ဒေါ်လာ ၂.၈ သန်းပေးဆောင်ရန် ဂျူရီများ ဆုံးဖြတ်
Published 3 August 2019

ကေတီပယ်ရီ၏ ၂၀၁၃ ခုနှစ်တွင် အောင်မြင်ခဲ့သော Dark Horse သီချင်းသည် ၂၀၀၉ ခုနှစ်တွင် ခရစ်ယာန် ရက်ပ်သီချင်းတစ်ပုဒ်အား ခိုးချထားသောကြောင့် ကေတီပယ်ရီ၊ ၎င်းနှင့် ပူးပေါင်းဆောင်ရွက်သူများသည် မူရင်းပိုင်ရှင်ထံ ဒေါ်လာ ၂.၇၈ သန်းကျော် ပေးဆောင်သင့်ကြောင်း ဖက်ဒရယ်ဂျူရီများက သြဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။

ယင်းသည် Flame ဟု တစ်ချိန်က မထင်မရှားရှိခဲ့သော ရက်ပ်ပါမားကပ်ဂရေ့အတွက် မထင်မှတ်ထားသည့် အောင်မြင်မှုဖြစ်ခဲ့သည်။ ဂရေ့သည် ထိုကိစ္စအတွက် တရားရုံးတွင် စိန်ခေါ်ခဲ့ပြီး ပယ်ရီနှင့် ထိုသီချင်းပူးတွဲရေးသားခဲ့သည့် ဂီတနယ်ပယ်မှ အခြားထိပ်တန်းပုဂ္ဂိုလ်ငါးဦးတို့ကို ရုံးတင်စစ်ဆေးရန် အမှုရင်ဆိုင်မှုသည် ငါးနှစ်ကြာမြင့်လာပြီဖြစ်သည်။ သို့သော် ထိုငွေပမာဏသည် ဂရေ့၏ရှေ့နေများနှင့် Joyful Noise သီချင်းအား ပူးတွဲရေးသားခဲ့သည့် အီမန်နျူရယ်လမ်းဘတ်နှင့် ချီကီအိုဂျူဝူတို့က တောင်းဆိုခဲ့သည့် ဒေါ်လာသန်း ၂၀ နီးပါးထက် အလွန်အမင်းနည်းပါးနေခဲ့သည်။

ပယ်ရီက ဂရေ့ထံ ဒေါ်လာ ၅၅၀၀၀၀ ကျော် ပေးဆောင်ရမည်ဖြစ်ပြီး ထိုသီချင်းအောင်မြင်မှုအတွက် အဓိကနေရာမှပါဝင်ခဲ့သည့် Capitol Records က ဒေါ်လာ ၁.၂ သန်းပေးဆောင်ရမည်ဖြစ်သည်။ Dark Horse သီချင်းမှ ဒေါ်လာ ၃၁ သန်းအထိ ရရှိခဲ့သော်လည်း ကုန်ကျစရိတ်နုတ်လိုက်ပါက အမြတ်ဒေါ်လာ ၆၃၀၀၀၀ သာရရှိခဲ့ကြောင်း Capitol Records ၏ ရှေ့နေများက တရားရုံးသို့ ပြောကြားခဲ့သည်။

ပေါ့ပ်၊ ဟစ်ဟော့နှင့် Trap ပုံစံများ ပေါင်းစပ်ထားသော Dark Horse သီချင်းသည် ကယ်လီဖိုးနီးယားဖွား အဆိုတော်ပယ်ရီအတွက် အလွန်အမင်းအောင်မြင်ခဲ့သည့် သီချင်းတစ်ပုဒ်ဖြစ်သည်။ ထိုသီချင်းသည် ၂၀၁၄ ခုနှစ် အစောပိုင်းတွင် Billboard ၏ 100 စာရင်း၌ သီတင်းပတ်လေးပတ်ကြာ ရပ်တည်ခဲ့ပြီး ပယ်ရီက နောက်ပိုင်းတွင် ထိုသီချင်းအား Super Bowl ၌ ဖျော်ဖြေခဲ့သည်။

စိန့်လူးဝစ်ဖွား ဂရေ့က ၂၀၁၄ ခုနှစ်တွင် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ရုံးတင်စစ်ဆေးမှုတွင် သီချင်းနှင့် ငွေကြေးကိစ္စများကို နှစ်ပိုင်းခွဲ၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

တရားရုံးကြားနာစစ်ဆေးမှု၏ ပထမနေ့တွင် ပယ်ရီက မျက်မြင်သက်သေအဖြစ် ထွက်ဆိုခဲ့ပြီး နောက်ပိုင်းရုံးချိန်းတွင် တက်ရောက်ခဲ့ခြင်းမရှိတော့ပေ။ ထိုသီချင်းအား ပူးတွဲရေးသားသူများသည်လည်း နောက်ပိုင်းတွင် တရားရုံး၌ ထွက်ဆိုခဲ့ကြသည်။

ပယ်ရီက တရားစွဲခံရချိန်အထိ ဂရေ့ သို့မဟုတ် Flame သို့မဟုတ် ၎င်း၏မူလသီချင်း Joyful Noise တို့ကို ကြားပင် မကြားဖူးကြောင်း ပြောကြားခဲ့သည်။ ထိုဆုံးဖြတ်ချက်အား အခိုင်အမာတုံ့ပြန်သွားရန် စီစဉ်နေကြောင်း ပယ်ရီ၏ရှေ့နေ ခရစ္စတင်းလီပီရာက ပြောကြားခဲ့သည်။ Dark Horse သီချင်းအား ပူးတွဲရေးသားသူများက ထိုဆုံးဖြတ်ချက်သည် အတုအယောင် တရားမျှတမှုဟု ပြောကြားခဲ့ကြောင်း လီပီရာက ပြောကြားခဲ့သည်။

Most Read

Most Recent