ကုန်ထုတ်လုပ်မှု၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ဟိုတယ်နှင့် အိမ်ရာအဆောက်အအုံ စသည့်ကဏ္ဍလေးခုတွင် ဒေါ်လာ သန်း ၁၀၀ ကျော်နှင့် ကျပ်ဘီလျံ ၁၁၀ ကျော်တန်ဖိုးရှိ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခု MIC ထပ်မံခွင့်ပြု

ကုန်ထုတ်လုပ်မှု၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ဟိုတယ်နှင့် အိမ်ရာအဆောက်အအုံ စသည့်ကဏ္ဍလေးခုတွင် ဒေါ်လာ သန်း ၁၀၀ ကျော်နှင့် ကျပ်ဘီလျံ ၁၁၀ ကျော်တန်ဖိုးရှိ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခု MIC ထပ်မံခွင့်ပြု
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးကျင်းပနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-DICA)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးကျင်းပနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-DICA)
Published 1 August 2019
ဇေယျာငြိမ်း

ကုန်ထုတ်လုပ်မှု၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ဟိုတယ်နှင့် အိမ်ရာအဆောက်အအုံ ကဏ္ဍလေးခုတွင် ဒေါ်လာသန်း ၁၀၀ ကျော် နှင့် ကျပ်ဘီလျံ ၁၁၀ ကျော်တန်ဖိုးရှိ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခုကို ထပ်မံခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သိရသည်။

ဇူလိုင် ၃၁ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၂/ ၂၀၁၉) အကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် အိမ်ရာအဆောက်အအုံ ကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုးခုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ယင်းလုပ်ငန်းကိုးခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ၁၇၂ သန်းနှင့် ကျပ် ၁၁၀၇၀၃ ဒသမ ၈၀၀ သန်း (ကျပ်ဘီလျံ ၁၁၀ ဒသမ ၇၀၃) အထိရှိသည်။ ယင်းလုပ်ငန်းကိုးခုမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၀၀၀ ကျော်အထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများ ဝင်ရောက်မှုမြင့်တက်နေပြီး အိမ်ခြံမြေနှင့်အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းများ ဝင်ရောက်မှုအနည်းငယ် တန့်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

“ကဏ္ဍအလိုက်ဆိုရင် အခုနောက်ပိုင်းမှာ ကုန်ထုတ်လုပ်မှုနဲ့ စက်မှုလုပ်ငန်းတွေတက်လာပါတယ်။ အိမ်ခြံမြေနဲ့ အိမ်ရာဆောက်လုပ်ရေးက နည်းနည်းတန့်နေပါတယ်” ဟု ဦးသန့်စင်လွင်က ပြောကြားသည်။

ပြီးခဲ့သည့် ငါးနှစ်ဝန်းကျင်ခန့်တွင် မြန်မာနိုင်ငံသို့ ရေအားလျှပ်စစ်နှင့် သဘာဝဓာတ် ငွေ့လုပ်ငန်းကဏ္ဍ၌ အများဆုံးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ် ပတ်ဝန်းကျင်ကို သွားကြည့်လိုက်ရင် ရင်းနှီးမြှုပ်နှံမှုက Double ဖြစ်သွားတာရှိတယ်။ အဲဒီဟာက ဘာလဲဆိုရင် ရေအားလျှပ်စစ်လို နောက်တစ်ခါ သဘာဝဓာတ်ငွေ့လို ဒီလိုမျိုးဝင်လာတာ။ အခုတရုတ်ကနေ CMP လုပ်ငန်းတွေ တိုးလာတာကျတော့ CMP လုပ်ငန်းတစ်ခုက ဒေါ်လာငါးသန်း၊ ခြောက်သန်းလောက်ပဲရှိတယ်။ သိပ်မများဘူး။ ဒီလုပ်ငန်းလေးတွေ တိုးလာတာကျတော့လည်း တိုးတာတော့တိုးတယ် Volume (ပမာဏအရ) သိပ်မသိသာပဲနဲ့ Data (အချက်အလက်အရ) သိသာတယ်။ တချို့အပိုင်းက တိတိကျကျပြောလို့ရသလို တချို့အပိုင်းက ပြောလို့မရဘူး” ဟု DICA မှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဆိုသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၉ ဇွန်လအကုန်အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံမှ စီးပွားရေးလုပ်ငန်း ကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံမ ှုလုပ်ငန်းပေါင်း ၁၇၅၂ ခု ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၈၉၂ ဘီလျံကျော်အထိရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရရှိသောစာရင်းများအရ သိရသည်။

ကဏ္ဍအလိုက် အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံထားမှုမှာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတို့ဖြစ်ကြောင်း သိရသည်။