မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ လေးလအတွင်း တိုးတက်နှုန်းအနည်းဆုံးဖြစ်လာပြီး လျှပ်စစ်ဓာတ်အားခ မြင့်တက်မှုကြောင့် ထည့်သွင်းကုန်စျေးနှုန်းများ မြင့်တက်လာကာ ၂၀၁၉ ခုနှစ် နှစ်ဆန်းထက် ငွေကြေးဖောင်းပွမှုဖိအား ပိုမိုပြင်းထန်လာ

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ လေးလအတွင်း တိုးတက်နှုန်းအနည်းဆုံးဖြစ်လာပြီး လျှပ်စစ်ဓာတ်အားခ မြင့်တက်မှုကြောင့် ထည့်သွင်းကုန်စျေးနှုန်းများ မြင့်တက်လာကာ ၂၀၁၉ ခုနှစ် နှစ်ဆန်းထက် ငွေကြေးဖောင်းပွမှုဖိအား ပိုမိုပြင်းထန်လာ
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 1 August 2019
စည်သူအောင်

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ လေးလအတွင်း တိုးတက်နှုန်းအနည်းဆုံးဖြစ်လာပြီး လျှပ်စစ်ဓာတ်အားခမြင့်တက်မှုကြောင့်  ထည့်သွင်းကုန်စျေးနှုန်းများ မြင့်တက်လာကာ ၂၀၁၉ နှစ်ဆန်းထက် ငွေကြေးဖောင်းပွမှုဖိအားပိုမိုပြင်းထန်လာကြောင်း ၂၀၁၉ ခုနှစ် ဇူလိုင်လအတွက်ထုတ်ပြန်သော နစ်ကေး မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index-ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။

မြန်မာနိုင်ငံအတွင်း ထုတ်လုပ်ရေးကုမ္ပဏီများသည် ဇူလိုင်လတွင် တိုးတက်မှုရှိခဲ့သည်ဟုဆိုနိုင်သော်လည်း လုပ်ငန်းဆိုင်ရာ ဘက်စုံအခြေအနေများ တိုးတက်မှုမှာ မတ်လမှစပြီး အနှေးဆုံးဖြစ်သည်။ ယင်းအချက်မှာ လုပ်ငန်းသစ်များ၏ ပမာဏတိုးလာမှု ပိုမိုအားနည်းလာခြင်းနှင့် နောက်ဆုံးစစ်တမ်းကာလအတွင်း လက်ကျန်စာရင်းများဆိုင်ရာ မဟာဗျူဟာကို ပိုမိုသတိထားကျင့်သုံးလာမှု၏ ရောင်ပြန်ဟပ်မှုဖြစ်သည်။

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်းသည် ဇွန်တွင် ၅၃ ရှိရာမှ ဇူလိုင်တွင် ၅၂ ဒသမ ၉ သို့ နိမ့်ကျသွားပြီး လေးလအတွင်း ထုတ်လုပ်မှုအခြေအနေဦးမော့နိုင်မှု အနည်းဆုံးဖြစ်ကြောင်း အချက်ပြနေသည်။ အော်ဒါသစ်များမှာ မတ်လမှစပြီး အနှေးဆုံးအရှိန်ဖြင့် တိုးလာခဲ့ပြီး ဝယ်သူများဘက်မှ ဝယ်လိုအားပျော့လာခြင်းနှင့် ဖောက်သည်များအကြား ဘတ်ဂျက်စည်းကမ်းများ ပိုမိုတင်းကျပ်စွာ သုံးလာခြင်းတို့မှ ထင်ဟပ်နေခြင်းဖြစ်သည်။ သို့သော်လည်း ထုတ်လုပ်မှုပမာဏများမှာမူ ဇူလိုင်တွင် အားတက်ဖွယ်တိုးလာခဲ့ပြီး တိုးတက်မှုနှုန်းမှာ ၁၅ လအတွင်း အမြင့်ဆုံးဖြစ်လာသည်။

ပိုမိုသင့်တော်သော ထုတ်လုပ်ရေးမဟာဗျူဟာကို ကျင့်သုံးရန် အားထုတ်မှုမှာ ဇူလိုင်လတွင် ကုန်ကြမ်းများကို စောင့်မျှော်ခဲ့ရသည့် အချိန်များ တိုးလာခြင်းကြောင့် အဟန့်အတား ဖြစ်ခဲ့သည်။

ပစ္စည်းပေးသွင်းရေးကွင်းဆက်များ ကြန့်ကြာလာခြင်းက ဇူလိုင်လ၏ ထုတ်လုပ်ရေးစရိတ်စကများကို မြှင့်တင်ရန် ဖိအားပေးလာကြသည်။ နောက်ဆုံးဒေတာက ထည့်သွင်းကုန်စျေးနှုန်းများ အရှိန်ပြင်းစွာ မြင့်တက်လာကြောင်း ဖော်ပြနေပြီး အဘက်ဘက်မှ ငွေကြေးဖောင်းပွမှုမှာ ၂၀၁၉ နှစ်ဆန်းပိုင်းထက် များစွာမြင့်မားလာသည်။ ထုတ်လုပ်သူများစွာတို့က လျှပ်စစ်ဓာတ်အားအတွက် ပေးရသည့် ငွေတောင်းခံလွှာများ မြင့်တက်လာမှုက ၎င်းတို့၏ ပျမ်းမျှရောင်းစျေးကို မြှင့်တင်စေခဲ့သည်ဟု ထောက်ပြကြသည်။

ယင်းအတောအတွင်း ထုတ်လုပ်ရေး ကုမ္ပဏီများ၏ ရောင်းစျေးများမှာ ဇူလိုင်လတွင် အသင့်အတင့်တိုးတက်လာပြီး စက်ရုံရောင်းစျေးများမှာ ခြောက်လဆက်တိုက် မြင့်တက်လာခဲ့ကာ မြင့်တက်လာသည့် စရိတ်စကများကို ဝယ်သူများထံသို့ လွှဲဖို့ချလျက် လုပ်ငန်းဆိုင်ရာ အမြတ်အစွန်းများကို ကာကွယ်လိုခြင်းအပေါ် ထင်ဟပ်နေသည်။

အနာဂတ်သို့မျှော်ကြည့်လျှင် ထုတ်လုပ်သူတို့သည် လာမည့် ၁၂ လအတွင်း ၎င်းတို့၏ တိုးတက်မှုအလားအလာနှင့်ပတ်သက်၍ အကောင်းမြင်နေဆဲဖြစ်သည်။

အဆိုပါစစ်တမ်းကို ပြုစုပေးသည့် IHS Markit မှ စီးပွားရေးဆိုင်ရာပူးတွဲညွှန်ကြားရေးမှူး Tim Moore က “မြန်မာနိုင်ငံက ထုတ်လုပ်သူတွေ အော်ဒါသစ်ရရှိမှု အားပျော့လာတာက ထုတ်လုပ်ရေးပမာဏတွေ အခိုင်အမာအရှိန်ရလာတာကို ချေဖျက်လိုက်တာကြောင့် ဇူလိုင်လတွင် နောက်ထပ်အရှိန်အဟုန်ဆုံးရှုံးမှုကို ကြုံတွေ့ခဲ့ပါတယ်” ဟု ပြောကြားသည်။ ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးထားခြင်းဖြစ်သည်။

                                          

ပြီးခဲ့သည့် ၁၂ လအတွင်း မြန်မာနိုင်ငံ၏ ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း

သြဂုတ်           -၄၆ ဒသမ ၄

စက်တင်ဘာ     -၄၇ ဒသမ ၅

အောက်တိုဘာ  -၄၈ ဒသမ ၀

နိုဝင်ဘာ         -၅၁ ဒသမ ၃

ဒီဇင်ဘာ         -၅၂ ဒသမ ၅

ဇန်နဝါရီ                    -၅၁ ဒသမ ၉

ဖေဖော်ဝါရီ       -၅၃ ဒသမ ၁

မတ်               -၅၂ ဒသမ ၄

ဧပြီ                -၅၃ ဒသမ ၇

မေ                -၅၄ ဒသမ ၂

ဇွန်      -         ၅၃ ဒသမ ၀

ဇူလိုင်   -         ၅၂ ဒသမ ၉

Most Read

Most Recent