
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွင်း ပြည်ထောင်စုဝန်ကြီးဌာန ၁၂ ခုနှင့် အဖွဲ့အစည်း နှစ်ခုတို့မှ ပြည်ပအကူအညီ အထောက်အပံ့နှင့် နည်းပညာအကူအညီ (Grant) စာရင်းအရ စီမံချက် ၃၅ ခုနှင့် စီမံချက်တန်ဖိုး ဒေါ်လာ ၁၂၀ ဒသမ ၃၄၅ သန်း ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်ထောင်စုဝန်ကြီးဌာနများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စီမံချက်အရေအတွက် သုံးခုအတွက် ဒေါ်လာ ၄၁ ဒသမ ၁၇၃ သန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ စီမံချက် နှစ်ခုအတွက် ဒေါ်လာ ၃ ဒသမ ၃၁၉ သန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စီမံချက်တစ်ခုအတွက် ဒေါ်လာ ၄ ဒသမ ၉၀၁ သန်း၊ ပညာရေးဝန်ကြီးဌာနမှ စီမံချက် ခုနစ် ခုအတွက် ဒေါ်လာ ၀ ဒသမ ၉၀၇ သန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စီမံချက်တစ်ခုအတွက် ဒေါ်လာ တစ်သန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ စီမံချက်တစ်ခုအတွက် ဒေါ်လာ ၀ ဒသမ ၃၀၃ သန်း၊ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စီမံချက် နှစ်ခုအတွက် ဒေါ်လာ ၁ ဒသမ ၀၉၀ သန်း တို့ပါဝင်သည်။
ထို့ပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စီမံချက် နှစ်ခုအတွက် နည်းပညာ အကူအညီကို လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စီမံချက် လေးခုအတွက် ဒေါ်လာ ၃ ဒသမ ၂၁၇ သန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ စီမံချက် ငါးခုအတွက် ဒေါ်လာ ၆ ဒသမ ၂၁၀ သန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ စီမံချက် လေးခုအတွက် ဒေါ်လာ ၄ ဒသမ ၀၃၂ သန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ စီမံချက် တစ်ခုအတွက် ဒေါ်လာ ၅၄ ဒသမ ၁၉၃ သန်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ စီမံချက် တစ်ခုအတွက် နည်းပညာအကူအညီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စီမံကိန်းတစ်ခုအတွက် နည်းပညာအကူအညီ စသည်ဖြင့် စီမံချက် ၃၅ ခုအ တွက် စုစုပေါင်းဒေါ်လာ ၁၂၀ ဒသမ ၃၄၅ သန်း ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ မှ မတ်လအထိ ခြောက်လအတွင်း ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ မှ ဒေါ်လာ ၅၃၄ သန်းကျော်ဖြင့် မဟာမဲခေါင်ဒေသခွဲအတွင်းရှိ လမ်းမကြီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အပါအဝင် စီမံကိန်း လေးခုအတွက် ချေးငွေများ ရရှိရန် လက်မှတ်ရေးထိုး စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း ငွေတိုက်ဦးစီးဌာနမှ ထုတ်ပြန်ချက်ကို ကိုးကား၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ စီမံကိန်းများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အကောင်အထည်ဖော်မည့် ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် စီမံကိန်းအတွက် ADB ထံမှ ဒေါ်လာ ၄၀ ဒသမ ၅၀၀ သန်းရှိ ချေးငွေစာချုပ်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြထားသည်။