အိုင်ဒီယိုလိုဂျီဟူသည် . . .

အိုင်ဒီယိုလိုဂျီဟူသည် . . .
Published 31 July 2019

အိုင်ဒီယိုလိုဂျီတစ်ခုဟူသည် လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူအုပ်စုတစ်စုက သိမှု သို့မဟုတ် ခိုင်မာမှုအဆင့်တို့နှင့် သက်ဆိုင်ခြင်းသက်သက်ထက်ပိုသော အကြောင်းတရားများအတွက် ဆုပ်ကိုင်ထားသော စံပြု ယုံကြည်ချက်နှင့် တန်ဖိုးများ၏ အစုအဝေး ကြီးတစ်ရပ် ဖြစ်သည်။ တစ်နည်းဆိုသော် ၎င်းတို့သည် အချက်အလက်ဆိုင်ရာ အခြေခံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရှိတရားနှင့် ပတ်သက်သော အခြေခံထင်မြင်ယူဆထားချက်များ ဖြစ်ကြသည်။ နိုင်ငံရေးဆိုင်ရာ အိုင်ဒီယိုလိုဂျီတစ်ခုသည် လူတစ်ဦးအနေဖြင့် ယင်းမှတစ်ဆင့် ဖြတ်သန်းကာ လောကကို ရှုမြင်သည့် မှန်ဘီလူးတစ်ခုအဖြစ် စိတ်ကူးသဘောတရား အစုအဝေးများ ပေါင်းစုသွားခြင်းရလဒ်အဖြစ် ထွက်ပေါ်လာသည်။ တစ်နည်းဆိုသော် အိုင်ဒီယိုလိုဂျီတစ်ခုကို စိတ်ပိုင်းဆိုင်ရာအမြင်တစ်ရပ် သို့မဟုတ် ရှုထောင့်တစ်ရပ်ဟု ယူဆနိုင်သည်။ ၎င်းင်းတို့၏ အမြင်အမျိုးမျိုးမှနေ၍ အိုင်ဒီယိုလိုဂျီများကို ဆုပ်ကိုင်ထားကြသူများသည် မိမိတို့ကိုယ်ကိုယ် မိမိတို့ ပြန်လည်ရှာဖွေနေသည့် လောကကြီးကို နားလည်သဘောပေါက်နိုင်ရန် ရည်ရွယ်ကြသည်။ အိုင်ဒီယိုလိုဂျီအားလုံးသည် ယင်းအမြင်ဆိုင်ရာ လုပ်ငန်းဆောင်တာများကို အများလက်ခံထားသော သီးခြားနည်းလမ်းလေးရပ်စီဖြင့် ဆောင်ရွက်ကြသည်။

အိုင်ဒီယိုလိုဂျီတစ်ရပ်သည် လူမှုရေးဆိုင်ရာ အခြေနေရပ်များကို ရှင်းပြကာ အကဲဖြတ်သည့်၊ လူ့အဖွဲ့အစည်းအတွင်း လူများအား မိမိတို့၏ နေရာကို နားလည်သဘောပေါက်နိုင်ရန် ကူညီပေးသည့်၊ လူမှုရေးဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ လုပ်ဆောင်ချက်များအတွက် အစီအစဉ်တစ်ရပ်ကို ထောက်ပံ့သည့် ကျိုးကြောင်းညီညွတ်ပြီး ပြည့်စုံလုံလောက်မှုရှိသော စိတ်ကူးသဘောတရားအစုအဝေးကြီး ဖြစ်သည်။ လူတို့သည် ကမ္ဘာလောကကြီးနှင့် ပတ်သက်၍ အိုင်ဒီယိုလိုဂျီများမှတစ်ဆင့် ဖွင့်ဆိုရှင်းပြခြင်းနှင့် ဆောင်ရွက်ခြင်းအမှုတို့ကို ပြုကြသည်။ နိုင်ငံရေးဆိုင်ရာ သဘောတရားရေးရာပညာရှင် တာရန့်စ်ဘောနှင့် ရစ်ချက်ဒက်ဂါတို့က အိုင်ဒီယိုလိုဂျီ၏ လုပ်ငန်းဆောင်တာလေးရပ်ကို ဖွင့်ဆိုခဲ့ကြသည်။

ရှင်းပြခြင်း - အိုင်ဒီယိုလိုဂျီတစ်ရပ်သည် အထူးသဖြင့် အကျပ်အတည်းတွေ့သည့် အချိန်များအတွင်း လူမှုရေးဆိုင်ရာ နိုင်ငံရေးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အခြေအနေရပ်များ ဖြစ်တည်လာပုံကို ရှင်းပြသည်။ အခြားသူများအား မိမိတို့၏ အိုင်ဒီယိုလိုဂျီကို လက်ခံလာအောင် ဆွဲဆောင်သိမ်းသွင်းရန် ကြိုးပမ်းသည့် လူများအား အိုင်ဒီယိုလော့ဂ်များဟု ခေါ်ဆိုလေ့ရှိသည်။

အကဲဖြတ်ခြင်း - အိုင်ဒီယိုလိုဂျီတစ်ရပ်သည် လူမှုရေးဆိုင်ရာ အခြေနေရပ်များကို အကဲဖြတ်ရန်အတွက် စံသတ်မှတ်ချက်များကိုပေးသည်။ သက်ဆိုင်ရာကိစ္စများ အဘယ်ကြောင့်ဖြစ်ပွားရသနည်းဟူသည်ကို ရှင်းပြရန်နှင့် ယင်းအရာများ ကောင်းသလား၊ ဆိုးသလားဟူသည်ကို ဆုံးဖြတ်ရန်တို့အကြား ကွဲပြားခြားနားချက်တစ်ရပ် ရှိစေသည်။

ပတ်ဝန်းကျင်နှင့် အသားကျအောင် ပြုလုပ်ခြင်း - အိုင်ဒီယိုလိုဂျီတစ်ရပ်သည် ၎င်းအား ဆုပ်ကိုင်ထားသူကို ပတ်ဝန်းကျင်နှင့် အသားကျအောင် ပြုလုပ်မှုနှင့် မိမိမည်သူမည်ဝါ ဖြစ်သည်ဟူသည့် အသိတစ်ရပ်ကိုပေးသည်။ မိမိ ပါဝင်ပတ်သက်ရာအုပ်စု (လူမျိုး၊ နိုင်ငံ၊ ကျား/မ အစရှိသဖြင့်) နှင့် ကမ္ဘာလောကကြီး၏ ကျန်အစိတ်အပိုင်းနှင့် မိမိတို့ ဆက်နွှယ်နေပုံတို့ကို ပေးသည်။

နိုင်ငံရေးဆိုင်ရာ အစီအစဉ်တစ်ရပ်ချမှတ်ခြင်း - အိုင်ဒီယိုလိုဂျီတစ်ရပ်သည် မိမိ၏ နောက်လိုက်များအား မည်သည့်အရာကို လုပ်ရမည်၊ ယင်းအရာကို မည်သို့မည်ပုံ လုပ်ရမည်ကို ပြောပြသည်။ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆောင်ရွက်ချက်နှင့်ပတ်သက်၍ အထွေထွေအစီအစဉ်တစ်ရပ်ကို ချမှတ်ခြင်းအားဖြင့် အစီအစဉ်ချထားသော သို့မဟုတ် ပြဋ္ဌာန်းထားသော လုပ်ငန်းဆောင်တာတစ်ရပ်ကို ဆောင်ရွက်ပေးသည်။

မည်သို့ပင်ဆိုစေ၊ လူတို့သည် အိုင်ဒီယိုလိုဂျီတစ်ရပ်မှတစ်ဆင့် ဖြတ်သန်း၍သာ လောကကို ရှုမြင်ကြခြင်းဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင် ၃၁ ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

Most Read

Most Recent