လူမှုကွန်ရက်တွေရဲ့ လွှမ်းမိုးမှုကနေ ရုန်းထွက်ပြီး ဒစ်ဂျစ်တယ်သတင်းစာတွေ ခေတ်စားလာမလား

လူမှုကွန်ရက်တွေရဲ့ လွှမ်းမိုးမှုကနေ ရုန်းထွက်ပြီး ဒစ်ဂျစ်တယ်သတင်းစာတွေ ခေတ်စားလာမလား
 နံနက်ခင်းအချိန်၌ မိုဘိုင်းဖုန်းတွင်ဖွင့်ထားသော ဒီဂျစ်တယ်သတင်းစာတစ်စောင်ကို တွေ့ရစဉ် (ဓာတ်ပုံ - နေဝန်းထက်)
နံနက်ခင်းအချိန်၌ မိုဘိုင်းဖုန်းတွင်ဖွင့်ထားသော ဒီဂျစ်တယ်သတင်းစာတစ်စောင်ကို တွေ့ရစဉ် (ဓာတ်ပုံ - နေဝန်းထက်)
Published 28 July 2019
နေဝန်းထက်

၂၀၁၉ ခုနှစ် ဧပြီ ၂၁ရက်က သီရိလင်္ကာနိုင်ငံမှာ လူဦးရေ ၃၀၀ လောက် သေကျေပျက်စီးခဲ့တဲ့ ဘုရားကျောင်း အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီအကြည်းတန်တဲ့ ဖြစ်ရပ်ဆိုးအပြီးမှာတော့ သီရိလင်္ကာအစိုးရက Facebook, WhatsApp, Youtube, Viber စတဲ့ လူမှုကွန် ရက်တွေကို ခေတ္တပိတ်ပစ်ခဲ့ပါတယ်။ ဒီလိုပိတ်ပစ်ခဲ့ရတာက လူမှုကွန်ရက်တွေကတစ်ဆင့် အမုန်းစကားတွေ၊ သတင်းအမှားတွေ ပိုမိုပျံ့နှ့ံလာမှာကို စိုးရိမ်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သီရိလင်္ကာအစိုးရက အကြောင်းပြချက်ပေးခဲ့ပါတယ်။

၂၀၁၉ခုနှစ် ဇွန်လအတွင်းကလည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိမြို့နယ် ရှစ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ အစိုးရက အင်တာနက်လိုင်းများ ပိတ်ပစ်ခဲ့ပါတယ်။ ဒီလိုပိတ်ပစ်ခဲ့ရတာက အစိုးရအနေနဲ့ လူမျိုးရေးမုန်းတီးမှုများ လျော့ကျရေးအတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ တပ်မတော်အပါအဝင် ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက သုံးသပ်ခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အဲဒီဒေသတွေမှာ အင်တာနက် လူမှုကွန်ရက်အသုံးပြုမှုတွေကတစ်ဆင့် အမုန်းစကားတွေ၊ သတင်းအမှားတွေ ပိုမိုပျံ့နှံ့လာခြင်းမရှိစေရန် အစိုးရက အင်တာနက်လိုင်းဖြတ်ခဲ့ခြင်း ဖြစ်နိုင်တယ်လို့ တစ်ဖက်က သုံးသပ်ကြသလို အခြားတစ်ဖက်ကလည်း ဒီလိုမျိုး ပြုလုပ်ခြင်းဟာ လူ့အခွင့်အရေးကို တစ်စိတ်တစ်ပိုင်း ချိုးဖောက်ခြင်းဖြစ်တယ်လို့ ယူဆမှုတွေ ပြောကြားမှုတွေ ရှိခဲ့တာကတော့ အမှန်ပါပဲ။ သီရိလင်္ကာအစိုးရနဲ့ မြန်မာအစိုးရက လူမှုကွန်ရက်တွေ၊ အင်တာနက် အသုံးပြုမှုတွေကို အမုန်းစကားတွေ၊ သတင်းအမှားတွေအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။ အစိုးရတွေအနေနဲ့ ဒီလူမှုကွန်ရက်တွေအပေါ်မှာ ဘာဖြစ်လို့ စိုးရိမ်တကြီးနဲ့ တုံ့ပြန်မှုတွေ ပြုလုပ်နေလဲဆိုတာကို သုံးသပ်ကြည့်ရင်း ဒါတွေအတွက် ဘယ်လိုမျိုးအဖြေရှာရမလဲဆိုတာကို သုံးသပ်ကြည့်ဖို့လိုလာပါပြီ။

လူမှုကွန်ရက်တွေက သတင်းအမှားတွေနဲ့ ပြည့်နှက်နေတဲ့နေရာတွေ ဖြစ်လာနေပြီလား

The CIGI- Ipsos Global Survey က မြောက်အမေရိက၊ လက်တင်အမေရိက၊ ဥရောပ၊ အာရှ-ပစိဖိတ်၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကက နိုင်ငံပေါင်း ၂၄ နိုင်ငံကျော်မှာရှိတဲ့ အင်တာနက် အသုံးပြုသူ ၂၅၀၀၀ ကျော်ထံမှနေပြီး အင်တာနက်လုံခြုံမှု၊ ယုံကြည်စိတ်ချရမှုအတွက် စစ်တမ်းတစ်ခုကို ငါးနှစ်ကြာ ကောက်ခံခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ စတင်ကောက်ခံခဲ့တဲ့ ဒီစစ်တမ်းကို ၂၀၁၉ ခု နှစ်အတွင်းမှာ ထုတ်ပြန်ပေးခဲ့ပါတယ်။

အဲဒီ စစ်တမ်းအရ အင်တာနက်အသုံးပြုသူတွေရဲ့ ၈၆ ရာခိုင်နှုန်းက လူမှုကွန်ရက် အသုံးပြုတွေမှတစ်ဆင့် သတင်းအမှားတွေကို အနည်းဆုံးတစ်ကြိမ်လောက်တော့ ကြုံတွေ့ခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒါ့အပြင် ၄၄ ရာခိုင်နှုန်းသော အင်တာနက်အသုံးပြုသူတွေကတော့ အဲဒီလို သတင်းအမှားတွေကို မကြာခဏဆိုသလို ကြုံတွေ့ခဲ့ရတယ်လိုဆိုကြပြီး ၁၄ ရာခိုင်နှုန်းလောက်ကသာ သတင်းအမှားတွေရဲ့ မလိမ့်တပတ်လုပ်မှုတွေကို ကျော်လွှားနိုင်ခဲ့တယ်လို့သိရပါတယ်။

များစွာသော လူမှုကွန်ရက်တွေထဲကမှ Facebook ဟာဆိုရင် သတင်းအမှားတွေ ပျံ့နှ့ံရာ ရင်းမြစ်တစ်ခုအဖြစ် သတ်မှတ်လာကြပြီး စစ်တမ်းမှာပါဝင်ခဲ့တဲ့ အင်တာနက်အသုံးပြုသူတွေထဲကမှ Facebook အသုံးပြုသူ ၇၇ ရာခိုင်နှုန်းက သတင်းအမှားတွေဟာ Facebook မှာ ပျံ့နှံ့နေတယ်လို့ ယုံကြည်ကြပြီး Twitter အသုံးပြုသူ ၆၂ ရာခိုင်နှုန်းနဲ့ အခြားသော လူမှုကွန်ရက် အသုံးပြုသူတွေရဲ့ ၇၄ ရာခိုင်နှုန်းကလည်း သူတို့အသုံးပြုနေတဲ့ လူမှုကွန်ရက်တွေဟာ သတင်းအမှားတွေဖြစ် တည်နေတဲ့နေရာတွေအဖြစ် သတ်မှတ်ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းမှာတော့ Twitter အသုံးပြုသူရဲ့ ၁၀ ရာခိုင်နှုန်းက သူတို့ရဲ့ အကောင့်တွေကို ပိတ်ပစ်ခဲ့ကြပြီး Facebook အသုံးပြုသူတွေရဲ့ ကိုးရာခိုင်နှုန်းကလည်း အလားတူ သူတို့ရဲ့ အကောင့်တွေကို ဆက်လက်အသုံးပြုကြခြင်း မရှိဘူးလို့ သိရပါတယ်။ ဒီလိုအသုံးမပြုရခြင်းရဲ့အကြောင်းရင်းကတော့ သတင်းအမှားတွေကြောင့်လည်းဖြစ်ပါတယ်။

4t6a2899.jpg

ယခင်က စျေးကွက်ကျယ်ပြန့်ခဲ့သည့် သတင်းစာ၊ ဂျာနယ်ဖြန့်ချိရေးဆိုင်များကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၂၀၁၈ ခုနှစ် နိုဝင်ဘာမှာ အမေရိကန်နာမည်ကြီး မီဒီယာတစ်ခုဖြစ်တဲ့ Forbes က လူမှုကွန်ရက်တွေက အမျိုးမျိုးသော သတင်းတွေနဲ့ ပတ်သက်ပြီးတော့ သုံးသပ်ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ပါတယ်။ Nicole Martin ရေးသားခဲ့တဲ့ ဒီဆောင်းပါးမှာတော့ လူဦးရေ သန်း ၂၄၀၀ ကျော်လောက်ရှိတဲ့ အင်တာနက်အသုံးပြုသူတွေအတွက် လူမှုကွန်ရက်တွေက အဓိကသတင်းရင်းမြစ်တွေ ဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအင်တာနက် အသုံးပြုသူတွေထဲကမှ ၆၄ ဒသမ ၅ ရာခိုင်နှုန်းလောက်က ထူးခြားသတင်းဖြစ်စဉ်တွေကို Facebook. YouTube, Snapchat and Instagram စတဲ့ လူမှုကွန်ရက်တွေကနေတစ်ဆင့် လက်ခံရရှိနေတယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် သူတို့ရဲ့လေ့လာတွေ့ရှိမှုတွေအရ အင်တာနက်အသုံးပြုသူတွေရဲ့ ထက်ဝက်လောက်က နောက်ဆုံးရသတင်းတွေကို သတင်းဌာနတစ်ခုခုက ထုတ်ပြန်ခြင်းမရှိခင် လူမှုကွန်ရက်တွေကနေတစ်ဆင့် သိရှိနေတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုးသိရှိပြီးတဲ့နောက်မှာတော့ သူတို့တွေဟာ ပိုမိုပြီးသိလိုတဲ့ အချက်အလက်တွေအတွက် သတင်းဌာနတွေရဲ့ ဖော်ပြမှုတွေကို ရှာဖတ်ကြပါတော့တယ်။ ဒီဆောင်းပါးကနေသိရှိရတဲ့ အချက်အလက်တွေအရ အင်တာနက်အသုံးပြုသူတွေဟာ သူတို့ရဲ့ လူမှုကွန်ရက်တွေပေါ်မှာ ပေါ်လာတဲ့သတင်းတွေရဲ့ ခေါင်းစဉ် ဒါမှမဟုတ် ရုပ်သံဖိုင်တစ်ခုရဲ့ အစပိုင်းတွေလောက်ကိုပဲ ဖတ်ကြည့်၊ ဖွင့်ကြည့်ကြပြီး အသုံးပြုသူအများစုဟာ သတင်းဒါမှမဟုတ် ဆောင်းပါးတစ်ပုဒ်အတွက် ၁၅ စက္ကန့် လောက်နဲ့ ရုပ်သံဖိုင်အတွက်ဆိုရင် ၁၀ စက္ကန့် စာလောက်ကိုပဲ ဖွင့်ကြည့်တတ်ကြတာများတယ်လို့ သိရပါတယ်။

ဒီအချက်ကို အခွင့့်ကောင်းယူပြီး သတင်းအမှားတင်တဲ့ Websit တွေက အထိမခံတဲ့ အုံကြွစေတဲ့ သတင်းခေါင်းစဉ်တွေနဲ့အတူ ယုတ္တိမရှိတဲ့ အကြောင်းအရာများကို ရေးသားဖြန့်ဝေလာကြပြီး ဖတ်ရှုသူတွေအနေနဲ့ ခေါင်းစဉ်ကိုသာကြည့်ရှုပြီး ပြန်လည်ဖြန့် ဝေခြင်းတွေကို ပြုလုပ်ကြတဲ့အခါမှာတော့ သတင်းအမှားတွေဟာ တိကျစွာရေးသားဖော်ပြထားတဲ့ သတင်းအမှန်တွေထက် ပိုမိုပျံ့နှံ့သွားပါတော့တယ်။ ဒီလိုဖြစ်စဉ်တွေက မြန်မာနိုင်ငံက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း တွေ့ရှိနိုင်တဲ့ အချက်တွေဖြစ်ပြီး ဖြစ်စဉ်တစ်ခုအပေါ် တိတိကျကျသုံးသပ် ဖော်ပြထားခြင်းမရှိတဲ့ သတင်းတွေက ဆောလျင်စွာ ပျံ့နှံ့နေတတ်တာက နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ရပ် ဖြစ်နေပါတယ်။

လူမှုကွန်ရက်ပေါ်က သတင်းအမှားတွေအတွက် အဖြေရှာဖို့ ဘယ်လိုအခက်အခဲတွေ တွေ့ကြုံနေရပြီလဲ

လူမှုကွန်ရက်ပေါ်မှာမှ မဟုတ်ပါဘူး။ မည်သည့်နေရာကလာတဲ့ သတင်းအမှားတွေအတွက်ပင်ဖြစ်စေ အဖြေကတော့ သတင်းအမှန်တင်ဆက်မှုပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သတင်းစာပညာရဲ့ အသက် သို့မဟုတ် စာနယ်ဇင်းတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို အလျဉ်းသင့်လို့ ဖော်ပြပေးပါမယ်။ နိုင်ငံတစ်နိုင်ငံမှာ သတင်းစာတွေ သို့မဟုတ် စာနယ်ဇင်းပညာဟာ နိုင်ငံသားတွေအတွက် သူတို့ရဲ့ နေထိုင်ရှင်သန်မှု၊ လူမှုဘဝတွေ၊ ကူးလူးဆက်ဆံရေးတွေ၊ သူတို့အစိုးရရဲ့ အကြောင်းတွေအပေါ်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပေါ်လာစေဖို့အတွက် ဖြစ်ပေါ်နေတဲ့ အမှန်တရားတွေကို ရှာဖွေတင်ဆက်ရခြင်း ဖြစ်ပါတယ်။ တစ်နည်းပြောရရင် သတင်းစာပညာဆိုတာ အမှန်တရားကို ကိုယ်စားပြုပြီး အမှန်တရားနဲ့ တစ်သားတည်း ဖြစ်နေတဲ့ ပညာရပ်ပါ။

ဒါကြောင့် သတင်းစာပညာရဲ့ အသက်ဟာ အမှန်တရားကို ဖော်ထုတ်ခြင်းဖြစ်ပြီး အမှန်တရားကို ဖော်ထုတ်ထားနိုင်ခြင်းဟာ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းရဲ့ အသက်တမျှ အရေးပါလှတဲ့ အရာဖြစ်တဲ့အတွက် သတင်းစာပညာဟာ နိုင်ငံတစ်နိုင်ငံရဲ့ အသက်လို့လည်း သတ်မှတ်နိုင်တဲ့ အကြောင်းတရားတစ်ခုပါပဲ။ အမှန်တရား ပျောက်ဆုံးနေတဲ့ နိုင်ငံဟာ အကြောက်တရားတွေနဲ့ ပြည့်နှက်နေမှာဖြစ်တဲ့အတွက် ဒီမိုကရေစီရဲ့ အသက်ဟာအမှန်တရားကို ဖော်ထုတ်နိုင်ခြင်းဖြစ်ပြီး ဒီမိုကရေစီရဲ့ အသက်ဟာ စာနယ်ဇင်း သတင်းစာတွေရဲ့ မှန်ကန်တဲ့ ဖော်ထုတ်ရေးသားမှုတွေအဖြစ် သတ်မှတ်နိုင်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကြည့်ရင်လည်း စာနယ်ဇင်းတွေရဲ့ အမှန်တရားကို ဖော်ထုတ်ရေးသားခွင့်မရှိတဲ့ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်ကာလလောက်အထိ ကာလတွေဟာ အမှန်တရားပျောက်ဆုံးခဲ့ပြီး နိုင်ငံအမှောင်ဖုံးခဲ့ရတဲ့ နေ့ရက်တွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် အတော်အသင့်ရရှိလာခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ အမှန်တရားကို ဖော်ထုတ်ခွင့် ရလာခြင်းနှင့်အတူ ပြည်သူတွေရဲ့ အမှောင်ဖုံးခဲ့ရတဲ့ နေ့ရက်တွေကို အဆုံးသတ်လာနိုင်ဖို့ ဖြစ်လာပါတယ်။ ၂၀၁၃ ခုနှစ်ကစပြီး ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ရရှိလာခြင်းနှင့်အတူ ပြည်သူတွေအတွက် အမှန်တရားကို ဖော်ထုတ်ပေးလာတဲ့ သတင်းစာတွေကြောင့် ဒီမိုကရေစီရဲ့ အနှစ်သာရအပေါ် ခံစားသုံးသပ်နိုင်လာကြပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ရေစီးကြောင်းအပေါ် ပြန်လည်ခြေချခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ကစလို့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်တွေ အတိုင်းအတာတစ်ခုအထိ ပြန်လည်ရရှိလာခဲ့ပြီး အဲဒီရဲ့ အကျိုးဆက်အဖြစ် နှစ်ပေါင်းများစွာ၊ အကန့်အသတ်ပေါင်းများစွာနဲ့ အသုံးပြုခဲ့ရတဲ့ အင်တာနက်နည်းပညာအပေါ်မှာလည်း လွတ်လပ်စွာ သုံးစွဲခွင့်တွေ ရရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၅ ခုနှစ်လောက်အထိ ကာလတွေမှာ တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကြက်ထားနိုင်ခြင်းမရှိသေးတဲ့ အင်တာနက်ကွန်ရက်ကြောင့် ပြည်သူတွေဟာ မှန်ကန်တဲ့ သတင်းတွေ သိရှိခွင့်ရဖို့ရာ သတင်းစာတွေကို အားထားခဲ့ကြပါတယ်။

အဲဒီအချိန်ကာလမှာပင် နိုင်ငံအတွင်း လူမှုကွန်ရက်အသုံးပြုမှု အထူးသဖြင့် Facebook အသုံးပြုမှုဟာ တရိပ်ရိပ်တက်လာလျက်ရှိပြီး ယင်းအခြေအနေနှင့်အတူ ဒီလူမှုကွန်ရက်စာမျက်နှာပေါ်မှာ သတင်းအမှားတွေ၊ အမုန်းစကားဖြန့်ဝေမှုတွေက များပြားစွာ ရှိနေခဲ့ပါတယ်။ ၂၀၁၅ခုနှစ်နောက်ပိုင်းကာလတွေကတော့ တစ်နိုင်ငံလုံးအနှံ့ မိုဘိုင်းဆင်းမ်ကတ်တွေ ပေါသီစွာ ဝယ်ယူအသုံးပြုလာနိုင်ခြင်းနှင့်အတူ အင်တာနက်ဖြန့်ကြက်မှုများဖြင့် ပြည်သူများဟာ ကမ္ဘာကြီးပေါ်က အခြားနိုင်ငံများနည်းတူ လူမှုကွန်ရက်တွေပေါ်က သတင်းတွေအပေါ်မှီခိုရင်း အမှန်တရားအပေါ် သိလိုစိတ်ကို အသုံးပြုလာကြပါတော့တယ်။

သတင်းစာတစ်စောင်ဟာ သူတို့ရဲ့ ရပ်တည်နိုင်မှုအတွက် စာဖတ်တဲ့ ပြည်သူကို လိုအပ်ပါတယ်။ စာဖတ်တဲ့ ပြည်သူတွေက သတင်းစာတွေထက် လူမှုကွန်ရက်တွေကို ပိုမိုအားကိုအားထားပြုလာကြတဲ့အခါ သတင်းစာတွေဟာ ရပ်တည်ဖို့ ခက်ခဲလာပါတော့တယ်။ ဒီလိုမျိုး သတင်းစာတွေ ရပ်တည်ဖို့ ခက်ခဲလာခြင်းကို နိုင်ငံတကာမှာလည်း ကြုံတွေ့နေရတာဖြစ်ပြီး အမေရိကန်နိုင်ငံမှာဆိုရင် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၈

ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်းမှာ သတင်းစာလုပ်ငန်းမှာ အလုပ်လုပ်ကိုင်တဲ့ အရေအတွက်ဟာ ၄၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ဇူလိုင် ၉ ရက်က Pew Reasrch Center ကနေ ဖော်ပြခဲ့တဲ့ Elizabeth Griceo ရဲ့ ရေးသားဖော်ပြထားမှုအရ သိရသည်။

မြန်မာနိုင်ငံအနေနဲ့လည်း အလားတူ ဖြစ်ရပ်မျိုးကို ကြုံတွေ့နေရတာဖြစ်ပြီး ပုဂ္ဂလိက သတင်းစာတွေအနေနဲ့ စောင်ရေကျဆင်းလာခြင်းနှင့်အတူ ရပ်တည်ဖို့ အခက်အခဲတွေ ဖြစ်တည်လာပါတော့တယ်။ သတင်းစာတွေအနေနဲ့ အခက်အခဲတွေကြုံတွေ့လာနေတဲ့အချိန်မှာပဲ တစ်ဖက်က စာဖတ်သူပြည်သူတွေက လူမှုကွန်ရက်တွေအပေါ်ကနေတစ်ဆင့် သတင်းတွေ သိရဖို့ကိုပဲ အဓိကလုပ်ဆောင်လာခဲ့ကြပြီး သတင်းမီဒီယာတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေက သူတို့သိချင်တဲ့ သတင်းအမှန်ဟုတ်ခြင်းမဟုတ်ခြင်းကို သက်သေပြဖို့အတွက် နေရာတွေ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ သတင်းအမှားတွေ ပိုမိုပြန့်နှံ့တတ်တဲ့ လူမှုကွန်ရက်တွေကြောင့် တစ်ကမ္ဘာလုံးနည်းတူ မြန်မာပြည်သူတွေအနေနဲ့လည်း သတင်းအမှားတွေရဲ့ ရိုက်ခတ်ခြင်းကို ပြင်းထန်စွာ ခံနေရတယ်လို့ ဆိုနိုင်ပါတယ်။

“သတင်းအမှားတွေ ဖြန့်ကြက်နေပေမဲ့ လူမှုကွန်ရက်တွေက ဘာကြောင့် ကမ္ဘာမှာကြီး စိုးနေရတာလဲ”

သတင်းအမှားတွေကြောင့် လူမှုကွန်ရက်တွေအပေါ်မှာ လူတွေရဲ့ ယုံကြည်စိတ်ချရမှု တွေ ကျဆင်းလာနေတယ်ဆိုပေမယ့် ဒီလူမှုကွန်ရက်တွေကတော့ ကမ္ဘာလူဦးရေအများစုအပေါ်မှာ စိုးမိုးထားနိုင်ဆဲဖြစ်ပါတယ်။

လူဦးရေ သန်း၂၄၀၀ ကျော်ဆိုတဲ့ သုံးစွဲသူတွေကို ပိုင်ဆိုင်ထားတဲ့ Facebook ကို ကြည့်ရင်ပဲ ကမ္ဘာကြီးကို လူမှုကွန်ရက်တွေက ကြီးစိုးထားတဲ့ဆိုတဲ့အချက်ကို သက်သေပြနိုင်ပါတယ်။ ဒါကလည်း လူမှုကွန်ရက်တွေဟာ စာရွက်တွေ ဘောပင်တွေသုံးစွဲတဲ့ analog နည်းပညာခေတ်လွန် ဒီဂျစ်တယ်ကမ္ဘာကြီးအတွက် ဦးဆောင်သူတွေဖြစ်နေလို့ ယေဘုယျကောက်ချက်ချနိုင်ပါတယ်။

ဒီဂျစ်တယ်ကမ္ဘာကြီးမှာ လူမှုကွန်ရက်တွေက ကျယ်ပြန့်စွာနေရာယူထားတာကို Facebook ရဲ့ ရပ်တည်နေမှုတွေကို လေ့လာသုံးသပ်ရင်း ဆုံးဖြတ်နိုင်ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာမှာ Brian O’ Connell က The Street.com မှာHow Does Facebook make Money, Six, Primary Revenue Streams  ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးသားထားခဲ့တာရှိပါတယ်။ အမေရိကန်ဒေါ်လာ ၄၅၀ ဘီလျံတန်ကြေးရှိတဲ့ စျေးကွက်ကို ပိုင်ဆိုင်ထားပြီး သုံးစွဲသူအရေအတွက် သန်း ၂၀၀၀ ကျော်၊ မိနစ်တိုင်းမှာ သုံးစွဲသူအသစ် ၄၀၀ လောက်အထိ တိုးလာနေတဲ့ Facebook ဟာ ဒီဂျစ်တယ်ကမ္ဘာရဲ့ အကြီးမားဆုံးသော လူမှုကွန်ရက်ဖြစ်တယ်လို့ ဒီရေးသားထားမှုမှာ ပါဝင်ထားပါတယ်။

ဒါတွေအပြင် Facebook က သူတို့ရဲ့ Digital Plaform ကို နှစ်အလိုက် ချဲ့ထွင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ Facebook ဟာ မတူညီတဲ့ဘာသာစကားတွေအတွက် Jibbigo ကို ၂၀၁၃ ခုနှစ်မှာ အသုံးပြုခဲ့ခြင်း၊ ယင်းနှစ်မှာပင် သူတို့ရဲ့ကြေညာရရှိမှုကို စောင့်ကြည့်ဖို့အတွက် Microsoft (MSFT- Get Report) ကနေ Altas Solution ကို အသုံးပြုခဲ့ခြင်း၊ အသုံးပြုသူ သန်း ၄၀၀ ကျော်ရှိနေပြီး Facebook ရဲ့ ဒီဂျစ်တယ် ဓာတ်ပုံစျေးကွက်လည်းဖြစ်တဲ့ Instagram ကို ၂၀၁၃ ခုနှစ်က ဒေါ်လာတစ်ဘီလျံ ရင်းနှီးမြှုပ်နှံတည်ထောင်ခဲ့ခြင်း၊ Video Game စျေးကွက်မှာ ကောင်းစွာအသုံးချထားနိုင်တဲ့ Oculus VR ကို ဒေါ်လာနှစ်ဘီလျံ ရင်းနှီးမြှုပ်နှံပြီး VR နည်းပညာအတွက် အသုံးပြုခဲ့ခြင်း၊ ဒါတွေအပြင် မလေးရှားနိုင်ငံအပါအဝင် နိုင်ငံအတော်တော်များများမှာ တွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်တဲ့  WhatsApp ကို ၂၀၁၄ ခုနှစ်မှာ ဒေါ်လာ ၁၉ ဘီလျံရင်းနှီးမြှုပ်နှံပြီး အသုံးပြုခဲ့ခြင်း စတဲ့ Facebook ရဲ့ ချဲ့ထွင်မှု တွေက သုံးစွဲသူတွေအပေါ် ဆွဲဆောင်ထားနိုင်တဲ့ အချက်တွေဖြစ်တယ်လို့ Brian O’ Connell ရဲ့ ရေးသားထားမှုကနေ သုံးသပ်နိုင်ပါတယ်။

Brian O’ Connell ရဲ့ ရေးသားမှုတွေအရ Facebook ဟာ သူ့ကိုအသုံးပြုနေတဲ့ သုံးစွဲသူ သန်း ၂၀၀၀ ကျော်ရှိနေပေမယ့် အသုံးပြုသူတွေဆီကနေ သူတို့ရဲ့ဝင်ငွေကို တိုက်ရိုက်ရယူထားခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ Facebook ဟာ ၂၀၁၇ ခုနှစ်မှာ ၃၉ ဒသမ ၉ ဘီလျံအထိရှိတဲ့ ဝင်ငွေတွေကို သူတို့ကိုအသုံးပြုနေတဲ့ သုံးစွဲသူတွေအပေါ် ကြော်ငြာတွေ ထည့်သွင်းလိုတဲ့ ကြော်ငြာရှင်တွေဆီကနေ ရရှိခဲ့ပြီး သူတို့ရဲ့ အဓိကဝင်ငွေရဲ့ ၈၅ ရာခိုင်နှုန်းကို ဒီလိုမျိုးကြော်ငြာထည့်သွင်းမှုတွေကနေ ရရှိနေတယ်လို့ သိရပါတယ်။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် Facebook ဟာ သတင်းအမှားတွေ စီးဆင်းရာနေရာတစ်ခုဖြစ်နေပေမယ့် သုံးစွဲသူအများအပြားရှိနေတဲ့ Digital Platform တစ်ခုအဖြစ် ရပ်တည်ထားနိုင်တာဖြစ်ပြီး ဒါဟာ ဒီဂျစ်တယ် အပြောင်းအလဲရဲ့ အောင်မြင်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်တဲ့အချက်တွေ ဖြစ်နေတာပါ။

Digital အပြောင်းအလဲဆိုတာဘာလဲ၊ လူမှုကွန်ရက်တွေအပြင် Digital အပြောင်းအလဲမှာ ဘယ်အရာတွေ ပါဝင်လာနေလဲ။

I-SCOOP ကနေ ဖော်ပြခဲ့တဲ့ Digitization, Digitalization and Digital transformation: the differences ဆိုတဲ့ စာတမ်းဖော်ပြထားမှုတွေအရ ဒီဂျစ်တယ်အပြောင်းအလဲမှာ Digitization နဲ့ ဒီဂျစ်တယ်အပြောင်းအလဲဖြစ်တဲ့ Digitalization တွေက ဆက်စပ်နေတာကို တွေ့ရပါတယ်။ ဒီဂျစ်တယ်အပြောင်းအလဲရဲ့ ပထမအဆင့်အဖြစ် လုပ်ငန်းခွင်ဖြစ်စေ၊ မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာဖြစ်စေ အသုံးပြုနေတဲ့ စာရွက်တွေ၊ ဖလင်ဓာတ်ပုံတွေ၊ စတဲ့အရာတွေကို ဒီဂျစ်တယ်ပုံစံအဖြစ် ပြောင်းလဲရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် စာရွက်တွင်ရေးသားထားသည့် အရာများကို Laptop ၊ မိုဘိုင်းဖုန်း စတဲ့ ဒီဂျစ်တယ်ပစ္စည်းတွေထဲမှာ သိမ်းထားနိုင်တဲ့ Document Form တစ်ခုအဖြစ် ဖန်တီးခြင်း၊ ဖလင်ဓာတ်ပုံများအား Scan ဖတ်၍ သိမ်းဆည်းခြင်း စတဲ့ အခြေအနေမျိုးအဖြစ် သတ်မှတ်ထားကြပါတယ်။

ဒီလိုမျိုး Digitization အဆင့်မှာတော့ ပြောင်းလဲထားတဲ့ ဒီဂျစ်တယ်ပုံစံတွေရဲ့ မူလ analog ပုံစံတွေကို သိမ်းဆည်းထားနိုင်ပါသေးတယ်။ I-SCOOP ရဲ့ ဖော်ပြထားမှုအရ Digitalization အဆင့်ဖြစ်ပေါ်လာဖို့ရန် ပြောင်းလဲထားတဲ့ ဒီဂျစ်တယ်ပုံစံတွေနဲ့ပဲ လုပ်ငန်းခွင်တွေမှာ လည်ပတ်အသုံးပြုရမှာဖြစ်ပြီး ဒီဂျစ်တယ်နည်းပညာတွေ၊ ဒီဂျစ်တယ်နည်းပညာအသုံးပြုအချက်အလက်တွေနဲ့ပဲ လုပ်ငန်းခွင်တစ်ခုလုံး၌ ပြောင်းလဲလည်ပတ် အသုံးချခြင်းဖြင့် ဒီဂျစ်အပြောင်းအလဲကို ဖော်ဆောင်နိုင်တယ်လို့ သိရပါတယ်။

ဒီလို ဒီဂျစ်တယ်အပြောင်းအလဲကို သိသိသာသာတွေ့မြင်နိုင်တာက Facebook အပါအဝင် လူမှုကွန်ရက်မှာဖြစ်ပါတယ်။ အလားတူပါပဲ လူမှုကွန်ရက်တွေရဲ့ ကြီးစိုးမှုကို အံတုဖို့အတွက် သတင်းစာတွေကလည်း ဒီဂျစ်တယ်အပြောင်းအလဲကို လိုက်ပါလုပ်ဆောင်လာကြတာကို နိုင်ငံတကာမှာ တွေ့မြင်နိုင်ပါတယ်။

နှစ်ပေါင်း ၁၄ဝကျော် သက်တမ်းရှိပြီး အမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာအကြီးဆုံး သတင်းစာတွေထဲက တစ်ခုဖြစ်တဲ့ The Warshinton Post သတင်းစာကို ၂၀၁၃ ခုနှစ် အောက်တိုဘာမှာတော့ Jeff Bezos က ဒေါ်လာ ၂၅၀ မီလီလျံအသုံးပြုပြီး ဝယ်ယူခဲ့ပါတယ်။ အဲဒီအချိန်ကာလက အမေရိကန်နိုင်ငံရဲ့ သတင်းစာလောကရဲ့ အခြေအနေဟာ ယိုယွင်းကျဆင်းနေကြောင်း အချက်အလက်တွေကိုကြည့်ပြီး သိနိုင်ပါတယ်။ အဲဒီအချက်အလက်တွေအရ အမေရိကန်သတင်းစာတွေအတွက် ကြော်ငြာကနေရရှိတဲ့ ဝင်ငွေဟာ ၂၀၀၅ ခုနှစ်မှာ ၄၇ ဒသမ ၄ ဘီလီလျံရှိခဲ့ရာကနေ ၂၀၁၄ ခုနှစ်မှာတော့ ၁၆ ဒသမ ၄ ဘီလျံအထိ ကျဆင်းသွားခဲ့ပြီး ၀ါရှင်တန်ပို့စ်အနေနဲ့လည်း ၂၀၀၄ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း မှာ ၃၈ ရာခိုင်နှုန်းထိ စောင်ရေကျဆင်းမှုကို ကြုံတွေ့ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ ၀ါရှင်တန်ပို့စ်ဟာ သူတို့ရဲ့ထုတ်ဝေမှုပုံစံကို ဒီဂျစ်တယ်ပုံစံပြောင်းလဲခဲ့ပြီး မြန်ဆန်တဲ့ website နဲ့ mobile application များ၊ Twitter Google AMP Instagram စတဲ့ လူမှုကွန်ရက်တွေကတစ်ဆင့် သူတို့ရဲ့ ဒီဂျစ်တယ်အပြောင်းအလဲကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါတွေအပြင် ၀ါရှင်တန်ပို့စ်ဟာ သူတို့ရဲ့ သတင်းစီးဆင်းမှုတွေကို ဒီဂျစ်တယ်အပြောင်းအလဲနဲ့ လိုက်လျောညီထွေရှိအောင် ပြောင်းလဲခဲ့ပြန်ပါသေးတယ်။

Columbia Journalism Review မှာ ၂၀၁၆ ခုနှစ်က Kele Pope ရေးခဲ့တဲ့ Revolution at The Warshinton Post ထဲမှာ ဒီဝါရှင်တန်ပို့စ်သတင်းစာရဲ့ the paper’s director of product ရာထူးကို ရယူထားတဲ့ Joey Marburger က သူတို့သတင်းစာရဲ့ ဒီဂျစ်တယ်အပြောင်းအလဲ သတင်းစီးဆင်းမှုနဲ့ ပတ်သက်ပြီး ပြောကြားထားတာရှိပါတယ်။

Joey Marburger ရဲ့ ပြောကြားမှုအရ ၀ါရှင်တန်ပို့စ်ဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ထိ သုံးနှစ်တာကာလအတွင်းမှာ ဒီဂျစ်တယ်အပြောင်းအလဲကို လိုက်ပါလုပ်ဆောင်နိုင်တဲ့ သတင်းထောက်တွေကို အလုပ်ခန့်အပ်ခဲ့ပြီး ခန့်အပ်ထားတဲ့သူတွေဟာ အင်တာနက်ခေတ်အတွက် သတင်းတင်ဆက်မှုအပေါ် နားလည်တဲ့သူတွေဖြစ်ခဲ့လို့ သိရပါတယ်။ ဒါ တွေအပြင် သူ့ရဲ့ပြောကြားမှုအရ သတင်းတွေကို တင်ဆက်တဲ့နေရာမှာ အကြောင်းအရာတစ်ခုအတွက် သတင်းတစ်ပုဒ်ပဲရမယ့်အစား နည်းလမ်းတစ်ရာလောက်နဲ့ အကြောင်းအရာတစ်ခုကို ချဉ်းကပ်ရေးသားနည်းတွေကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့ ဒီဂျစ်တယ်ခေတ် သတင်းရေးသား ချဉ်းကပ်ပုံကို Joey Marburger က ဟီလာရီကလင်တန် နေမကောင်းဖြစ်တဲ့အကြောင်းနဲ့ ဥပမာပေးပြီး ချဉ်းကပ်ပြခဲ့ပါတယ်။

ဟီလာရီကလင်တန် နေမကောင်းဖြစ်နေတဲ့ သတင်းတစ်ပုဒ်ကိုပဲ ရုပ်သံတင်ဆက်ပုံတစ်ခု၊ အခြားရုပ်သံဖိုင်များဖြင့် ပေါင်းစပ်တင်ဆက်မှု၊ ခွဲခြမ်းစိတ်ဖြာပြီး တင်ဆက်မှု၊ နောက်ခံစကားပြောဖြင့် တင်ဆက်မှု စတဲ့တင်ဆက်မှု ပုံစံတွေဖြင့် Joey Marbuger က ချဉ်းကပ်ပြခဲ့ပြီး အဲဒီလိုမျိုးပုံစံများဖြင့် ၀ါရှင်တန်ပို့စ်ဟာ ဒီဂျစ်တယ်သတင်းတင်ဆက်မှုတွေကို ပိုင်ဆိုင်ထားတယ်လို့ ၎င်းက ပြောပြခဲ့ပါတယ်။

ဒီလိုမျိုး ဒီဂျစ်တယ်အပြောင်းအလဲတွေ ပြုလုပ်အပြီး ၀ါရှင်တန်ပို့စ် ဒီဂျစ်တယ်သတင်းစာဟာ ၈၉၀ ဒသမ ၁ မီလီယံရှိတဲ့ ကြည့်ရှုသူတွေကို ၂၀၁၆ ခုနှစ်မှာ ရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာရော Digital အပြောင်းအလဲအတွက် ဘယ်သူတွေလုပ်ဆောင်နေပြီလဲ။

မြန်မာနိုင်ငံမှာလည်း ဒီဂျစ်တယ်အပြောင်းအလဲကို မြင်တွေ့နေရတာ နှစ်အနည်းငယ်ခန့်ကြာပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ဝန်ဇင်း application ကဲ့သို့သော စာအုပ်ဝယ်ယူခြင်း၊ ငှားယူခြင်း တွေပြုလုပ်နိုင်တဲ့ ဒီဂျစ်တယ် application တွေ ပေါ်ပေါက်လာပါတယ်။ စာအုပ်ဆိုင်က စာအုပ်ကို ကိုယ်တိုင်သွားရောက်ငှားယူစရာမလိုဘဲ အွန်လိုင်းကတစ်ဆင့် application ကို အသုံးပြုလုပ်ဆောင်နိုင်တဲ့ ဒီ application ကလည်း လက်ရှိအချိန်မှာတော့ သုံးစွဲသူအတော်များများရရှိနေတဲ့ application တစ်ခုဖြစ်လာပါတယ်။ ဒါတွေအပြင် Wave Money, One Kyat ကဲ့သို့သော ငွေကြေးလွှဲပြောင်းပေးတဲ့ ဒီဂျစ်တယ်နည်းပညာအသုံးပြု payment စနစ်တွေကနေတစ်ဆင့် ငွေသွင်းငွေထုတ်ပြုလုပ်တာတွေ များပြားလာလျက်ရှိပါတယ်။

ဒါတွေအပြင် လူမှုကွန်ရက်တွေမှာ ကြီးစိုးနေတဲ့ သတင်းအမှားတွေကို အံတုနိုင်မယ့် ပြည်သူကို သတင်းအမှန်တွေ တင်ဆက်ပေးနေတဲ့ ပြည်တွင်းသတင်းဌာနတွေကလည်း ဒီ Digital Platform ကို လျှောက်လှမ်းလာနေတာကို တွေ့ရပါတယ်။ လူမှုကွန်ရက်တွေက ပြည်သူအများစုအပေါ်မှာ လွှမ်းမိုးနေခြင်းကြောင့် ပြည်တွင်းက သတင်းစာတွေအနေနဲ့ စောင်ရေကျဆင်းလာလျက်ရှိပြီး ရပ်တည်ဖို့အတွက် အခက်အခဲတွေ များစွာဖြစ်ပေါ်နေပါတယ်။ သတင်းစီးဆင်းမှု မြန်ဆန်လာတဲ့ ဒီဂျစ်တယ်ခေတ်မှာ ပြည်သူဆီကို လျင်မြန်စွာ သတင်းမှန်တွေတင်ဆက်နိုင်ဖို့အတွက် ဒီဂျစ်တယ်အပြောင်းအလဲမှာ လိုက်ပါဖို့လိုလာလျက်ရှိပါတယ်။

ဒီအတွက် ပြည်တွင်းသတင်းဌာနတွေဟာ သူတို့ရဲ့ သတင်းတင်ဆက်မှုပုံစံတွေကို ဒီဂျစ်တယ်ပုံစံသို့ ပြောင်းလဲပြီးတင်ဆက်တာတွေ ပြုလုပ်လာပါတယ်။ မြန်မာနိုင်ငံရဲ့ အမှီအခိုကင်းပြီး ထိပ်တန်းပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ Eleven Media Group က ဒီဂျစ်တယ်အပြောင်းအလဲအဖြစ် Eleven Application ကိ်ု လွန်ခဲ့သည့်ခြောက်လအတွင်းက စတင်မိတ်ဆက်ခဲ့့ပြီး အဲဒီအချိန်အတိုင်းအတာအတွင်းမှာတော့ Download လုပ်သူ တစ်သိန်းခွဲရှိခဲ့တယ်လို့သိရပြီး ဒီအခြေအနေက မြန်မာနိုင်ငံတွင်းမှာလည်း ဒီဂျစ်တယ်အပြောင်းအလဲတွေကို ပြည်သူတွေအနေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိလာခြင်းကို ပြသနေခြင်းလည်းဖြစ်ပါတယ်။

နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံအနေနဲ့ ဒီလိုမျိုး ဒီဂျစ်တယ်နည်းပညာအသုံးပြု application တွေဟာ ပြည်သူတွေနဲ့ ပိုမိုထိတွေ့လာ ကျွမ်းဝင်လာနိုင်တဲ့ အခြေအနေတွေရှိနေတယ်လို့လည်း ပြည်တွင်းက ပညာရှင်တွေက သုံးသပ်ပြောဆိုမှုတွေရှိပါတယ်။

“အခကြေးငွေပေးပြီးသုံးတဲ့ အက်ပလီကေးရှင်းတွေ ဘာတို့ဆိုတာထက် အက်ပလီကေးရှင်းနဲ့ ဖေ့စ်ဘွတ်ကို ခွဲပြောမှရမယ်။ ဖေ့စ်ဘွတ်ကလည်း အက်ပလီကေးရှင်းပဲ။ ဒါပေမဲ့ ဖေ့စ်ဘွတ်က social app, အဲဒီတော့ တခြား social media app ဆိုရင်တော့ ဖေ့စ်ဘွတ်လောက်ခေတ်စားချင်မှ ခေတ်စားမယ်။ ဒါပေမဲ့ ဥမမာ Orrm shop.com လိုဟာမျိုးတို့ သိသာပါတယ်။ ရုပ်ရှင်နဲ့ အက်ပလီကေးရှင်းလို ဟာမျိုးဆိုတော့ ဖေ့စ်ဘွတ်မှာတော့ ကြော်ငြာတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကိုယ်ပိုင် app ပေါ်မှာပဲ အလုပ်လုပ်တယ်။ အဲဒီတော့ ခေတ်စားလာမလားဆိုတော့ ဖေ့စ်ဘွတ်လို social network လိုဆိုရင်တော့ ဖေ့စ်ဘွတ်ကို ကျော်နိုင်မယ်မထင်ဘူး။ ဒါပေမဲ့ အက်ပလီကေးရှင်းတစ်ခုလိုဆိုရင်တော့ Facebook ပေါ်မှာသိအောင် ကြော်ငြာပြီးတော့ တကယ့် Function တွေ တကယ့်အလုပ်လုပ်ပုံတွေကတော့ သူ့ app ပေါ်မှာပဲ အလုပ်လုပ်မှာပဲဖြစ်တဲ့အတွက် ဒါခေတ်စားလာမယ်၊ သုံးသင့်တယ်၊ လုပ်ထားသင့်တယ်လို့ ပြောရမှာပေါ့” ဟု အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ် တုံ့ပြန်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်က ​ပြောကြားခဲ့ပါတယ်။ 

 

Most Read

Most Recent