လာမည့် ငါးနှစ်အတွင်း အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ပို့ကုန်အမည်သစ်များ တိုးချဲ့ရေးနှင့် ပို့ကုန်အမျိုးအစား တစ်ခုစီ၏ တင်ပို့မှုပမာဏ တိုးချဲ့ရေး ဆောင်ရွက်မည်

လာမည့် ငါးနှစ်အတွင်း အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ပို့ကုန်အမည်သစ်များ တိုးချဲ့ရေးနှင့် ပို့ကုန်အမျိုးအစား တစ်ခုစီ၏ တင်ပို့မှုပမာဏ တိုးချဲ့ရေး ဆောင်ရွက်မည်
Published 24 July 2019
နီလာ

လာမည့် ငါးနှစ်အတွင်း အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ပို့ကုန်အမည်သစ်များ တိုးချဲ့ရေးနှင့် ပို့ကုန်အမျိုးအစား တစ်ခုစီ၏ တင်ပို့မှုပမာဏ တိုးချဲ့ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ပို့ကုန်မြှင့်တင်ရေးအတွက် ပြည်ပပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့စျေးကွက်မှာ ယှဉ်ပြိုင်မှု မြင့်မားလာရေးအတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို ဦးတည်ချက်များ ချမှတ် ဆောင်ရွက်ခဲ့တဲ့ အတွက်ကြောင့် အထည်ချုပ်လုပ်ငန်း၊ ဆန်နဲ့ ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံ၊ ရေထွက်ပစ္စည်း စသည်တို့မှာ ပို့ကုန်ပမာဏ သိသာစွာ တိုးတက်လာခဲ့ပါတယ်။ လာမယ့် ငါးနှစ်အတွက် အမျိုးသားပို့ကုန် မဟာဗျူဟာမှာလည်း အမယ်သစ်များ တိုးချဲ့ရေးနဲ့ ပို့ကုန်အမျိုးအစား တစ်ခုစီရဲ့ တင်ပို့မှုပမာဏ တိုးချဲ့ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ သွင်းကုန်များနှင့် ပတ်သက် ၍ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ဒေါ်လာ ၉၈၅၈ သန်း တင်သွင်းခဲ့ပြီး အများစုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ထုတ်လုပ်မှု လုပ်ငန်းသုံး  ကုန်ကျပစ္စည်းများ ဖြစ်ကြောင်း၊ ဇိမ်ခံပစ္စည်းဟု ဆိုနိုင်သည့် ပစ္စည်းများ တင်သွင်းမှုသည် ဒေါ်လာ ၃၆၅ သန်းရှိပြီး စုစုပေါင်း သွင်းကုန်တန်ဖိုး၏ လေးရာခိုင်နှုန်းကိုသာ တင်သွင်းထားကြောင်း၊ မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ မူဝါဒကို သတ်မှတ်ခဲ့ခြင်းကြောင့် လူစီး မော်တော်ယာဉ်များ တင်သွင်းမှုမှာလည်း သိသာစွာ လျော့ကျလာကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အမျိုးသားပို့ကုန် မဟာဗျူဟာ၏ ဦးတည်ချက်အနက် စဉ်ဆက်မပြတ် တိုးတက်မှုရှိပြီး အလုံးစုံပါဝင်ကာ ညီညွတ်မျှတသည့် ပို့ကုန်ဦးဆောင်သော တိုးတက်မှုကို ဖော်ဆောင်ရန်၊ လက်ရှိ ပို့ကုန်လုပ်ငန်းရှင်များ နှင့် ထွန်းသစ်စ ပို့ကုန်လုပ်ငန်းရှင်များ၏ လိုအပ်ချက် အမျိုးမျိုးကို ပူးပေါင်းဖြည့်ဆည်း ပံ့ပိုးပေးနိုင်မည့် ခေတ်မီကုန်သွယ်မှု အထောက်အကူပြု အဖွဲ့အစည်းများ ထူထောင်နိုင်ရန် စသည်တို့ ပါဝင်သည်။

အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ဦးစားပေးကုန်စည် အနေဖြင့် ဆန်၊ ပဲအမျိုးမျိုး နှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန်ပစ္စည်း၊ အထည်အလိပ်နှင့် အဝတ်အထည်၊ သစ်နှင့် သစ်တောထွက်ပစ္စည်း၊ ဦးစားပေးကဏ္ဍ အနေဖြင့် ခရီးသွားလုပ်ငန်းတို့ ပါဝင်သည်။

 ဖွံ့ဖြိုးရန် အလားအလာရှိသည့် ကဏ္ဍတွင် ရော်ဘာကို ထည့်သွင်းထားပြီး ဦးစားပေး ကဏ္ဍများကို အထောက်အကူပြု ဝန်ဆောင်မှု ကဏ္ဍများအဖြစ် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးဝန်ဆောင်မှု၊ ကုန်သွယ်မှု သတင်းအချက်နှင့် ကုန်သွယ်မှု မြှင့်တင်ရေး၊ အရည်အသွေး စီမံခန့်ခွဲခြင်း၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့ခြင်းနှင့် ကုန်စည် သယ်ယူပို့ဆောင်ရေး တို့ဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း အမျိုးသားပို့ကုန် မဟာဗျူဟာရှိ ကဏ္ဍအလိုက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ၊ တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ပို့ကုန်ဝင်ငွေ မြှင့်တင်ရေး စီမံကိန်းတွင် ပါဝင် ဆောင်ရွက်နေကြသူများအား ပြည်ပလေ့လာရေးခရီး စေလွှတ်ခြင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဆွေးနွေးညှိနှိုင်းခြင်း၊ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည့် နိုင်ငံတကာ သွင်းကုန်ပစ္စည်းပြပွဲသို့ မြန်မာကုမ္ပဏီ ၁၁ ခုကို သွားရောက် ပြသစေခဲ့ခြင်း၊ ဦးစားပေး ကုန်စည်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဦးစားပေးကဏ္ဍ ခုနစ်ရပ်၏ အစည်းအဝေးများ ကျင်းပခဲ့ခြင်း ၊ ကဏ္ဍအလိုက် လိုအပ်ချက်များနှင့် ဦးစားပေး လုပ်ငန်းစဉ်များ ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမ ခြောက်လပတ် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

Most Read

Most Recent