၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်း ၆ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် တိုးတက်ခဲ့ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစီရင်ခံစာတွင် ဖော်ပြ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်း ၆ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် တိုးတက်ခဲ့ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစီရင်ခံစာတွင် ဖော်ပြ
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
Published 23 July 2019
နီလာ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်း ၆ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် တိုးတက်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းပထမ ခြောက်လပတ်အစီရင်ခံစာနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ်(၉/၂၀၁၉)တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးညွှန်းကိန်းများအခြေအနေကို ဘဏ္ဍာနှစ်အလိုက် လေ့လာကြည့်ပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)သည် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) သည် ၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)မှာ ၆ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ဖော်ပြထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း ကဏ္ဍကြီးများအလိုက် တိုးတက်မှုနှုန်း အနေဖြင့် လယ်ယာကဏ္ဍမှ ၃ ဒသမ ၁ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှ ၆ ဒသမ ၄ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍမှ ၈ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

GDP တွင် ကဏ္ဍကြီးများအလိုက်ပါ ဝင်မှုအချိုး (နှစ်အလိုက်စျေးနှုန်း)မှာ လယ်ယာကဏ္ဍတွင် ၂၂ ဒသမ ၇ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၃၈ ဒသမ ၁ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ၃၉ ဒသမ ၂ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းတွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက်စျေးနှုန်းအရ ကျပ် ၁၀၆၀၉၆၃၃၅ ဒသမ ၈ သန်း နှင့် ၇ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းခဲ့ရာ ပထမခြောက်လပတ် (အောက်တိုဘာမှမတ်လ)တွင် ကျပ် ၆၇၁၈၆၇၄၈ သန်းရရှိခဲ့သဖြင့်  စီမံကိန်းရည်မှန်းချက်အပေါ် ၆၃ ဒသမ ၃ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး ပုံမှန်စျေးနှုန်းအရ ၆ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် ၆ ဒသမ ၆  ရာခိုင်နှုန်းသို့ အနည်းငယ်စီ တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်က ၂၀၁၉ ခုနှစ် ဧပြီလအတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၆ ဒသမ၂ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။

ကမ္ဘာ့စီးပွားရေးအဟန့်အတားများ နှင့် တရုတ်နိုင်ငံ၏ မူဝါဒဖြင့် ထိန်းကျောင်းထားသည့် စီးပွားရေးအရှိန်လျော့ချမှုများ ဆက်လက်ဖြစ်ပေါ်နေသည့်အခြေအနေများကြောင့် ဖွံ့ဖြိုးဆဲအရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် အနည်းငယ်ခန့် လျော့နည်းကျဆင်းနိုင်ကြောင်း ဧပြီ ၂၄ ရက်က ရန်ကုန်မြို့ရှိ ကမ္ဘာ့ဘဏ်ရုံး၌ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲမှ သိရသည်။

၂၀၁၈ ခုနှစ်အတွင်းရှိ ၆ ဒသမ ၃ ရာ ခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်များတွင် ခြောက်ရာခိုင်နှုန်းခန့်သာရှိမည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် တိုးချဲ့လုပ်ဆောင်သည့် ငွေကြေးမူဝါဒ (Expansionary Fiscal Policy) သည် ကာလတိုအားဖြင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို မြှင့်တင်နိုင်မည်ဖြစ်သလို မကြာသေးမီကာလအတွင်း ဆောင်ရွက်ခဲ့သည့် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည်လည်း ကာလလယ်အားဖြင့် ဖွံ့ဖြိုးမှုအပေါ် အထောက်အပံ့ဖြစ်စေမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

The Asian Development Outlook (ADO) 2019 ခန့်မှန်းချက်များအရ ၂၀၁၉ ခုနှစ် စက်တင်ဘာတွင်ကုန်ဆုံးမည့် ဘဏ္ဍာနှစ်အတွင်း  မြန်မာ့စီးပွားရေးသည် ၆ ဒသမ ၆ ရာခိုင်နှုန်းသို့ တိုးတက်လာမည်ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားသည်။ နှိုင်းယှဉ်ချက်များအရ မြန်မာနိုင်ငံ၏ GDP သည် ယခင်နှစ် ဧပြီမှ စက်တင်ဘာအထိ ကာလအတွင်း ၆ ဒသမ ၂ ရာခိုင်နှုန်းအထိ နှေးကွေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent