မူဆယ်-လားရှိုး-မန္တလေးရထားလမ်းသစ်စီမံကိန်းနှင့်ပတ်သက်၍ မြန်မာ့မီးရထားမှ ပြည်သူလူထုသို့ အသိပေးရှင်းလင်းပွဲများအား စီမံကိန်းတစ်လျှောက်ရှိ မြို့များတွင် ပြုလုပ်မည်

မူဆယ်-လားရှိုး-မန္တလေးရထားလမ်းသစ်စီမံကိန်းနှင့်ပတ်သက်၍ မြန်မာ့မီးရထားမှ ပြည်သူလူထုသို့ အသိပေးရှင်းလင်းပွဲများအား စီမံကိန်းတစ်လျှောက်ရှိ မြို့များတွင် ပြုလုပ်မည်
မူဆယ်-မန္တလေးရထားလမ်းဖောက်လုပ်ရေးစီမံကိန်းသစ်အား ဖြစ်မြောက်နိုင်ခြေလေ့လာမှုဆောင်ရွက်ရန် MoU လက်မှတ်ရေးထိုးစဉ်
မူဆယ်-မန္တလေးရထားလမ်းဖောက်လုပ်ရေးစီမံကိန်းသစ်အား ဖြစ်မြောက်နိုင်ခြေလေ့လာမှုဆောင်ရွက်ရန် MoU လက်မှတ်ရေးထိုးစဉ်
Published 23 July 2019
ရွှန်းလဲ့ဝင်း

တရုတ်နိုင်ငံကူညီမှုဖြင့် ဖောက်လုပ်ရန် စီစဉ်ထားသည့် မူဆယ်-လားရှိုး-မန္တလေး ရထားလမ်းသစ်စီမံကိန်းနှင့်ပတ်သက်၍ မြန်မာ့မီးရထားမှ ပြည်သူလူထုသို့ အသိပေးရှင်းလင်းပွဲများအား စီမံကိန်းတစ်လျှောက်ရှိ မြို့များတွင် ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၌ ရန်ကုန်-မန္တလေးရထား လမ်းပိုင်းပြီး ဒုတိယမြောက်အရှည်ဆုံးရထား လမ်းပိုင်းတစ်ခုဖြစ်လာမည့် မူဆယ်-လားရှိုး- မန္တလေးရထားလမ်း သစ်စီမံကိန်းတွင် ရထားလမ်းအရှည် ၂၆၇ မိုင်၊ ဥမင်ပေါင်း ၆၀ ပါဝင်မည်ဖြစ်ပြီး တစ်နာရီမိုင် ၁၀၀ နှုန်း လျှပ်စစ်ရထားများဖြင့် ပြေးဆွဲသွားရန် ကနဦးစီစဉ်ထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။

“မူဆယ်- လားရှိုး-မန္တလေးရထားလမ်း သစ်စီမံကိန်းမှာ ရထားလမ်းအရှည် ၂၆၇ မိုင်၊ ဥမင်ပေါင်း ၆၀ ပါဝင်မှာဖြစ်ပြီး တစ်နာရီ မိုင် ၁၀၀ နှုန်း လျှပ်စစ်ရထားပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ အခု စီမံကိန်းအတွက်လေ့လာမှုတွေ ပြုလုပ်ပြီးဖြစ်လို့ Third Party က EIA,SIA ဆန်းစစ်မှုတွေနဲ့ ပြည်သူလူထုကို အသိပေးရှင်းလင်းတင်ပြခြင်းတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားမှ ဦးမျိုးဝင်း၊ အထွေထွေမန်နေဂျာ (အထက်မြန်မာပြည်)  The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အဆိုပါဖြစ်နိုင်ခြေလေ့လာမှုတွင် GPS ဖြင့်တိုင်းတာခြင်း၊ Total  Station ကိရိယာဖြင့် တိုင်းတာခြင်း၊ ရေမြေကျောက် နမူနာယူခြင်း၊ Soil Test ပြုလုပ်ခြင်းများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် လေ့လာမှုပြုလုပ်ခြင်းများ ပြီးဆုံးခဲ့ပြီဖြစ်ပြီး EIA , SIA ဆန်းစစ်မှု၊ ပြည်သူလူထုသို့ အသိပေးပြောကြားမှုများ ပြုလုပ်နေကြောင်း သိရသည်။

မန္တလေး-မူဆယ် ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းအတွက် (CREC) ၏ ဖြစ်မြောက်နိုင်ခြေလေ့လာမှုများနှင့်ပတ်သက်ပြီး ပြည်သူလူထုထံသို့ အသိပေးရှင်းလင်းမှုများကို မြန်မာ့မီးရထားမှ ဇွန် ၂၅ ရက်မှ စတင်ကာ ဇူလိုင် ၂ရက်နေ့အထိ မန္တလေးမှ မူဆယ်အထိ လမ်းတစ်လျှောက်ရှိ မြို့ကြီးများဖြစ်သော မန္တလေး၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန္ဒီနှင့် မူဆယ်မြို့များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူလူထုကို အသိပေးပြောကြားရှင်းလင်းပွဲတွေ ၂၆ ကြိမ်ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အခုလောလော ဆယ်ခြောက်ကြိမ်ပြုလုပ်ပြီးပါပြီ။ ခုနောက် ထပ် ၁၀ ကြိမ်ပြုလုပ်သွားမှာပါ။ အခုအသိ ပေးရှင်းလင်းမှုတွေလုပ်မယ့်အထဲမှာ ပြင်ဦးလွင်၊ ကွတ်ခိုင်၊ သီပေါမြို့တွေ ပါဝင်လာမှာဖြစ်ပါတယ်” ဟု မြန်မာ့မီးရထား(အထက်မြန်မာ ပြည်) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မန္တလေး-မူဆယ် ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းအတွက် (CREC) ၏ ကုန်ကျစရိတ်ကျခံမှုဖြင့် ဖြစ်မြောက်နိုင် ခြေလေ့လာမှုဆောင်ရွက်ရန်အတွက် MoU လက်မှတ်ရေးထိုးပွဲကို နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရုံးတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၂ ရက်က ပြုလုပ်ခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ China Railway Eryuan Engineering Group တို့သည် မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းသစ်အား ဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ဆောင်ရွက်ရန်အတွက် Memorandum of Understanding on Feasibility Stuydy For Muse  -Mandalay Railway Project အား MoU လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အရှည်ဆုံးရထားလမ်းပိုင်းတစ်ခုဖြစ်လာမည့် မန္တလေး-မူဆယ် ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းအတွက် China Rail – way Group Limited (CREC) မှ မြေနေရာကွင်းဆင်း စစ်ဆေးလေ့လာမှုများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်ပြုလုပ်ခဲ့ပြီးခဲ့သည့် မေလကပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်နှင့် မြန်မာအစိုးရတို့ ပူးပေါင်းတည်ဆောက်မည့် မန္တလေး-မူဆယ်ရထားလမ်းသည် လမ်းခရီးအရှည်ဆုံးရထားလမ်းကြောင်းတစ်ခုဖြစ်ပြီး ရန်ကုန်-မန္တလေးကား လမ်းခရီးစဉ်ထက် နှစ်ဆပိုမိုမြန်ဆန်ကာ မူဆယ်-မန္တလေးရထားခရီးစဉ် အချိန်သုံးနာရီခန့်သာကြာမြင့်မည်ဟု သိရသည်။

အဆိုပါ မူဆယ်-မန္တလေးရထားလမ်းသစ်သည် ၄၃၁ ကီလိုမီတာရှည်လျားမည်ဖြစ်ပြီး ကုန်နှင့် ခရီးသည်တင်ရန် ဘူတာ ခုနစ်နေရာ၊ ခရီးသည်တင်မည့်ဘူတာ ငါးနေရာ၊ လမ်းခွဲ ၂၄ နေရာရှိမည်ဖြစ်ကြောင်း၊ ရထားသည် တစ်နာရီ ၁၆၀ ကီလိုမီတာ ၉၉ မိုင် မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent