အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်အရ အဆင့်မြှင့်တင်ပြီးသည့် ပြည်တွင်းလေဆိပ်များတွင် နိုင်ငံတကာမှ စင်းလုံးငှားလေကြောင်းခရီးစဉ်များ ကနဦးဆင်းသက်ခွင့့််ပြုမည်

အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်အရ အဆင့်မြှင့်တင်ပြီးသည့် ပြည်တွင်းလေဆိပ်များတွင် နိုင်ငံတကာမှ စင်းလုံးငှားလေကြောင်းခရီးစဉ်များ ကနဦးဆင်းသက်ခွင့့််ပြုမည်
အဆင့်မြှင့်တင်မှုပြုလုပ်မည့် ပြည်တွင်းလေဆိပ်တစ်ခုဖြစ်သည့် ဟဲဟိုးလေဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
အဆင့်မြှင့်တင်မှုပြုလုပ်မည့် ပြည်တွင်းလေဆိပ်တစ်ခုဖြစ်သည့် ဟဲဟိုးလေဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
Published 23 July 2019
ရွှန်းလဲ့ဝင်း

အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်အရ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးသည့် ပြည်တွင်းလေဆိပ်များအား နိုင်ငံတကာမှ စင်းလုံးငှား လေကြောင်းခရီးစဉ်များအား ကနဦးဆင်းသက်ခွင့်ပြုမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

“ပြည်တွင်းလေဆိပ်တွေ အဆင့်မြှင့်တင်မှုပြီးတဲ့အခါ Custom , Immigration  နဲ့ Quaratine သုံးခုစလုံးတော့ ပြည့်စုံအောင်ထားပြီး နိုင်ငံတကာက စင်းလုံးငှားလေယာဉ်ကြောင်း ခရီးစဉ်တွေ အရင်ဆင်းသက်ခွင့်ပေးမယ်။ ဒီအဆင့်မြှင့်တင်ထားတဲ့ လေဆိပ်တွေအနေနဲ့ Facilities တွေပြည့်စုံပြီး လိုအပ်တဲ့အဆင့်တွေပြည့်စုံကြောင်း စစ်ဆေးမှုတွေပြီးရင်တော့ နိုင်ငံတကာလေဆိပ်အဆင့် သတ်မှတ်ပေးသွားမှာပါ” ဟုလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းလေဆိပ်များဖြစ်သည့် ဟဲဟိုး၊ ကော့သောင်းနှင့် မော်လမြိုင်ပြည်တွင်း လေဆိပ်သုံးခုအား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ရန် နောက်ဆုံးအဆင့် တင်ဒါအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တင်ဒါရွေးချယ်ခဲ့ရာတွင် ဟဲဟိုးလေဆိပ်အား KBZ Group ၊ မော်လမြိုင်လေဆိပ်အား Hinthar Group ၊ ကော့သောင်းလေဆိပ်အား Golden Myanmar Airlines Public ကုမ္ပဏီတို့က အသီးသီး လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

သို့ရာတွင် ကော့သောင်းလေဆိပ်အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရ Golden Myanmar Airlines Public ကုမ္ပဏီမှ လေဆိပ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လိုခြင်းမရှိတော့သဖြင့် နောက်ဆုတ်သွားခဲ့သဖြင့် တင်ဒါပြန်လည် ခေါ်ယူမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

“တင်ဒါအောင်ထားပြီးဖြစ်တဲ့ Golden Myanmar Airlines Public ကုမ္ပဏီက  နောက်ဆုတ်သွားတော့ re  -tender ပြန်ခေါ်မှာပေါ့။ တင်ဒါပြန်ခေါ်တဲ့အခါမှာ အချို့အချက်တွေကို ပြန်ပြင်ဖို့ရှိတယ်။ ဘယ်အချက်တွေက ကုမ္ပဏီအနေနဲ့ မလုပ်နိုင်တာလည်းပေါ့။ ကျန်တဲ့ကုမ္ပဏီနှစ်ခုကတော့ စာချုပ်ချုပ်ဖို့ပဲကျန်တာဖြစ်လို့ စာချုပ်ချုပ်ဖို့အတွက် ဆက်လုပ်သွားမယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယင်းလေဆိပ်သုံးခုအား အဆင့်မြှင့်တင်ရာတွင် ပထမအဆင့်၌ ဟဲဟိုးလေဆိပ်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၊ ကော့သောင်းလေဆိပ်အတွက် အမေရိကန်ဒေါ်လာ ၃၆ သန်းနှင့် မော်လမြိုင်လေဆိပ်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ဟဲဟိုး၊ ကော့သောင်းနှင့် မော်လမြိုင်ပြည်တွင်းလေဆိပ်သုံးခုအား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ပထမအဆင့် အနေဖြင့် Expression of Interest (EOI) Document ခေါ်ယူရာတွင် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့် ဟဲဟိုးလေဆိပ်အား ကုမ္ပဏီ ၆၃ ခု၊ မော်လမြိုင်လေဆိပ်ကို ကုမ္ပဏီ ၄၇ ခုနှင့် ကော့သောင်းလေဆိပ်အား ကုမ္ပဏီ ၅ဝခုမှ (EOI) Document အား ဝယ်ယူခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ပြည်တွင်းလေဆိပ်များအား အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းပါဝင်သည့် (PPP) စနစ်ဖြင့် ဆောင်ရွက်ရခြင်းမှာ ICAO Standard အရ Regulator ၏ Service Provider ကဏ္ဍများ ခွဲထုတ်ကာ Regulator ၏ တာဝန်ဝတ္တရားအရ မြန်မာနိုင်ငံ၏ Transport Master Plan ရေးဆွဲပြီး၊ Service Provider အပိုင်းဖြစ်သည့် လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများအား ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားလိုသည့်အတွက်ဖြစ်ကြောင်း သိရသည်။                              

Most Read

Most Recent