နို်င်ငံခြားရင်းနှီးမြှုပ်နှံသူများက ရခိုင်ပြည်နယ်အတွင်း စွမ်းအင်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် ရေလုပ်ငန်းကဏ္ဍများ၌ အဓိကလုပ်ကိုင်ရန် စိတ်ဝင်စားမှုရှိဟုဆို

နို်င်ငံခြားရင်းနှီးမြှုပ်နှံသူများက ရခိုင်ပြည်နယ်အတွင်း စွမ်းအင်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် ရေလုပ်ငန်းကဏ္ဍများ၌ အဓိကလုပ်ကိုင်ရန် စိတ်ဝင်စားမှုရှိဟုဆို
Published 21 July 2019
ဇေယျာငြိမ်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ရခိုင်ပြည်နယ်အတွင်း စွမ်းအင်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် ရေလုပ်ငန်းကဏ္ဍများ၌ အဓိကလုပ်ကိုင်ရန် စိတ်ဝင်စားမှုရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA မှ သိရသည်။

“ရခိုင်မှာလုပ်ငန်းလုပ်ဖို့ FDI တွေ စိတ်ဝင်စားတာက အဓိကတော့ ရေလုပ်ငန်း။ နောက်ပြီး ဟိုတယ်၊ စွမ်းအင်မှာ များပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC က အမေရိကန်ဒေါ်လာ ငါးသန်းအထက်၊ EIA လုပ်ရမည့်ကိစ္စ၊ ရင်းနှီးမြှုပ်နှံမှု ပမာဏများသည့် လုပ်ငန်းများ၊ နိုင်ငံအတွက် အကျိုးသက်ရောက်မှုနှင့် ထိခိုက်မှုကြီးမားသော လုပ်ငန်းအမျိုးအစားများကိုသာ ဆောင်ရွက်လျက်ရှိသည်။

အမေရိကန်ဒေါ်လာ ငါးသန်းနှင့်အောက် ရင်းနှီးမြှုပ်နှံမှုများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်ခွင့်ပြု၊ အတည်ပြုပေး ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လာရောက်လုပ်ကိုင်လိုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြန်မြန်ဆန်ဆန်စိစစ်၍ အတည်ပြုမိန့် ချပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ဖေဖော်ဝါရီက ပြုလုပ်သည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ပြပွဲတွင်ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့ အဆိုပြုလွှာတွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ ဒီအပေါ်မှာ ကျွန်တော်တို့ အတည်ပြုတဲ့ အတည်ပြုအမိန့်တွေကိုလည်းပဲ မြန်မြန်ဆန်ဆန်နဲ့ ဆောင်ရွက်သွားနိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့လည်းပဲ စိစစ်ပြီးတော့ ခွင့်ပြုမှုကို ရရှိမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံရန် စင်ကာပူ၊ ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယစသည့် နိုင်ငံများက အဓိကစိတ်ဝင်စားမှုရှိပြီး လက်ရှိတွင် စင်ကာပူနိုင်ငံက အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံထားကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

“နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအတွက်ကတော့ စင်ကာပူနိုင်ငံကနေ အများဆုံးလာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံထားတာတွေ့ရပါတယ်” ဟု ဦးညီပုက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို နှိုင်းယှဉ်ပါက စွမ်းအင်ကဏ္ဍတွင်  ရင်းနှီးမြှုပ်နှံမှုအများဆုံး ဝင်ရောက်ထားခြင်းဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင်မူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် အများဆုံးဝင်ရောက်ထားခြင်းဖြစ်ကြောင်း ဦးညီပုက ဆက်လက်ပြောကြားသည်။

အဆိုပါ ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ပြပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများမှာလည်း ရခိုင်ပြည်နယ်၏ အလားအလာကောင်းမွန်သည့် ပိုင်ဆိုင်မှုတစ်ခုဖြစ်ကြောင်း၊ ကမ်းလွန်သဘာဝဓာတ်ငွေ့ သိုက်များမှ စီးပွားဖြစ် စတင်ထုတ်လုပ်မှုများကို လာမည့်နှစ်များတွင် စတင်နိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း ပြောကြားသည်။

၁၉၈၈ - ၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် မေလကုန်အထိ နှစ်ပေါင်း ၃၀ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၇၂၅ ခု ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၂၃၄ ဘီလျံကျော်ရှိကြောင်း သိရသည်။

အဆိုပါကာလအတွင်း ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့မှုကို လေ့လာကြည့်ပါက ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် လုပ်ငန်း ၁၅၄ ခုခွင်ြ့ပုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂ ဘီလျံကျော်ရှိသည်။ ရာခိုင်နှုန်းအားဖြင့် ၂၇ ဒသမ ၉၄ ရာခိုင်နှုန်းဖြင့် အများဆုံးခွင့်ပြု ထားသည်။

ထို့အတူ စွမ်းအင်ကဏ္ဍတွင် လုပ်ငန်း ၂၁ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၁ ဘီလျံကျော်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၂၆ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး ခွင့်ပြုထားသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၁ ဘီလျံနီးပါး ခွင့်ပြုခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်းကျော်ရှိသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ၁၀ ဘီလျံ ကျော် ခွင့်ပြုထားပြီး ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်းကျော်ရှိသည်။

အိမ်ခြံမြေကဏ္ဍတွင် ခြောက်ရာခိုင်နှုန်းကျော်၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် လေးရာခိုင်နှုန်းခန့်၊ သတ္တုတွင်းထွက်ကဏ္ဍတွင် သုံးရာခိုင်နှုန်းကျော်၊ အခြားဝန်ဆောင်မှု ကဏ္ဍတွင် သုံးရာခိုင်နှုန်းကျော်ဖြင့် အသီးသီး ခွင့်ပြုခဲ့သည်။

စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုလုပ်ငန်းဆိုင်ရာအိမ်ခြံမြေကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် တစ်ရာခိုင်နှုန်းအောက်သာရှိကြောင်း သိရသည်။                                            

 

Most Read

Most Recent