လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာသန်း ၆၁၀ ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၃ သန်းကျော် ပိုမိုရရှိထား

လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာသန်း ၆၁၀ ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၃ သန်းကျော် ပိုမိုရရှိထား
Published 19 July 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ သန်း ၆၁၀ ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၃ ကျော်ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၅ ရက်အထိ ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၁၁ ဒသမ ၅၆၁ သန်း ရရှိိထားသည်။ ယခင်နှစ်ကာလတူတွင်မူ အမေရိကန်ဒေါ်လာ ၅၆၈ ဒသမ ၃၂၁ သန်းသာ ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးတွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၂၄၀ သန်းပိုမိုရရှိခဲ့ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့  ငါး၊ ပုစွန် အပါအဝင် ရေထွက်ကုန်ပစ္စည်း တင်ပို့နေသည့် ပမာဏက အိမ်နီးချင်းနိုင်ငံများ၏ တင်ပို့မှုပမာဏကိုမီရန် အဆပေါင်းများစွာ လိုအပ်နေသးကြောင်း၊ ထိုကြောင့် တင်ပို့မှုပမာဏကို မြှင့်တင်ရာတွင် သဘာဝ ဖမ်းဆီးရောင်းချခြင်းထက် မွေးမြူရေးစနစ်များ ကောင်းမွန်အောင်ဆောင်ရွက်ကာ တင်ပို့သင့်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ထို့ကြောင့် အမေရိကန်ဒေါ်လာ သုံးဘီလျံခန့်အထိ ရရှိအောင် ထုတ်လုပ်နိုင်ရန် ခေတ်မီနည်းစနစ်များဖြင့် ငါးကန်၊ ငါးစာထုတ်စက်ရုံ၊ အအေးခန်းစက်ရုံနှင့် ထုတ်ကုန်အရည်အသွေးမြှင့် စက်ရုံများကို အင်ဒိုနီးရှား၊ ထိုင်ဝမ်နှင့် တရုတ်ပညာရှင်များဖြင့် ပူးပေါင်းကာ တည်ဆောက်မည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် မေလကပြုလုပ်သည့် ဒုတိယသမ္မတ (၁) နှင့် လုပ်ငန်းရှင်များ ၁၆ ကြိမ်မြောက်တွေ့ဆုံပွဲတွင်  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဌေးမြင့်က တင်ပြခဲ့သည်။

အဆိုပါ ခေတ်မီနည်းစနစ်များဖြင့် ငါးကန်၊ ငါးစာထုတ်စက်ရုံ၊ အအေးခန်းစက်ရုံနှင့် ထုတ်ကုန်အရည်အသွေးမြှင့်စက်ရုံများ တည်ဆောက်ရာတွင် အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ တရုတ်ပညာရှင်များနှင့် မြန်မာလုပ်သားများ ပူးတွဲ၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ယင်းတည်ဆောက်မှုအရ လူဦးရေ တစ်သိန်းခန့်အား အလုပ်အကိုင်များပေးနိုင်မည်ဖြစ်ကြောင်း တင်ပြခဲ့သည်။

ထိုကဲ့သို့ ဆောင်လုပ်ရာတွင် မျိုးငါး၊ မျိုးပုစွန်နှင့် မြေနေရာ၊ SMEs ချေးငွေများ လိုအပ်နေရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ချေးငွေထုတ်ချေးရန် အစီအစဉ်များရှိကြောင်း သိရသည်။

 

Most Read

Most Recent