ပြည်တွင်းအခွန်များဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ အခွန် ကျပ် ၄၈၅၃ ဘီလျံကျော်ရရှိခဲ့ပြီး ကိုးလအတွင်း အခွန်လျာထားချက်၏ ၇၇ ဒသမ ၈၁ ရာခိုင်နှုန်း ကောက်ခံထား

ပြည်တွင်းအခွန်များဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ အခွန် ကျပ် ၄၈၅၃ ဘီလျံကျော်ရရှိခဲ့ပြီး ကိုးလအတွင်း အခွန်လျာထားချက်၏ ၇၇ ဒသမ ၈၁ ရာခိုင်နှုန်း ကောက်ခံထား
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 18 July 2019
စည်သူအောင်

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်း ကျပ် ၄၈၅၃ ဒသမ ၉၅၀ ဘီလျံရရှိခဲ့ပြီး အခွန်လျာထားချက်၏ ၇၇ ဒသမ ၈၁ ရာခိုင်နှုန်း ကောက်ခံထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အခွန် ကျပ် ၆၅၈၆ ဘီလျံကျော် ကောက်ခံရန် မျှော်မှန်းထားခြင်းဖြစ်ပြီး အောက်တိုဘာမှ ဇွန်လအထိ ရှစ်လအတွင်း ကျပ် ၄၈၅၃ ဘီလျံကျော် ကောက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၉၇၀ ဒသမ ၇၃၉ ဘီလျံ၊ သမဝါယမကဏ္ဍမှ ကျပ် ၁ ဒသမ ၄၈၆ ဘီလျံနှင့် ပုဂ္ဂလိကကမှ ကျပ် ၃၈၈၁ ဒသမ ၇၂၅ ဘီလျံ ပါဝင်ခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ အခွန်တစ်မျိုးချင်း ကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၂၀၃၃  ဒသမ ၉၄၈ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၅၉၃ ဒသမ ၇၀၁ ဘီလျံ၊ အထူးကုန်စည်ခွန် ကျပ် ၁၀၇၈ ဒသမ ၆၄၅ ဘီလျံ၊ တံဆိပ်ခေါင်း ခွန် ကျပ် ၄၂ ဒသမ ၁၉၁ ဘီလျံ၊ အောင်ဘာလေသိန်းဆုခွန် ၁၀၅ ဒသမ ၄၆၅ ဘီလျံတို့ ဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း (၂၀၁၈ ခုနှစ် အောက်တိုဘာမှ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း) အခွန်အရပ်ရပ် စုစုပေါင်း ကျပ် ၇၅၇၅ ဒသမ ၉၃၄ ဘီလျံ ကောက်ခံရန်လျာထားပြီး ပြည်တွင်းအခွန် များဦးစီးဌာနမှ ကောက်ခံသည့် ဝင်ငွေခွန်မှ ကျပ် ၂၃၂၄ ဒသမ ၈၁၆ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၂၁၂၂ ဒသမ ၈၃၈ ဘီလျံ၊ အထူးကုန်စည်ခွန်မှ ကျပ် ၁၃၉၁ ဒသမ ၄၅၉ ဘီလျံ၊ တံဆိပ်ခေါင်းခွန်မှ ၇၄ ဒသမ ၆၃၆ ဘီလျံ၊ အောင်ဘာလေသိန်းဆုခွန်မှ ကျပ် ၁၄၂ ဒသမ ၇၈၁ ဘီလျံအထိရရှိရန် မျှော်မှန်းထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန်ကောက်ခံရရှိမှုပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၈၃ ဘီလျံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၉ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၅ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၄၂၃ ဘီလျံ၊ ၂၀၁၈ ဧပြီ- စက်တင်ဘာ ခြောက်လတာကြားကာလတွင် ကျပ် ၂၇၉၂ ဘီလျံကောက်ခံနိုင်ခဲ့သည်။

အခွန်ကောက်ခံရရှိမှုနှင့် ဂျီဒီပီအချိုးမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၆၃ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ၇ ဒသမ ၆၉ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၈၄ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၉၃ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၂၁ ရာခိုင်နှုန်း (မူလခန့်မှန်း ခြေ)၊ ၂၀၁၈ ဧပြီ - စက်တင်ဘာတွင် ၈ ဒသမ ၄၉ ရာခိုင်နှုန်း (မူလခန့်မှန်းခြေ) ဖြစ်သည်။

မြန်မာနိုင်ငံ၏ အခွန်ကောက်ခံရရှိမှုသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ လေးနှစ်ဆက်တိုက်မြင့်တက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အနည်းငယ်ပြန်ကျကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြန်လည်မြင့်တက်ခဲ့သည်။ ထိုသို့အခွန်ကောက်ခံမှုမြင့် တက်လာသော်လည်း အခွန်ရငွေနှင့် ဂျီဒီပီ အချိုးသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ကျဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီ-စက်တင်ဘာတွင် အနည်းငယ်ပြန်လည်မြင့်တက်ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အခွန်အကောက်ရငွေကို ကျပ် ၇၈၆၉ ဘီလျံကျော်ရရှိရန် မျှော်မှန်းထားပြီး ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများသုံးစွဲမှုအပေါ် ကောက်ခံသည့်အခွန်မှ ကျပ် ၄၀၇၁ ဘီလျံဖြင့် အများဆုံးကောက်ခံရရှိရန်ခန့် မှန်းထားသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏ အခွန်အကောက်ရငွေကို မူလခန့်မှန်းခြေတွင် ကျပ် ၇၅၇၅ ဘီလျံ ရရှိရန် မျှော်မှန်းခဲ့ပြီး ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင်မူ ကျပ် ၂၉၄ ဘီလျံကျော် ပိုမိုရရှိရန်မျှော်မှန်းခဲ့ခြင်း ဖြစ်သည်။                                        

မြန်မာနိုင်ငံ၏ နှစ်အလိုက်အခွန်ကောက်ခံရရှိမှု

ဘဏ္ဍာနှစ် ကျပ် ဘီလျံ

၂၀၁၁-၂၀၁၂    ၁၆၈၃

၂၀၁၂-၂၀၁၃    ၃၃၇၃

၂၀၁၃-၂၀၁၄    ၄၄၅၉

၂၀၁၄-၂၀၁၅    ၆၅၁၈

၂၀၁၅-၂၀၁၆    ၆၃၁၅

၂၀၁၆-၂၀၁၇    ၇၁၂၂

၂၀၁၇-၂၀၁၈    ၇၄၂၃

၂၀၁၈ ဧပြီ-စက်တင်ဘာ ၂၇၉၂

၂၀၁၈-၂၀၁၉    ၇၅၇၅ (ခန့်မှန်း)

Most Read

Most Recent