မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာသတ်မှတ်ပြီး နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးပြီးပါက မောတောင်ကုန်သွယ်ရေးစခန်းကို အမြဲတမ်းကုန်သွယ်ရေးစခန်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်မည်

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာသတ်မှတ်ပြီး နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးပြီးပါက မောတောင်ကုန်သွယ်ရေးစခန်းကို အမြဲတမ်းကုန်သွယ်ရေးစခန်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်မည်
မြန်မာ-ထိုင်းနယ်စပ် မောတောင်နယ်စပ်စခန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)
မြန်မာ-ထိုင်းနယ်စပ် မောတောင်နယ်စပ်စခန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)
Published 18 July 2019
နီလာ

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာသတ်မှတ်ပြီး နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးပြီးပါက မောတောင်ကုန်သွယ်ရေးစခန်းကို တရားဝင်အမြဲတမ်းကုန်သွယ်ရေးစခန်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“မောတောင်ကုန်သွယ်ရေးစခန်းကို တစ်ဖက်ထိုင်းနိုင်ငံ ပရာချွတ်ကရီခန်ခရိုင်၊ ဆင်ခွန်းကျေးရွာနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး နှစ်နိုင်ငံနယ်စပ် ဝင်/ ထွက်ဂိတ် မှ နှစ်မိုင်ခန့်အကွာတွင် နိုင်ငံတော်သမ္မတရုံးမှ အတည်ပြုခွင့်ပြုပေးသည့် မြေဧရိယာ ၃၁ ဒသမ ၅၆ ဧကပေါ်တွင် ဖွင့်လှစ်ထားရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြောကြားသည်။

ကုန်သွယ်ရေးစခန်းကို ၂၀၁၃ ခုနှစ် မေ ၈ ရက်တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး  One Stop Services  အဖွဲ့ဝင်ဌာနများမှ ဝန်ထမ်းပေါင်း ၂၈ ဦးဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မောတောင် ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၂ ဒသမ ၅၁၂ သန်း ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ အောက်တိုဘာမှ မေလဆန်းအထိ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၉၁၂ သန်းအထိ ကုန်သွယ်မှုပြုလုပ်ထားသည်။

နှစ်နိုင်ငံနယ်စပ်အား စနစ်တကျတိုင်းတာသတ်မှတ်ပြီးမှသာ နယ်စပ်ဂိတ်နှင့် အမြဲတမ်းနယ်စပ်ကုန်သွယ်ရေးစခန်းများအား ဖွင့်လှစ်နိုင်မည်ဖြစ်သည့်အတွက် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးများတွင်လည်းကောင်း၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံဆွေးနွေးရာတွင်လည်းကောင်း ယင်းကိစ္စကို နှစ်ဖက်ညှိနှိုင်းလျက်ရှိကြောင်း၊ သို့ဖြစ်ရာ နှစ်နိုင်ငံနယ်နိမိတ်အား စနစ်တကျတိုင်းတာသတ်မှတ်ပြီး နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် ဖြည့်စွက်လက်မှတ်ရေးထိုးပြီးပါက မောတောင်ကုန်သွယ်ရေးစခန်းကို တရားဝင်အမြဲတမ်းကုန်သွယ်ရေးစခန်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးသွားနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကိုးလကျော်အတွင်း မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၇၂ဝကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာလေးသန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၇  ရက်အထိ ကိုးလကျော်အတွင်း မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၂၂ ဒသမ ၃၃၃ သန်းရရှိထားသည်။ ယခင်နှစ် ကာလတူတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၁၈ ဒသမ ၀၃၅ သန်းအထိ ရရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် ယခင် နှစ်ကာလတူထက် ဒေါ်လာ ၄ ဒသမ ၂၉၈  သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ မယ်စဲ့၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ်နှင့် ထန်တလန်စသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်/သွင်းကုန်တန်ဖိုး ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံ ကုန်သွယ်နိုင်ရန် ရည်မှန်းထားပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ သာ ဖြစ်ပေါ်စေရန် ရည်မှန်းဆောင်ရွက်မှုမှ လာမည့်ဘဏ္ဍာနှစ်တွင်မူ လိုငွေ ဒေါ်လာ နှစ်ဘီလျံအထိ တိုးမြှင့်ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃၃ ဘီလျံရရှိရန် ရည်မှန်းထားပြီး ကုန်သွယ်မှုလိုငွေအဖြစ် ဒေါ်လာနှစ်ဘီလျံသာရှိရန် မျှော်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။                     

Most Read

Most Recent