ရန်ကုန် စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ရာ၌ နိုင်ငံခြားသားများနှင့် ပြည်တွင်း ပြည်ပမှ နိုင်ငံခြားကုမ္ပဏီ အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ခွင့် ပြုလိုက်ခြင်းကြောင့် ရှယ်ယာ အရောင်းအဝယ် ပိုသွက်လာမည်ဟု သုံးသပ်

ရန်ကုန် စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ရာ၌ နိုင်ငံခြားသားများနှင့် ပြည်တွင်း ပြည်ပမှ နိုင်ငံခြားကုမ္ပဏီ အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ခွင့် ပြုလိုက်ခြင်းကြောင့် ရှယ်ယာ အရောင်းအဝယ် ပိုသွက်လာမည်ဟု သုံးသပ်
ရန်ကုန်စတော့အိတ်ချိန်း၏ အစုရှယ်ယာ အရောင်းအဝယ်ဖြစ်ပေါ်နေမှုကို တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်း၏ အစုရှယ်ယာ အရောင်းအဝယ်ဖြစ်ပေါ်နေမှုကို တွေ့ရစဉ်
Published 17 July 2019
နီလာ

ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ရာ၌ နိုင်ငံခြားသားများနှင့် ပြည်တွင်းပြည်ပမှ နိုင်ငံခြားကုမ္ပဏီ အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ခွင့် ပြုလိုက်ခြင်းကြောင့် ရှယ်ယာ အရောင်းအဝယ်ကဏ္ဍ ပိုမိုသွက်လာမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က သုံးသပ် ပြောကြားခဲ့သည်။

“ရန်ကုန်စတော့အိတ်ချိန်းမှာ ဒီလိုခွင့်ပြုပေးလိုက်တော့ စတော့အိတ်ချိန်းမှာ လုပ်ငန်းကဏ္ဍက ပိုမို သွက်လက်လာမယ်လို့ ထင်ပါတယ်။ စီးပွားရေးရဲ့ သဘောကတော့ စတော့အိတ်ချိန်းလည်း ရှိဖို့လိုပါတယ်။ စတော့အိတ်ချိန်း ခိုင်မာမှသာလျှင် သူက Listed လုပ်လို့ရပြီး အဲဒါမှာ သူ့ရဲ့Business က ပိုပြီး ခိုင်မာလာတယ်။ ဒါကြောင့်မို့ နိုင်ငံခြားကို ပေးလိုက်တာသည် ပြည်တွင်းမှာ တချို့Business တွေ Investment တွေက စတော့အိတ်ချိန်းနဲ့ ပတ်သက်လို့ မသိသေးတာတွေ၊ သိပ်စိတ်မဝင်စားသေးတာတွေ ရှိနေသေးတဲ့ အခြေအနေမျိုးမှာ စျေးကွက်ထဲကို ဝင်ပြီးတော့မှ သိသာလာအောင်၊ ပေါ်လွင် ထင်ရှားလာအောင် လုပ်ပေးနိုင်မယ်လို့ မြင်ပါတယ်။ ဒါသည် အကောင်းဘက်ကို သွားတယ်လို့ပဲ တွက်ပါတယ်”ဟု ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က သုံးသပ် ပြောကြားခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ရာ၌  နိုင်ငံခြားသားများနှင့် ပြည်တွင်းပြည်ပမှ နိုင်ငံခြားကုမ္ပဏီ အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ခွင့်ပြုရန် ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် က စတင်ခွင့်ပြုလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် အစုရှယ်ယာများ၏ ၃၅ ရာခိုင်နှုန်းအထိ နိုင်ငံခြားသားများကို ရှယ်ယာ ထည့်ဝင်ခွင့်ပြုပြီးနောက် အရောင်းအဝယ် ကျဆင်းနေသည့် ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများ အစုရှယ်ယာ အရောင်းအဝယ် ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ အာဏာတည်သည့် ၂၀၁၈ ခုနှစ် သြဂုတ်ကပင် စတင်ကြိုးပမ်းနေခြင်း ဖြစ်သော်လည်း လက်ရှိအချိန်မှသာ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က စတင် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ထိုသို့ နိုင်ငံခြားသားများ အစုရှယ်ယာ ရောင်းဝယ်ခွင့် ပြုလိုက်သော်လည်း လက်ရှိအချိန်တွင် နိုင်ငံခြားသားများ အနေဖြင့် အစုရှယ်ယာများ အရောင်းအဝယ်တွင် ချက်ချင်း ပါဝင်နိုင်ဦးမည် မဟုတ်ဘဲ ရန်ကုန် စတော့အိတ်ချိန်းက အတည်ပြုကြေညာမှသာ စတင် အရောင်းအဝယ် ပြုလုပ်နိုင်မည် ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း၌ လက်ရှိတွင် စာရင်းဝင်ကုမ္ပဏီ ငါးခုရှိနေပြီး အဆိုပါ ကုမ္ပဏီများတွင် လက်ရှိပါဝင် ဆောင်ရွက်နိုင်မည့်သူများမှာ နိုင်ငံခြားသားများနှင့် အဖွဲ့အစည်းဖြစ်ပါက ပြည်တွင်း၌ ဖွဲ့စည်း တည်ထောင်ထားသည့် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအပြင် ပြည်ပနိုင်ငံ တစ်ခုတွင် ဥပဒေနှင့်အညီ ဖွဲ့စည်း တည်ထောင်ထားသော ကုမ္ပဏီများနှင့် အဖွဲ့အစည်းများပါ ရန်ကုန်စတော့အိတ်ချိန်း၏ အစုရှယ်ယာ အရောင်းအဝယ် ပြုလုပ်ရာ၌ ပါဝင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ရှိနေသည့် စာရင်းဝင်ကုမ္ပဏီများ အနေဖြင့် မိမိတို့၏ ကုမ္ပဏီတွင် နိုင်ငံခြားပိုင်ဆိုင်မှုကို မည်သည့် ရာခိုင်နှုန်းအထိ ပါဝင်ခွင့်ပြုမည်ကို ရန်ကုန်စတော့အိတ်ချိန်းသို့  ကြို၍ တင်ပြရမည်ဖြစ်ပြီး ထိုသို့ တင်ပြရာတွင် သက်ဆိုင်ရာ လုပ်ငန်းကြီးကြပ်သည့် အဖွဲ့အစည်း၏ ခွင့်ပြုချက်ရရှိရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent