တရုတ်နိုင်ငံရှိမြို့များနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အကြား ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းခြင်း၊ ဗီဇာဖြေလျှော့ခြင်းများကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်ခရီးသွားဝင်ရောက်မှု တိုးတက်

တရုတ်နိုင်ငံရှိမြို့များနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အကြား ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းခြင်း၊ ဗီဇာဖြေလျှော့ခြင်းများကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်ခရီးသွားဝင်ရောက်မှု တိုးတက်
 Xiamen Airlines ဖြင့် ရှာ့မန်မှ ရန်ကုန်မြို့သို့ လိုက်ပါလာသည့် တရုတ်ခရီးသွားများအား ရန်ကုန်လေဆိပ်၌ တွေ့ရစဉ်
Xiamen Airlines ဖြင့် ရှာ့မန်မှ ရန်ကုန်မြို့သို့ လိုက်ပါလာသည့် တရုတ်ခရီးသွားများအား ရန်ကုန်လေဆိပ်၌ တွေ့ရစဉ်
Published 17 July 2019
ရွှန်းလဲ့ဝင်း

တရုတ်နိုင်ငံရှိမြို့များနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အကြား ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းလာခြင်း၊ ဗီဇာဖြေလျှော့ထားခြင်းတို့ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်ခရီးသွားဝင်ရောက်မှု ယမန်နှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၁၄၀ အထိ တိုးတက်လာခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

၂၀၁၉ ခုနှစ် ခြောက်လတာအတွင်း နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုတွင် ဗီဇာဖြေလျှော့မှုများ ပြုလုပ်ထားသည့် နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံမှ ခရီးသွားရာခိုင်နှုန်း ၁၄၀၊ ကိုရီးယားနိုင်ငံမှ ခရီးသွား ၈၄ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံမှ ခရီးသွား ၂၄ ရာ ခိုင်နှုန်းအထိ တိုးတက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇွန်လကုန်အထိ တရုတ်လေကြောင်းလိုင်းများဖြစ်သည့် Hainan Airlines၊ Sichuan Airlines၊ China Eastern Airlines၊ Xiamen Airlines နှင့် Spring Airlines တို့မှ ရန်ကုန်လေဆိပ်နှင့် တရုတ်နိုင်ငံရှိ မြို့ကြီးများဖြစ်သည့် ချုံချင်း၊ ချန်ဒူး၊ ဟူးဟန် Hohhot၊ ဝူဟန် Wuhan၊ ရှန်ဟိုင်း၊ ရှာ့မန်စသည့် မြို့များသို့ ခရီးစဉ်သစ်ပျံသန်းမှုများ စတင်ခဲ့သည်။

၂၀၁၉ ဇွန်လကုန်အထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ကာ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခွင့်ပြုထားသည့် တရုတ်နိုင်ငံမှ ၃၂၀၈၈၂ ဦးအထိ ရှိခဲ့ပြီး ယမန်နှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက ၁၄၀ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ခွင့်ပြုခဲ့သည့် နိုင်ငံများဖြစ်သည့် ဂျပန်နိုင်ငံမှ ခရီးသွား ၆၀၅၇၄ ဦး ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက ၂၄ ရာခိုင်နှုန်း၊ ကိုရီးယားနိုင်ငံမှ ခရီးသွား ၅၉၅၆၈ ဦး ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက ၈၄ ရာခိုင်နှုန်းအထိ တိုးတက်ဝင်ရောက်ခဲ့ကြောင်းသတင်း ရရှိသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ခြောက်လတာအတွင်း တရုတ်နိုင်ငံမှ ခရီးသွား ၁၃၃၆၉၇ ဦး၊ ကိုရီးယားနိုင်ငံမှ ခရီးသွား ၃၂၃၄၃ ဦးနှင့် ဂျပန်နိုင်ငံမှ ခရီးသွား ၄၈၇၄၅ ဦး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသားအနေဖြင့် ဗီဇာလျှောက်ထားရာတွင် ပြည်ဝင်ခွင့်ဗီဇာအနေဖြင့် ၁၂ မျိုးဖြင့် ခွင့်ပြုပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ထို့ပြင် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု တိုးတက်ရန်အတွက် အီတလီ၊ စပိန်၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျာမနီနှင့် ရုရှား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ ဆိုက်ရောက်ဗီဇာ Visa on Arrival ခွင့်ပြုမည်ဖြစ်ပြီး စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက မကြာသေးခင်က ထုတ်ပြန်ထားသည်။     

 

Most Read

Most Recent