တေးသံရှင်နေဝင်း Snare ရဲ့ ငယ်စဉ်ဘဝ အမှတ်တရ ဖြတ်သန်းရာ

တေးသံရှင်နေဝင်း Snare ရဲ့ ငယ်စဉ်ဘဝ အမှတ်တရ ဖြတ်သန်းရာ
Published 5 July 2019
လင်းလင်းခိုင်

နယ်ပယ်တစ်ခုမှာ အောင်မြင်ချင်သူတွေအတွက် ကိုယ်ရွေးချယ်လိုက်တဲ့အလုပ်ကို ရူးသွပ်ခုံမင်မှု၊ စိတ်ရှည်သည်းခံမှုတွေနဲ့ ကျော်ဖြတ်ရမြဲဖြစ်သလို ကြုံလာရတဲ့ စိန်ခေါ်မှုနဲ့ အခက်အခဲတွေကိုလည်း နောက်မဆုတ်တမ်း ရင်ဆိုင်ကျော်ဖြတ်ရမြဲပါ။ ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသူတစ်ယောက်ဖြစ်တဲ့ တေးသံရှင်နေဝင်း Snare ကလည်း မအောင်မြင်ခင်မှာ ခရီးလမ်းတစ်လျှောက် အခက်အခဲနဲ့ စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့သလို အကြိမ်ကြိမ်လဲပြိုကျခဲ့ပြီး လဲကျခဲ့တိုင်းမှာလည်း ပြန်ရပ်တည်နိုင်အောင် အားတင်းကြိုးစားခဲ့တယ်လို့ဆိုပါတယ်။ တေးသံရှင်နေဝင်း Snare ပြောပြခဲ့တဲ့ ငယ်စဉ်ဘဝရဲ့ ဖြတ်သန်းမှုအမှတ်တရတွေကို အခုတစ်ပတ်မှာတင်ဆက် ပေးချင်ပါတယ်။

တေးသံရှင်နေဝင်းကို ၁၉၈၇ ခုနှစ် ဧပြီ ၂၅ ရက်မှာ မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမလေးယောက်ရှိကာ ဒုတိယမြောက် သားဖြစ်တယ်လို့ဆိုပါတယ်။ သီချင်းတွေကို ငယ်စဉ်ကလေးဘဝတည်းက ရူးသွပ်ခဲ့သူဖြစ်သလို မူကြိုမတက်ခင်အရွယ်မှာ ဖခင်ဝယ်ပေးတဲ့ ဂစ်တာလေးကိုတီးပြီး ကိုယ်ဆိုချင်ရာတွေ ဆိုတတ်တဲ့ အကျင့်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီကလေးဘဝက ဆိုဖြစ်ခဲ့တဲ့သီချင်းတွေကိုလည်း အခုအရွယ်တိုင်အောင် မှတ်မိတယ်လို့လည်း ဆိုပါတယ်။

“ကျွန်တော်ငယ်ငယ်က မှတ်မှတ်ရရဆိုရင် တန်ဆောင်တိုင်မှာလမ်းပိတ်ပြီး စင်တင်ပြဇာတ်လိုမျိုးလုပ်ကြတော့ ကျွန်တော်က ဦးကျော်ဟိန်းသီချင်း မြင်နေတဲ့မျက်လုံးများသီချင်းနဲ့ တေးသရုပ်ဖော်တက်ကခဲ့ဖူးတယ်။ လူတွေအရမ်းသဘောကျပြီး အားပေးကြတယ်။ ပြီးတော့ကျောင်းငယ်လေးတွေကို လိုက်ဖျော်ဖြေပေးဖို့ ငှားခံရတယ်။ ပိုက်ဆံ ၁၅ ကျပ်ရခဲ့ဖူးတယ်” လို့ ငယ်စဉ်ကလေးဘဝရဲ့ အနုပညာနဲ့ ပတ်သက်တဲ့အမှတ်တရကို လွမ်းမောစွာဆိုပါတယ်။

နေဝင်းက ကျောင်းပညာရေးမှာတော့ သာမန်ကျောင်းသားဖြစ်ပြီး စာသိပ်မလုပ်ဘူးလို့ဆိုပါတယ်။ ကျောင်းမှာ နည်းနည်းဆိုးသလို ကျောင်းတက်နေကတည်းကလည်း သီချင်းဆိုတာကြောင့် သူငယ်ချင်းများတယ်လို့လည်း ဆိုခဲ့ပါတယ်။ ကျောင်းသားဘဝရဲ့ အမှတ်တရတွေကတော့ ပြန်တော့မှ ပြန်မရနိုင်သလို ကျောင်းကထိန်ပွဲတွေမှာ သီချင်းတွေလိုက်ဖွင့်ပြတာ၊ ကျောင်းကပွဲတွေမှာ စင်ပေါ်မှာတက်ပြီး Sample ခွေတွေ ပေးတာ၊ ကျောင်းတက်နေရင်းနဲ့ စတူဒီယိုမှာ ညလုံးပေါက်အသံသွင်းပြီးရင် မနက်အစောကြီးထပြီး စတူဒီယိုမှာ ရေချိုးပြီး ကျောင်းတက်ခဲ့တာတွေက အမှတ်တရတွေပါလို့ ဆိုခဲ့ပါတယ်။

အဆိုတော်တစ်ယောက်ဖြစ်လာဖို့ကတော့ အခက်အခဲနဲ့ စိန်ခေါ်မှုများစွာ ကြုံခဲ့ရသလို အဆိုတော်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့တောင် မထင်ခဲ့မိဘူးလို့ ဆိုပါတယ်။ “ရူးသွပ်တဲ့အလျောက် သီချင်းတွေကိုလုပ်တယ်။ ကျွန်တော်သီချင်းဆိုတာ ၁၂ နှစ်သားလောက်ကတည်းကဆိုတာ ၂၂ နှစ်ကျမှပဲ ပရိသတ်က စပြီးလက်ခံလာတာ။ ၁၀ နှစ်လောက် အရင်းအနှီးပေးရတယ်။ သီချင်းနဲ့ပတ်သက်ပြီး ငါးကြိမ်လောက် အလဲထိုးခံရတယ်။ ပြန်ပြီးရပ်တည်နိုင်အောင် ကြိုးစားရတယ်။ လုပ်ထားသမျှသီချင်းတွေအားလုံး တစ်ပုဒ်မှမကျန်အောင် ပျက်ဖူးတယ်။ ကျွန်တော်တို့လုပ်တဲ့ စတူဒီယိုက မျက်နှာကျက်အထိ သုံးကြိမ်တိုင်ရေမြုပ်တယ်။ ပျက်စီးဆုံးရှုံးမှုက အများကြီးပဲ။ စိတ်ဓာတ်တွေကျပြီး ပြန်ပြီးရပ်နိုင်အောင် မနည်းကြိုးစားရတယ်။ Underground မှာလည်း ၁၀ နှစ်လောက်ဝမ်းစာဖြည့်ရတယ်။ စတူဒီယိုမှာလည်း အင်ဂျင်နီယာလုပ်ခဲ့ဖူးတယ်။ သီချင်းနဲ့ပတ်သက်လို့ ကြုံရတဲ့အခက်အခဲနဲ့စိန်ခေါ်မှုကတော့ အများကြီးပဲ” လို့ နေဝင်းက ဆိုပါတယ်။

တေးသံရှင်နေဝင်းက Hip Hop Vibration အဖွဲ့အနေနဲ့ ၂၀၀၅ မှာ အယ်လ်ဘမ်ထွက်ခဲ့ပေမယ့် မပေါက်ခဲ့ဘူးလို့ ဆိုပါတယ်။ ၂၀၁၀ မှသာ Snare အဖွဲ့အနေနဲ့ Rap Game အယ်လ်ဘမ်ထွက်ခဲ့ပြီး ဒိန်းဂျားတေးသီချင်းနဲ့ ပရိသတ်တွေကြားထဲ ရောက်ခွင့်ရလာတယ်လို့ ဆိုပါတယ်။ Snare အဖွဲ့က စတင်ဖွဲ့စည်းမှာ အဖွဲ့ဝင်ငါးယောက်ပါဝင်ပြီး နောက်ဆုံး နေဝင်းနဲ့ ဖြိုးလေး နှစ်ယောက်သာကျန်ရှိခဲ့ပြီး ကြိုးစားတည်ဆောက်လာခဲ့တယ်လို့ ဆိုပါတယ်။

တေးသံရှင်နေဝင်းက “ဆွေမျိုးပါမေ့” တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိခဲ့သလို ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့ပြီး အခွေထွက်ရှိပြီး နောက်တစ်ပတ်မှာတော့ စီးတီးမတ်ရဲ့ Best Selling နံပါတ်တစ်ကို ရောက်ရှိခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ တေးသံရှင်နေဝင်းက Travel Bloger အိမ့်ချစ်ချော Travel Kueen နဲ့ ခိုင်မာတဲ့ Relationship တစ်ခုကို တည်ဆောက်ထားတာပါ။ ကိုယ်ထူကိုယ်ထ အားလုံးကို အတူတူကြိုးစားခဲ့သလို နှစ်ယောက်အတူ ပူးပေါင်းလုပ်ခဲ့တဲ့ အလုပ်တွေလည်း ရှိတယ်လို့ဆိုပါတယ်။

“ဒီနှစ်ထဲမှာ ဖန်တီးမှုအသစ်တွေ နားထောင်ရမယ်။ တစ်ယောက်တည်းတွေ ထပ်ပြီးနားထောင်ရမှာဖြစ်သလို Snare အနေနဲ့လည်း ဆိုထားတာတွေမြင်ရဦးမယ်။ ဒီနှစ်ထဲမှာ Snare အနေနဲ့ ရှိုးတစ်ပွဲလုပ်ဖို့ အစီအစဉ်ဆွဲထားတယ်။ G- Family အနေနဲ့လည်း သီချင်းအသစ်တွေနားထောင်ရဦးမယ်” လို့ တေးသံရှင်နေဝင်းက ပရိသတ်များထံ သတင်းစကားပါးခဲ့ပါတယ်။                                                           

 

Most Read

Most Recent