မြန်မာနိုင်ငံ၌ တိုယိုတာမော်တော်ကားကုမ္ပဏီက ရင်းနှီးမြှုပ်နှံရန်ဆုံးဖြတ်ပြီးနောက်ပိုင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားသည့် ဂျပန်ကုမ္ပဏီအများအပြားရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ပြောကြား

မြန်မာနိုင်ငံ၌ တိုယိုတာမော်တော်ကားကုမ္ပဏီက ရင်းနှီးမြှုပ်နှံရန်ဆုံးဖြတ်ပြီးနောက်ပိုင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားသည့် ဂျပန်ကုမ္ပဏီအများအပြားရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ပြောကြား
သီလဝါအထူးစီးပွားရေးဇုန်ရှိ ဆူဇူကီးမော်တော်ကားထုတ်လုပ်ရေးစက်ရုံအတွင်း မြင်ကွင်းအား တွေ့ရစဉ်
သီလဝါအထူးစီးပွားရေးဇုန်ရှိ ဆူဇူကီးမော်တော်ကားထုတ်လုပ်ရေးစက်ရုံအတွင်း မြင်ကွင်းအား တွေ့ရစဉ်
Published 25 June 2019
ရွှန်းလဲ့ဝင်း

 

မြန်မာနိုင်ငံတွင် တိုယိုတာမော်တော်ကားကုမ္ပဏီ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ပြီးနောက်ပိုင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် ဂျပန်ကုမ္ပဏီ အများအပြားရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr Ichiro Maruyama က ပြောကြားသည်။

 

မြန်မာနိုင်ငံရှိ သီလဝါအထူးစီးပွားရေးဇုန်မှာ အောင်မြင်နေသည့် စီးပွားရေးဇုန်တစ်ခုဖြစ်ပြီး တိုယိုတာမော်တော်ကားကုမ္ပဏီက အဆိုပါသီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း သီလဝါတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ဝင်စားသည့် ဂျပန်ကုမ္ပဏီအများအပြားရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr Ichiro Maruyama က ပြောကြားသည်။

 

“သီလဝါအထူးစီးပွားရေးဇုန်က အင်မတန်အောင်မြင်နေတဲ့ စီးပွားရေးဇုန်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အခုတိုယိုတာမော် တော်ကားကုမ္ပဏီက သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ပြီးပြီ။ နောက်ထပ်ပြီး သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေ အများအပြားရှိနေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr Ichiro Maruyama က ဇွန် ၂၂ရက်က  The Daily Eleven  သတင်းစာ၏ မေးမြန်းမှုအား ဖြေကြားခဲ့သည်။

 

တိုယိုတာက ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံကာ သီလဝါအထူးစီးပွားရေးဇုန်၌ စက်ရုံတည်ဆောက်ပြီး ၂၀၂၁ ခုနှစ်မှ စတင်ကာ တစ်နှစ်လျှင် Toyota Hilux အစီးရေ ၂၅၀၀ အား SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း တိုယိုတာမော်တော်ကော်ပိုရေးရှင်းမှ မေ ၃၀ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

 

တိုယိုတာမော်တော်ကော်ပိုရေးရှင်း ( တိုယိုတာ)အနေဖြင့် မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းဖြစ်သည့် တိုယိုတာမြန်မာကုမ္ပဏီလီမိတက် (Toyota Myanmar Co.,Ltd TMY ) ကို ဖွဲ့စည်းတည်ထောင်ကာ ပြည်တွင်း၌ Toyota Hilux အမျိုးအစားမော်တော်ယာဉ်များအား တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အညီ ပြည်တွင်းစျေးကွက်အတွင်း မော်တော်ယာဉ်အသစ်ဝယ်လိုအားမှာ မကြာသေးမီနှစ်များအတွင်း တစ်ဟုန်ထိုး တိုးတက်မြင့်မားလျက်ရှိသည်။ (၂၀၁၈ ခုနှစ် စျေးကွက်အချက်အလက်များအရ စီးရေ ၁၈၀၀၀ ခန့်ရှိပြီး ယင်းမှာ လွန်ခဲ့သောနှစ်ကာလကထက် ၂ ဒသမ ၁ ဆကျော်ရှိသည်)။

         

တိုယိုတာအနေဖြင့် ယခုလက်ရှိ Toyota Hilux ,Vios, Rush နှင့် အခြားအမျိုးအစားယာဉ်များ တင်သွင်းရောင်းချလျက်ရှိကာ ၂၀၁၉ ခုနှစ် ဇွန်လ၊ တိုယိုတာမြန်မာ (TMY) ကို တည်ထောင်ပြီး ပြည်တွင်းဝယ်ယူအားပေးကြသည့် စားသုံးသူများ တိုယိုတာမော်တော်ယာဉ်များအား ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ခွင့်ရစေရန်အတွက် လုပ်ငန်းများတိုး ချဲ့ဆောင်ရွက်မည်ဟု ရည်ရွယ်ထားကြောင်း သိရသည်။

 

တိုယိုတာမြန်မာ (TMY) စက်ရုံအား ရန်ကုန်မြို့တောင်ဘက်ရှိ သီလဝါအထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်မည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ လုပ်သားအင်အား ၁၃၀ ခန့်ဖြင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ကုန်ထုတ်လုပ်ငန်းများ စတင်ဆောင်ရွက်သည့်အချိန်မှစ၍ တစ်နှစ်လျှင် Toyota Hilux အစီးရေ ၂၅၀၀ အား SKD(Semi Knock Down) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

 

တိုယိုတာမြန်မာ (TMY) တွင် အစုရှယ်ယာပါဝင်မှုအနေဖြင့် Toyota Motor Corporation မှ ၈၅ ရာခိုင်နှုန်း၊ Toyota Tsusho Corporation မှ ၁၅ ရာခိုင်နှုန်း ပါဝင်ထားကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံမှ မော်တော်ကားကုမ္ပဏီတစ်ခုဖြစ်သည့် ဆူဇူကီးမော်တော်ကားကုမ္ပဏီမှ မော်တော်ယာဉ်ထုတ်လုပ်သည့် စက်ရုံအား လာရောက်ရင်းနှီးမြှုပ်နှံထားပြီး ကားသစ်များကို၂၀၁၈ ဇန်နဝါရီတွင် စတင်ထုတ်လုပ်ခဲ့ပြီး လက်ရှိတွင် တောင်ဒဂုံစက်မှုဇုန်နှင့် သီလဝါစက်မှုဇုန်ရှိ မော်တော်ယာဉ်စက်ရုံတို့ မှ ၂၀၁၈ ခုနှစ်အတွင်း မော်တော်ယာဉ်အစီးရေ ၁၁၆၉၁ စီး ထုတ်လုပ်ရောင်းချပြီးဖြစ်ကြောင်း သိရသည်။                        

 

Most Read

Most Recent