ဉာဏ်ပညာဟူသည် . . .

ဉာဏ်ပညာဟူသည် . . .
Published 20 June 2019

အကြမ်းအားဖြင့် အတွေ့အကြုံ၊ ဗဟုသုတနှင့် ကောင်းစွာ အကဲဖြတ်နိုင်ခြင်း အရည်အသွေးအား ဉာဏ်ပညာဟု ခေါ်ကြသည်။ သို့သော် ဉာဏ်ပညာဟူသည် သဘောတရားရေးရာ ဗဟုသုတနှင့် ဆယ်စုနှစ်ချီကြာသော ဘဝ အတွေ့အကြုံဆိုသည့် အရာများထက် များစွာပိုလေသည်။ ဉာဏ်ပညာရှိသူဟု ခေါ်ဆိုရန်အတွက် ဉာဏ်ပညာ ရှိပုံရှိနည်းကလည်း တစ်ခုမက ရှိလေသည်။ ဥပမာအားဖြင့် ဝင်စတန်ချာချီသည် လက်တွေ့ကျသော ဉာဏ်ပညာရှိသူ အဖြစ် ထင်ရှားသည်။ မာသာထရီဆာကို စေတနာ ထက်သန်သော ဉာဏ်ပညာရှိသူဟု ခေါ်ကြသည်။ ဆိုကရေးတီးသည် ဒဿနိကဗေဒဆိုင်ရာ ဉာဏ်ပညာ ထက်သန်သူအဖြစ် ထင်ရှားခြင်း ဖြစ်သည်။ ဉာဏ်ပညာအပေါ် လူသားတို့၏ ယုံကြည်မှုများသည် မည်သည့်နေရာမှ မြစ်ဖျားခံလာခဲ့သနည်း။ မည်သည့်အရာကို ဉာဏ်ပညာရှိသည်ဟု ခေါ်ဆိုရန် စိတ်ပညာအရ မည်သည့် သိမြင်မှုများက လှုံ့ဆော်သနည်း။

ရာစုနှစ်များချီလျက် ထွန်းကားလာသော ယဉ်ကျေးမှုများသည် ကိုယ်ကျင့်တရားဆိုင်ရာနှင့် မွန်မြတ်သော သုစရိုက်မှုများ ဆိုင်ရာအရ ဘဝနှင့်ပတ်သက်သော အကြောင်းအရာများမှ တစ်ဆင့် ဉာဏ်ပညာနှင့် ပတ်သက်သော သဘောတရားများကို လက်ဆင့်ကမ်းခဲ့ ကြသည်။ ယင်းအကြောင်းအရာ ပုံပြင်များသည် ဆူမားရီးယန်းများ၊ ရှေးဟောင်းအီဂျစ်များ၊ ရှေးဟောင်းဟိန္ဒူကျမ်းများ၊ တရုတ်ပြည်မှ တာအိုဝါဒနှင့် ကွန်ဖြူးရှပ်၏ အရေးအသားများနှင့် ရှေးဟောင်း ဂရိတွေးခေါ်ရှင်များ အစရှိသဖြင့် တစ်ကမ္ဘာလုံးမှ လာခြင်း ဖြစ်သည်။ ယင်းအစဉ်အလာများအရ ဉာဏ်ပညာသည် စေတနာထက်သန်ခြင်း နှင့် အခြားသူများကို နားထောင်ခြင်း (ကွန်ဖြူးရှပ်ဝါဒ)၊ မိမိကိုယ်ကိုယ် ထင်ဟပ်ခြင်း (တာအိုဝါဒ)၊ သဘာဝအတိုင်း ဘဝကို ဖော်ထုတ်ခြင်း (လောင်ဇူး) နှင့် မေးခွန်းထုတ်ခြင်း (ဆိုကရေးတီး) တို့အပြင် အသိဉာဏ်ရှိသော နှိမ့်ချမှု အစရှိသဖြင့် မဏ္ဍိုင်များစွာတို့ပေါ်၌ တည်မှီနေသည်။

စိတ်ပညာဆိုင်ရာ သုတေသနများက ဉာဏ်ပညာကို သိမြင်မှုဆိုင်ရာ (ဗဟုသုတ နှင့် အတွေ့အကြုံ)၊ ထင်ဟပ်ပြမှုဆိုင်ရာ (အကြောင်းအရာများနှင့် မိမိကိုယ်တိုင်ကို စစ်ဆေးနိုင်စွမ်း) နှင့် လူမှုရေးလိုလားမှုဆိုင်ရာ (စေတနာသဒ္ဓါတရားနှင့် စာနာစိတ်) အစရှိသည့် အကြောင်းအရာများ ပါဝင်သည့် မျက်နှာစာများစွာရှိသော သဘောတရားတစ်ရပ်အဖြစ် ရှုမြင်ကြသည်။ ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် ပညာ ရှိသည့်စဉ်းစားမှုကို အသုံးပြုရန် ရှိလာသည့်အခါ အမြင်များနှင့်ပတ်သက်သော အရေးပါပုံ အချက်ကို လေ့လာကြသည်။ အထူးသဖြင့် မိမိကိုယ်ကိုယ် ဗဟိုပြု စဉ်းစားခြင်းထက် အခြားသူ (တတိယပုဂ္ဂိုလ်) အနေဖြင့် အနေအထားများကို ရှုမြင်ခြင်းက အရေးပါသည်။ ယင်းသည် ပထမပုဂ္ဂိုလ် (မိမိကိုယ်တိုင်) ၏ အနေအထား ရှုထောင့်မှနေ၍ အဖြစ်အပျက်များကို စစ်ဆေးခြင်းသည် အနေအထားများနှင့်ပတ်သက်၍ အာရုံစိုက်ရမည့် လက္ခဏာရပ်များကို သတိပြုမိနိုင်ရန် အကန့်အသတ် ရှိနိုင်သောကြောင့် လည်းကောင်း၊ အပိတ်စနစ် ဆန်သော စိတ်ထားမျိုးဖြင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့ကိုသာ အဓိကထားနေနိုင်သောကြောင့် လည်းကောင်း ဖြစ်သည်။ အခြားတစ်ဘက်၌လည်း တတိယပုဂ္ဂိုလ်အမြင်မှတစ်ဆင့် မိမိကိုယ်တိုင်မှ ခွာ၍ကြည့်ခြင်းသည် သက်ဆိုင်ရာ အကြောင်းအရာများကို ပိုမိုကျယ်ပြန့်သော အဝန်းအဝိုင်းအတွင်း မြင်နိုင်ရန် အထောက်အကူ ပြုသည်။ ယင်းသည် အဘယ့်ကြောင့် လူသားတို့အနေဖြင့် မိမိကိုယ်တိုင်ထက် အခြားသူများ၏ ဘဝများအပေါ် ထင်ဟပ်ပြသည့်အခါ ပိုမိုကြီးမားသော ဉာဏ်ပညာကို ပြသနိုင်ခြေ ရှိသနည်းဟူသည့် အချက် ဖြစ်သည်။ ယင်းသည် လူသားတို့အနေဖြင့် အဘယ့်ကြောင့် ဉာဏ်ပညာကို အလိုအပ်ဆုံး ဖြစ်နေချိန်၌ ယင်း ဉာဏ်ပညာကို အနည်းဆုံး အသုံးပြုရသနည်းဟူသည့် အချက်လည်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဉာဏ်ပညာအများစုသည် အနေအထားနှင့် အကြောင်းအရာများအပေါ် တည်မှီနေပြီး အမျိုးမျိုး ကွဲပြားနိုင်သောအရာ ဖြစ်သော်လည်း လူ့အဖွဲ့အစည်း၏ ကောင်းကျိုးအတွက် ဉာဏ်ပညာဟူသည် မရှိမဖြစ် လိုအပ်သောအရာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန်လ ၂၁  ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent