ဒီမိုကရေစီစနစ်နှင့် ကောင်းမွန်သောအုပ်ချုပ်မှု

ဒီမိုကရေစီစနစ်နှင့် ကောင်းမွန်သောအုပ်ချုပ်မှု
Published 12 June 2019

ပြည်သူများအတွက် ထိရောက်သော ဆောင်ရွက်မှုများကို ချပြနိုင်သည့် အစိုးရတစ်ရပ်သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ကြန့်ကြာနှောင့်နှေးမှုမရှိဘဲ ဆောင်ရွက်တတ်ကြသည်။ ကောင်းမွန်စွာ ဖွဲ့စည်းတည်ဆောက်ထားခြင်း၊ ကဏ္ဍတိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်ခြင်း၊ အကောင်းဆုံးသော ဖြေရှင်းဆောင်ရွက်ပုံ နည်းလမ်းဖြင့် အုပ်ချုပ်နိုင်ခြင်းတို့သည် ပြည်သူတို့ သဘောကျနှစ်ခြိုက်သော အစိုးရတစ်ရပ်၏ လုပ်ဆောင်ပုံများပင်ဖြစ်သည်။ နိုင်ငံသားတို့အတွက် ကောင်းကျိုးရှိသောစီမံကိန်းများကိုသာ အကောင်အထည်ဖော်၍ မိမိတို့ချမှတ်ခဲ့သော လမ်းစဉ်များ၊ စီမံကိန်းများနှင့် ဆောင်ရွက်ချက်တို့အပေါ် တာဝန်ယူနိုင်သော အစိုးရတစ်ရပ်သည် နိုင်ငံသားများအတွက် ကောင်းမွန်သော သမိုင်းတစ်ခုကို ဖန်တီးပုံဖော်ပေး နိုင်ပေသည်။ အစိုးရတစ်ရပ်အနေဖြင့် ကျွမ်းကျင်မှု၊ ထိရောက်မှု၊ တာဝန်ခံမှု၊ တာဝန်ယူနိုင်မှု လိုလိုလားလား တု့ံပြန်တတ်မှုနှင့် တရားဝင်မှုစသည့် ၀ိသေသများရှိသင့်ပြီး တရားဥပဒေနှင့်အညီ အုပ်ချုပ်ကာ နိုင်ငံသားများအားလုံးအပေါ် တစ်ပြေးညီရှိသော ဥပဒေ ကျင့်သုံး ဆာင် ရွက်တတ်ရန်သည် အရေးကြီးပေသည်။ သို့ဆိုလျှင် ပြည်သူများအကြောက်တရားမှ ကင်းဝေးစေပြီး အုပ်ချုပ်ရေးကောင်းတစ်ရပ် ဖြစ်ပေလိမ့်မည်။

ကောင်းသောအုပ်ချုပ်ရေးတစ်ရပ်ကို ထိန်းသိမ်းရာ၌ တာဝန်ခံမှုရှိခြင်းသည် အလွန်အရေးကြီးသည့် သဘောတရားတစ်ရပ် ဖြစ်လာသည်။ တာဝန်ခံမှုရှိခြင်းကို အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုရလျှင် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မိမိယူထားသည့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ လုပ်ဆောင်ချက်များအတွက် ပြန်လည်ဖြေကြားနိုင်စွမ်း ရှိခြင်းပင်ဖြစ်သည်။ မိမိယူထားရသည့် တာဝန်သည် စီမံကိန်းတစ်ရပ်အတွက် သင့်တော်သူများကို ရွေးချယ်ပေးရခြင်းဖြစ်ပါက တာဝန်ခံမှု၌ ရွေးချယ်မှုကို သတ်မှတ်ချက်များ အသုံးပြုမှုနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ရှိမရှိ၊ သတ်မှတ်ထားသည့် ဘတ်ဂျက်အတွင်း အချိန်မီလုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိ အစရှိသည်တို့ပါဝင်သည်။ ထို့ကြောင့် တာဝန်ခံမှု၌ လုပ်ဆောင်ရမည့် တာဝန်တ္တရားဆိုင်ရာ ရှင်းလင်းသောသတ်မှတ်ချက်၊ အချိန်မူဘောင်နှင့် လုပ်ငန်းဆောင်ရွက်ရန်ရရှိနိုင်သော ဘတ်ဂျက်တို့ ပါဝင်သည်။ ၎င်းအပြင် ယင်းလုပ်ငန်းတာဝန်များနှင့်ပတ်သက်သော လုပ်ဆောင်ချက်များအတွက် တာဝန်ယူမှုနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းဖြစ်ရန်လည်း အရေးကြီးသည်။ တာဝန်ယူသော သက်ဆိုင်ရာပုဂ္ဂိုလ်များ၌ လိုအပ်သော အရည်အချင်းများ ရှိ မရှိနှင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်ရင်း မြစ်များလုံလောက်မှု ရှိ မရှိ အစရှိသည်တို့သည်လည်း အရေးကြီးသည်။

  ဒီမိုကရေစီစနစ်၌ အစိုးရသည် နိုင်ငံသားများအပေါ် တာဝန်ခံရသောကြောင့် ဆုံးဖြတ်ချက်မှန်သမျှသည် ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်သည်။ ဒီမိုကရေစီ၌ ချမှတ်သည့် ဆုံးဖြတ်ချက်များအတွက် တာဝန်ယူရသည်။ ဆုံးဖြတ်ချက်မှားယွင်းခဲ့ပါက ချက်ချင်းပြန်လည်ပြင်ဆင်ရမည်မှာလည်း အစိုးရ၏ တာဝန်ဖြစ်သည်။ ဒီမိုကရေစီစနစ်၌ အစိုးရတစ်ရပ်အနေဖြင့် တရားဝင်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရသည်။ မည်သူမျှ တရားဥပဒေ၏ အထက်၌မရှိဘဲ အစိုးရအဖွဲ့ဝင်များအပါအဝင် နိုင်ငံသားအားလုံး ဥပဒေများကို လိုက်နာကြရသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပရသည်။

သာမန်ပြည်သူတစ်ဦးအနေဖြင့် အစိုးရထံ ချဉ်းကပ်ကာ သူ၏ မကျေနပ်ချက်များကို တင်ပြနိုင်ပြီး အစိုးရက လိုအပ်သည့် တုံ့ပြန်မှု ပြုလုပ်ပေးရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ် ဖြစ်စေ၊ အာဏာရှင်စနစ်ဖြစ်စေ အစိုးရအဖွဲ့များ၌ အကြီးမားဆုံးပြဿနာတစ်ရပ်ရှိသည်။ ယင်းမှာ အဂတိလိုက်စားမှုဖြစ်သည်။ ပြည်သူများက ၎င်းတို့ကို ကိုယ်စားပြုမည့်သူများအား ရွေးကောက်ပွဲမှတစ်ဆင့် ရွေးချယ်လိုက်ကြသော်လည်း ၎င်းတို့က ရွေးချယ်လိုက်သူများသည် ပြည်သူများ၏ ကောင်းကျိုးချမ်းသာအစား ပြည်သူ့အာဏာကို အလွဲသုံးစားပြု၍ မိမိတို့၏ ကိုယ်ကျိုးကိုသာ လုပ်ဆောင်ကြသောအခါ ဒီမိုကရေစီစနစ်များ ကျဆုံးရလေသည်။

မည်သည့်အစိုးရမျိုးမဆို ပြည်သူများ၏ ကောင်းကျိုးချမ်းသာကို ရှေးရှုရမည်ဖြစ်ပြီး မိမိတို့တာဝန်ရယူစဉ် သမိုင်းဆိုးမကျန်ရှိစေရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန် 13 ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

Most Read

Most Recent