စမ်းသပ်ပညာရေး

စမ်းသပ်ပညာရေး
Published 11 June 2019

စမ်းသပ်ပညာရေးဟူသည် လေ့လာသင်ယူသူများကို တိုက်ရိုက်အတွေ့အကြုံများ ရရှိပြီး မိမိတို့၏ လူ့အသိုင်းအဝိုင်း၌ ထည့်ဝင်နိုင်မည့် လူတို့၏ စွမ်းရည်များ ဖွံ့ဖြိုးလာရန်၊ အသိပညာများ တိုးပွားလာရန်၊ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာရန်နှင့် စံတန်ဖိုးများကို ရှင်းရှင်းလင်းလင်း သိမြင်လာနိုင်ရန်တို့အလို့ငှာ ထင်ဟပ်ချက်များအပေါ် အဓိကထားနိုင်စေရေးအတွက် ပညာပေးသူများအနေဖြင့် ရည်ရွယ်ချက်ဖြင့် လုပ်ကိုင်ရသည့် နည်းစနစ်ပိုင်းဆိုင်ရာများစွာတို့ကို အသိပေးသော သင်ကြားရေးဆိုင်ရာ ဒဿနတစ်ရပ်ဖြစ်သည်။

စမ်းသပ်ပညာရေး၌ ပညာပေးသူများထဲတွင် အတိုင်းအတာ အလွန်ကျယ်ပြောသည့် ဆရာများ၊ နှစ်သိမ့်ဆွေးနွေးအကြံပေးသူများ၊  ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တည်ဆောက်သူများ၊  ကုထုံးဆိုင်ရာပုဂ္ဂိုလ်များ၊ စိန်ခေါ်ရေးသင်ရိုးကျင့်သုံးသူများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ပညာပေးသူများ၊ လမ်းညွှန်သူများ၊ ညွှန်ကြားချက်ပေးသူများ၊ နည်းပြများ၊ စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ လုပ်ကိုင်သူများနှင့် အခြားအခြားသော ပရော်ဖက်ရှင်နယ်ပေါင်းများစွာ ပါဝင်သည်။

များစွာသော စည်းမျဉ်းစည်းကမ်းများနှင့် နောက်ခံဆက်တင်များက စမ်းသပ်ပညာ ရေးနည်းစနစ်များကို အသုံးပြုပြီး ယင်းတွင် စာသင်ခန်းပြင်ပနှင့် စွန့်စားရှာဖွေမှုပညာရေး၊ သမားရိုးကျမဟုတ်သော ပညာရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရေး၊ ကျောင်းသားဗဟိုပြု ပညာရေး၊ ပုံမှန်အတိုင်းမဟုတ်သော ပညာရေး၊ တက်ကြွစွာ လေ့လာသင်ယူမှု၊ ဝန်ဆောင်မှုကို လေ့လာသင်ယူမှု၊ ပူးပေါင်းဆောင်ရွက်မှုကို လေ့လာသင်ယူမှုနှင့် စူးစမ်းရှာဖွေမှုကို လေ့လာသင်ယူမှုတို့ ပါဝင်သည်။

အသေအချာရွေးချယ်ထားသော အတွေ့အကြုံများကို ထင်ဟပ်ပြခြင်း၊ ဝေဖန်သုံးသပ်စိစစ်ပြခြင်းနှင့် ပေါင်းစပ်ဖန်တီးခြင်းတို့အားဖြင့် ထောက်ပံ့လိုက်သည့်အခါ စမ်းသပ်လေ့လာသင်ယူခြင်း ဖြစ်ပေါ်သည်။ လေ့လာသင်ယူသူကို စေ့ဆော်မှုရအောင်၊ ဆုံးဖြတ်ချက်ချနိုင်အောင်နှင့် ရလဒ်များနှင့်ပတ်သက်၍ တာဝန်ယူတတ်အောင် ပြုလုပ်ရန် လိုအပ်ချက်များကို အတွေ့အကြုံများအားဖြင့် ဖွဲ့စည်းတည်ဆောက်ရသည်။ စမ်းသပ်လေ့လာ သင်ယူခြင်းလုပ်ငန်းစဉ်တစ်လျှောက် လေ့လာသင်ယူသူသည် သိလိုစိတ်ရှိလျက် မေးခွန်းထုတ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် စမ်းသပ်လုပ်ဆောင်ခြင်းတို့ကို တက်ကြွစွာဆောင်ရွက်ပြီး ဖန်တီးမှုရှိစွာဖြင့် အဓိပ္ပာယ်များကို တည်ဆောက်ကာ ပြဿနာများကို ဖြေရှင်းခြင်း၊ တာဝန်ယူခြင်းတို့ကို ဆောင်ရွက်ရသည်။

လေ့လာသင်ယူသူသည် အသိဉာဏ်ရှိစွာ ဆန္ဒပြင်းပြစွာ လူမှုရေးအသိရှိစွာ စိတ်ပါလက်ပါနှင့် ရုပ်ပိုင်းဆိုင်ရာအရလည်း တက်ကြွစွာ ပါဝင်ရသည်။ ယင်းပါဝင်မှုသည် လေ့လာသင်ယူမှုတာဝန်က အစစ်အမှန်ဖြစ်သည်ဟူသည့် ကြိုတင်ထင်မြင်ချက်တစ်ရပ်ကို ဖြစ်စေသည်။ လေ့လာသင်ယူခြင်း၏ ရလဒ်များသည် ပုဂ္ဂိုလ်အလိုက်ဖြစ်ပြီး အနာဂတ်အတွေ့အကြုံများနှင့် အနာဂတ်လေ့လာသင်ယူမှုများအတွက် အခြေခံကို ဖွဲ့စည်းပေးသည်။ လေ့လာသင်ယူသူ၏ ၎င်းနှင့် ၎င်းကိုယ်တိုင်အကြား၊ ၎င်းနှင့် အခြားသူများအကြား၊ ၎င်းနှင့် ကျယ်ပြောသော ကမ္ဘာလောကတို့အကြား ဆက်ဆံရေးများကို ဖွံ့ဖြိုးလာစေမှုနှင့် ပျိုးထောင်မွေးမြူမှုတို့ကို ဖြစ်စေသည်။ ထွက်ပေါ်လာမည့် အတွေ့အကြုံဆိုင်ရာ ရလဒ်များကို လုံးဝကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသောကြောင့် ပညာပေးသူနှင့် လေ့လာသင်ယူသူတို့သည် အောင်မြင်မှု၊ ကျရှုံးမှု၊ စွန့်စားရှာဖွေမှု၊ အန္တရာယ်ဖြစ်နိုင်ခြေကို ရယူမှုနှင့် မရေရာမှုတို့အား တွေ့ကြုံရနိုင်သည်။ လေ့လာသင်ယူသူများအတွက် အခွင့်အလမ်းများဟူသည်ကို ပျိုးထောင်မွေးမြူရပြီး ပညာပေးသူများအနေဖြင့်လည်း မိမိတို့၏ ကိုယ်ပိုင်စံတန်ဖိုးများကို စစ်ဆေးရှာဖွေရသည်။

ပညာပေးသူ၏ အခြေခံအခန်းကဏ္ဍများ၌ သင့်လျော်သော အတွေ့အကြုံများကို နောက်ခံတစ်ရပ်အဖြစ် တည်ဆောက်ခြင်း၊ ပြဿနာများကို ဖွဲ့စည်းခြင်း၊ နယ်နိမိတ်အပိုင်း အခြားများသတ်မှတ်ခြင်း၊ လေ့လာသင်ယူသူများကို အထောက်အပံ့ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို အာမခံခြင်းနှင့် လေ့လာသင်ယူမှု လုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့စေခြင်းတို့ပါဝင်သည်။ ပညာပေးသူသည် လေ့လာသင်ယူမှုအတွက် အလိုအလျောက်ဖြစ်ပေါ်လာသော အခွင့်အလမ်းများကို သိမြင်ရန်နှင့် အားပေးရန် လိုအပ်သည်။ ပညာပေးသူသည် ၎င်းတို့၏ ဘက်လိုက်ယူဆမှုများ၊ အကဲဖြတ်ချက်များနှင့် ကြိုတင်တွေးထင်ထားသည်များတို့နှင့်ပတ်သက်၍ သတိပြုမိရန် ကြိုးစားရမည်ဖြစ်ပြီး ၎င်းတို့က လေ့လာသင်ယူသူအပေါ် မည်သို့မည်ပုံ သက်ရောက်သည်ကိုလည်း သတိပြုမိရန် ကြိုးပမ်းရမည်ဖြစ်သည်။ လေ့လာသင်ယူခြင်းဆိုင်ရာ အတွေ့အကြုံ ဖွဲ့စည်းတည်ဆောက်မှုတွင် သဘာဝအတိုင်းဖြစ်ပေါ်သော အကျိုးဆက်များ၊ အမှားများနှင့် အောင်မြင်မှုများမှနေ၍ သင်ယူနိုင်ခြေတစ်ရပ် ပါဝင်သည်။

မည်သို့ပင်ဆိုစေ စမ်းသပ်ပညာရေးဟူသည် သက်ဆိုင်ရာ တာဝန်ရှိသူတို့အနေဖြင့် မိမိတို့စိတ်ထဲရှိသမျှ ထင်ရာမြင်ရာ စမ်းသပ်ကြည့်ကြသည့် ပညာရေးမျိုးမဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန် ၁၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

Most Read

Most Recent