မန္တလေးဗဟိုအကျဉ်းထောင်အတွင်း သေဆုံးခဲ့သူအတွက် ဖြစ်စဉ်အမှန် ဘယ်သူဖော်ထုတ်ပေးမှာလဲ

မန္တလေးဗဟိုအကျဉ်းထောင်အတွင်း သေဆုံးခဲ့သူအတွက် ဖြစ်စဉ်အမှန် ဘယ်သူဖော်ထုတ်ပေးမှာလဲ
အကျဉ်းထောင်အတွင်း သေဆုံးခဲ့သည့် ကိုထွန်းမြင့်ဝင်း၏ စျာပနကို ဇွန် ၇ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပြီး ဝမ်းနည်းပူဆွေးနေကြသည့် မိသားစုဝင်များအား တွေ့ရစဉ်
အကျဉ်းထောင်အတွင်း သေဆုံးခဲ့သည့် ကိုထွန်းမြင့်ဝင်း၏ စျာပနကို ဇွန် ၇ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပြီး ဝမ်းနည်းပူဆွေးနေကြသည့် မိသားစုဝင်များအား တွေ့ရစဉ်
Published 9 June 2019
ဌေးလှအောင်

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းမှာ တည်ဆောက်နေဆဲဖြစ်တဲ့ တစ်ရက် တန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်နေကြတဲ့ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့၊ ကုမ္ပဏီတို့အကြား ပဋိပက္ခ ဖြစ်ပွားမှုတွေက ပြီးခဲ့တဲ့မေလအတွင်းမှာ ပိုမိုပြင်းထန်လာခဲ့တယ်ဆိုရင် မမှားဘူးလို့ ဆိုရမှာပါ။ ဒေသခံတွေနဲ့ ဘိလပ်မြေစက်ရုံ စီမံကိန်းတို့အကြားက ခပ်စိတ်စိတ် ဖြစ်ပွားလာခဲ့တဲ့ ပြဿနာတွေဟာ ဒေသခံတွေ မျှော်လင့်ခဲ့သလို ညှိနှိုင်းဆွေးနွေးမှုတွေနဲ့အတူ တည်ငြိမ်အေးချမ်းစွာ ပြီးဆုံးမသွားခဲ့ဘဲ ၂၀၁၉ ခုနှစ်မှာ ပိုမိုဆိုးရွား ရှုပ်ထွေးလာခဲ့ပါတယ်။

တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း (Alpha) ကို ဒေသခံတွေက ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှုတွေဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ မေလဆန်းပိုင်းအထိ တည်ငြိမ်နေခဲ့ရာက မေ ၁၄ ရက်မှာ တစ်ကျော့ပြန် ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီး ရဲတပ်ဖွဲ့၊ ကုမ္ပဏီနဲ့ ဒေသခံတွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ပဋိပက္ခဖြစ်စဉ်များ အတွင်းမှာ ကုမ္ပဏီအတွင်းမှာရှိတဲ့ အဆောက်အအုံတွေ မီးရှို့ဖျက်ဆီးခံရတာ၊ ယာဉ်ယန္တယားတွေ ဖျက်ဆီးခံရတာအပြင် ရုန်းရင်းဆန်ခတ် မှုတွေကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိတာ၊ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ ရရှိတာတွေ ဖြစ်ပွားခဲ့ပါတယ်။

ပဋိပက္ခဖြစ်စဉ်တွေအပြီးမှာတော့ ရဲတပ်ဖွဲ့က ဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေကို ရှာဖွေဖမ်းဆီး အရေးယူမှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေတာကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင် နေရတာ ကျေးရွာအပြင်ဘက်ကို မထွက်ရဲတာတွေနဲ့ လတ်တလောမှာ ကြုံတွေ့နေရပြီး စားဝတ်နေရေး အခက်အခဲတွေလည်း ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း ဒေသကြီး ရဲတပ် ဖွဲ့က မေ ၃၁ ရက်မှာ သတင်းမီဒီယာတွေ နဲ့တွေ့ဆုံပြီး ရှင်းလင်းပြောကြား ခဲ့ပါတယ်။ သတင်းမီဒီယာတွေနဲ့တွေ့ဆုံရှင်းလင်းမှုကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင် (ယာယီရဲ တပ်ဖွဲ့မှူး)၊ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ တာဝန်ရှိသူတွေ၊ မန္တလေးခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့တာဝန်ရှိသူတွေ တက် ရောက်ခဲ့ကြပြီး ပဋိပက္ခဖြစ်စဉ်များနဲ့ ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းပြောကြားတာ ပဋိပက္ခဖြစ်စဉ်မှာ ဦးဆောင်ပါဝင် ကြသူများကို အမှုဖွင့်အရေးယူ ဆောင်ရွက်ထားမှု အခြေအနေတွေနဲ့ ထပ်မံဖမ်းဆီးရန် ကျန်ရှိနေတဲ့ ဦးဆောင်သူတွေကို ဆက်လက်ဖမ်းဆီး အရေးယူသွားမယ့် အခြေအနေတွေ၊ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် ရဲတပ်ဖွဲ့က ဆောင်ရွက်နေတဲ့ အခြေအနေတွေ အစရှိတဲ့ အကြောင်းအရာတွေကို ရှင်းလင်းပြောကြား ခဲ့ပါတယ်။

သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်း လင်းပြောကြားရာမှာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင် (ယာယီရဲ တပ်ဖွဲ့မှူး) က ပဋိပက္ခဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရန် ဆောင်ရွက်လျက်ရှိပြီး ထပ်မံဖြစ်ပွား လာပါက ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည့်အပြင် လိုအပ်ပါက ကျည်စစ်၊ ကျည်မှန်တွေအသုံး ပြုသွားမှာဖြစ်တယ်လို့ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပဋိပက္ခ ဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေ ဦးဆောင်တဲ့သူတွေကို အမြန်ဆုံး ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

“လူစုလူဝေး ဖြစ်နေတဲ့ထဲမှာ အမှုဖွင့်ခံထားရလို့ ဖမ်းဆီးရမယ့် တရားခံတွေ ရှိနေတယ်။ အဲဒီလို ဖမ်းဆီးဖို့သွားတဲ့ အခါမှာ မဖမ်းဆီးနိုင်အောင် လမ်းပေါ်မှာ မီးတွေရှို့ပြီးတော့တားတယ်။ တုတ်တွေ၊ ခဲတွေနဲ့ချပြီး တားတယ်။ ပြီးတော့ ဖမ်းဆီးဖို့လာတဲ့ရဲတပ် ဖွဲ့ဝင်တွေကို လေးခွတွေနဲ့ပစ်တယ်။ လေးခွတွေနဲ့ပစ်လို့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်ဒဏ်ရာတွေ အတော်များများရပါတယ်။ အဲဒီလိုဖြစ်တဲ့အခါမှာ ရာဘာ ကျည်နဲ့ မိုးပေါ်ထောင်ပြီးတော့ ခြောက်လှန့် ပစ်ခတ်ပါတယ်။ ပစ်ခတ်တဲ့ နေရာမှာလည်း အဝေးကြီး မရောက်တာကြောင့် ဆန္ဒပြတဲ့ သူတွေမှာ ဘာမှကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာ မရှိနိုင်ဘူး။ ရှိရင်လည်း သာမန်လောက်ပဲ။ လူစုခွဲဖို့အတွက် ခြောက်လှန့်ပစ်ခတ်တာ ဖြစ်ပါတယ်။ ပစ်ခတ်မိန့်ကိုလည်း သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် အမိန့်ပေးပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ သာမန် အေးအေးဆေးဆေး ဆန္ဒပြတာ မဟုတ်ဘဲနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြန်ပြုပြီးတော့ တိုက်ခိုက်လာတယ်။ လိုအပ်လို့ရှိရင် ဆက်လက်ပြီးတော့ ကျည်စစ်၊ ကျည်မှန်ကို သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပါဝင်ခဲ့တဲ့ ဦးဆောင်သူတွေကို ဆက်လက်ဖမ်းဆီးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ တရားဝင်ထားတဲ့ ကုမ္ပဏီဖြစ် တဲ့ အတွက်ကြောင့် မကျေနပ်ချက်ဖြစ်နေတဲ့ တောင်သူတွေဟာ ကိုယ့်ရဲ့မကျေနပ်မှုကို ဥပဒေနဲ့အညီပဲ ဖြေရှင်းရမှာဖြစ်ပါတယ်။ ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်ဆန်လုပ်ရင်တော့ ဥပဒေအရ အရေးယူခံရမှာပဲဖြစ်တယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဟာ ကုမ္ပဏီမှာရှိတဲ့ ပြည်တွင်းကလူရော၊ နိုင်ငံခြားသား ရော စက်ရုံရော လမ်းပိတ်ဆို့တာရော ဆက်မဖြစ်အောင်တော့ ရဲတပ်ဖွဲ့ကတော့ ဆောင် ရွက်ပေးသွားရမှာပဲ။ ဒီလိုအဖြစ်မျိုး ဆက်လက်ပြီးတော့ ဖြစ်တာကို လက်မခံပါဘူး။ အတိုင်းအတာတစ်ခုအထိ စိတ်ရှည်စွာနဲ့ သည်းခံဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်။ ဆက်လက်ဖြစ်ပေါ်လာမယ့် ပြဿနာတွေ ကိုတော့ ထိထိရောက်ရောက် ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်” လို့ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင် (ယာယီရဲတပ်ဖွဲ့မှူး) က မေ ၃၁ ရက်က သတင်းမီဒီယာများကို ရှင်းလင်းပြောကြားထားတာ ဖြစ်ပါတယ်။

ပဋိပက္ခဖြစ်စဉ်ကြောင့် ဖမ်းဆီးခံရပြီး အကျဉ်းထောင်အတွင်း ဒေသခံတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးမှုဖြစ်စဉ်

ပဋိပက္ခဖြစ်စဉ်အပြီးမှာ ရဲတပ်ဖွဲ့ဟာ ဖြစ်စဉ်မှာ ပါဝင်သူတွေကို ကျေးရွာအတွင်းမှာ ဝင်ရောက်ဖမ်းဆီးတာ ကျေးရွာအပြင်မှာ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ လက်ရှိမှာတော့ ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံအချို့ကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။ ပဋိပက္ခနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေအနက် ဇွန် ၂ ရက်မှာရဲ တပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့တဲ့ အောင်သပြေ ကျေးရွာသား ကိုထွန်းမြင့်ဝင်းဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ရက်ပိုင်းအကြာမှာပဲ မန္တလေးဗဟို အကျဉ်းထောင်မှာရှိတဲ့ ထောင်ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ အကျဉ်းထောင်အတွင်းမှာ သေဆုံးသွားတဲ့ ကိုထွန်းမြင့်ဝင်းဟာ အဖျားကြီးခြင်းနဲ့ အရက်ကြောင် ရောဂါကြောင့် သေဆုံးခဲ့တာ ဖြစ်တယ်လို့ အကျဉ်းထောင် တာဝန်ရှိသူတွေက ကနဦး သေဆုံးချိန်မှာ မိသားစုဝင်တွေကို အသိပေးခဲ့ပါတယ်။

အောင်သပြေ ကျေးရွာသား ကိုထွန်းမြင့်ဝင်းဟာ ဇွန် ၂ ရက်မှာ ကျေးရွာအပြင်ဘက်ကို လုပ်ငန်းလုပ်ရန်သွားရင်း လမ်းမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဖမ်းဆီးခံရစဉ်မှာ ကိုထွန်းမြင့်ဝင်းဟာ ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်သူ မဟုတ်တဲ့အကြောင်း ဒေသခံတွေက လိုက်လံရှင်းပြပေမယ့် ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခြင်း မရှိဘဲ ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကိုထွန်းမြင့်ဝင်းကို နယ်မြေခံရဲတပ်ဖွဲ့ဖြစ်တဲ့ ကြာနီကန်နယ်မြေ ရဲကင်းစခန်းက စတင်ဖမ်းဆီးခဲ့တာဖြစ်ပြီး ပုသိမ်ကြီးမြို့မ ရဲစခန်းကို လွှဲပြောင်းပေးလိုက်တာ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။ ပုသိမ်ကြီးမြို့မ ရဲစခန်းကမှတစ်ဆင့် မန္တလေးဗဟိုအကျဉ်းထောင်ကို ဇွန် ၃ ရက် ထောင်ပိတ်ခါနီး အချိန်မှာ ပို့ဆောင်ခဲ့တာ ဖြစ်တယ်လို့ ကနဦး စုံစမ်းသိရှိထားပါတယ်။ အကျဉ်းထောင်ကို ရောက်ရှိပြီး မကြာခင် ဇွန် ၄ ရက်မှာ ထောင်ဆေးရုံကို တင်ပို့ဆေးကုသပေးခဲ့ရပြီး ဇွန် ၅ ရက် နံနက်ပိုင်းမှာ ကိုထွန်းမြင့်ဝင်း သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်းကို ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ပဋိပက္ခမှာ ပါဝင်တယ်ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၄၃၆၊ ၄၄၀၊ ၃၃၆၊ ၁၁၄ တို့နဲ့ ပုသိမ်ကြီးမြို့နယ် ရဲစခန်းက အမှုဖွင့်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကိုထွန်းမြင့်ဝင်းမှာ ဇွန် ၃ ရက် ညနေပိုင်းက မန္တလေးအိုးဘို အကျဉ်းထောင်သို့ ပုသိမ်ကြီးမြို့မရဲစခန်းမှ လွှဲပြောင်းရောက်ရှိ လာခဲ့ကြောင်း၊ အကျဉ်းထောင်သို့ ရောက်ရှိလာစဉ်ကပင် အရက်ကြောင်ရောဂါ ခံစားနေရသဖြင့် အကျဉ်းထောင် ဆေးရုံသို့ တင်ပို့၍ ဆေးဝါးကုသမှုများ ခံယူနေရခြင်းဖြစ်ကြောင်း၊ ထိုသို့ ထောင်ဆေးရုံသို့ တင်ပို့ထားရာမှ ဇွန် ၅ ရက် နံနက် ၇ နာရီအချိန်မှာ အဖျားကြီးခြင်းနှင့် အရက်ကြောင် ရောဂါတို့ကြောင့် ဟုဆိုကာ သေဆုံးခဲ့ခြင်း ဖြစ်တယ်လို့ သေဆုံးသူ၏ မိသားစုဝင်များကို ထောင်အာဏာပိုင်များက အကြောင်းကြားခဲ့တယ်လို့ မိသားစုဝင်များထံက သိရပါတယ်။ အကျဉ်းထောင် အတွင်းရှိ ထောင်ဆေးရုံမှာသေဆုံးခဲ့သူ ကိုထွန်းမြင့်ဝင်းဟာ အဖျားကြီးပြီး အရက်ကြောင်ခြင်းကြောင့် သေဆုံးတယ်လို့ အကျဉ်းထောင် အာဏာပိုင်များက ထုတ်ပြန်ခဲ့ပေမယ့် သေဆုံးသူ ရုပ်ခန္ဓာမှာ ဖူးရောင် ပေါက်ပြဲဒဏ်ရာများ၊ ပြတ်ရှဒဏ်ရာများ၊ သွေးထွက်ဒဏ်ရာတွေ တွေ့ရှိရတာကြောင့် သေဆုံးသူမှာ ရိုက်နှက်နှိပ်စက်ခံရတဲ့ ဒဏ်ရာများနဲ့ သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေက သုံးသပ်ယူဆ ခဲ့ကြပါတယ်။

အကျဉ်းထောင်အတွင်း သေဆုံးခဲ့တဲ့ ကိုထွန်းမြင့်ဝင်း ရုပ်အလောင်းကို မိသားစုဝင်တွေက သူစတင် သေဆုံးခဲ့တဲ့ ဇွန် ၅ ရက်က သွားရောက် သယ်ဆောင်ပေမယ့် သယ်ဆောင်ခွင့်မရခဲ့ဘဲ ဇွန် ၆ ရက်မှသာ မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးမှာ ရင်ခွဲစစ်ဆေးပြီးမှ အောင်သပြေကျေးရွာကို သယ်ဆောင်ခွင့်ရခဲ့တာ ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ကိုထွန်းမြင့်ဝင်း ရုပ်အလောင်းကို မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ ရင်ခွဲမစစ်ဆေးခင် မိသားစုဝင်တွေကို ဝင်ရောက်ကြည့်ရှုခွင့် ပေးတဲ့အခါမှာ သေဆုံးသူရဲ့ ဦးခေါင်းအောက် ကုပ်ပိုးနေရာမှာ ပြတ်ရှပြီး သွေးထွက်နေတာ၊ မျက်နှာမှာဖူး ရောင်ပွန်းပဲ့ဒဏ်ရာတွေ ကနဦးတွေ့ရှိခဲ့ရတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။ သေဆုံးသူရုပ်အလောင်းကို ရင်ခွဲစစ်ဆေး ပြီး အောင်သပြေကျေးရွာကိုပြန်လည် သယ်ဆောင်ပြီးနောက် အလောင်းကိုသန့်ရှင်း ရေးပြုလုပ်ပြီး ကြည့်ရှုလိုက်တဲ့အခါ သေဆုံးသူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာအများ အပြားတွေ့ရှိလိုက်ရပြီး မျက်နှာဖူးရောင် ပွန်းပဲ့ဒဏ်ရာ၊ နောက်ကုပ်ပိုး ပြတ်ရှ ဒဏ်ရာ နှင့်သွေးထွက်ခြင်း၊ ခြေသလုံး ပြတ်ရှဒဏ်ရာ၊ နောက်ကျောမှာ အစင်းရာ နှစ်ရာနဲ့ အခြား ဒဏ်ရာတွေ တွေ့ရတယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တွေက ပြောဆိုကြပါတယ်။

အကျဉ်းထောင်အတွင်း အဖျားကြီးပြီး အရက်ကြောင်ရောဂါကြောင့် သေဆုံးသည်လို့ဆိုတဲ့ အောင်သပြေ ကျေးရွာသား ကိုထွန်းမြင့်ဝင်းရဲ့ဒဏ်ရာများနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာများပေါ်ပျံ့နှံ့ခဲ့ပြီး အဖျားကြီးပြီး အရက်ကြောင်ရောဂါကြောင့် သေဆုံးမှုမှာ ဖြစ်နိုင်ခြေလုံးဝ မရှိကြောင်း သုံးသပ်ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာနက ရှင်းလင်းချက် တစ်ရပ်ကို ဇွန် ၇ ရက် ညပိုင်းက ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

အကျဉ်းဦးစီးဌာနက ရှင်းလင်းချက် ထုတ်ပြန်ရာ “မန္တလေးဗဟိုအကျဉ်းထောင်မှ အချုပ်သား ထွန်းမြင့်ဝင်း(ခ) ကိုထွန်း သေဆုံးမှုနှင့်ပတ်သက်၍ ရှင်းလင်းခြင်း” ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရပြီး ထုတ်ပြန်ချက်တွင် မန္တလေးဗဟို အကျဉ်းထောင်ရှိ အကျဉ်းထောင်ဆေးရုံ တွင် ဇွန် ၅ ရက် ၇ နာရီတွင် သေဆုံးခဲ့သော အချုပ်သား ထွန်းမြင့်ဝင်း (ခ) ကိုထွန်းနှင့် ပတ်သက်၍ လူမှုကွန်ရက်များမှ သေဆုံးသူ ၏ ရုပ်အလောင်းတွင် ပြင်ပဒဏ်ရာနှင့် သွေးများတွေ့ရှိရကြောင်း၊ မန္တလေးဗဟို အကျဉ်း ထောင်မှ တာဝန်ရှိသူများအနေဖြင့် သေဆုံးသူ အချုပ်သားအား လုပ်ထုံးလုပ်နည်း နှင့်အညီ အမှတ်(၂)နယ်မြေရဲစခန်း၌ သေ မှုသေခင်းဖွင့်လှစ်ခြင်း၊ မန္တလေးမြို့ အထွေ ထွေရောဂါကုဆေးရုံကြီး မှုခင်းဆရာဝန် ကြီးမှ ရင်ခွဲစစ်ဆေးမှုပြုလုပ်ခြင်း၊ အကျဉ်းဦးစီးဌာနမှ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခြင်းများ ပြုလုပ်၍ အဖြစ်မှန် ပေါ်ပေါက်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းအပ်ပါသည်ဟု မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

သေဆုံးသူ ကိုထွန်းမြင့်ဝင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနက ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးနေပြီး အဖြစ်မှန် အမြန်ဆုံး ပေါ်ပေါက်ရေး ဆောင်ရွက်လျက် ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရပြီးနောက် ရက်ပိုင်းအကြာ ပွန်းပဲ့ပြတ်ရှဒဏ်ရာတွေနဲ့ အကျဉ်းထောင်အတွင်းမှာ ပဟေဠိဆန်ဆန် သေဆုံးသွားခဲ့တဲ့ အောင်သပြေကျေးရွာသား ကိုထွန်းမြင့်ဝင်းရဲ့ ဖြစ်စဉ်အမှန်ကို အများပြည်သူက စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိနေကြပါတယ်။

ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသူ ကိုထွန်းမြင့်ဝင်းအတွက် အမှန်တရား ဖော်ထုတ်ပေးပါ

“အမေကြီး သားလေးက ရက်ရက်စက်စက်နဲ့ သေဆုံးသွားခဲ့တာပါ။ သူက ဘာပြဿနာမှ လုပ်ထားတာ မရှိပါဘူး။ ပြဿနာတွေဖြစ်တဲ့နေ့က အိမ်ထဲမှာပဲ အိပ်နေတာ သူဘာမှမသိဘူး။ ပါဝင်ခဲ့တာလည်း မရှိပါဘူး။ မတရား ခံခဲ့ရတာပါ။ ထောင်ထဲမှာ ဆုံးသွားတာက အရက်ကြောင့်လို့ပြောတယ်။ အိမ်ကို ပြန်ရောက်လာတော့ သူ့ခန္ဓာကိုယ်ပေါ်မှာ အညိုအမည်း ဒဏ်ရာတွေနဲ့ အခြားဒဏ်ရာတွေ တွေ့လိုက်ရတယ်။ ကျွန်မ ရင်ကျိုးရတယ် သားလေးအတွက် ဖြေမဆည်နိုင်ဘူး။ ဒါဟာ အရက်ကြောင့်ဆိုတာ မဖြစ်နိုင်ပါဘူး။ သူက အပြင်မှာ နေတုန်းက သူ့အလုပ်သူ လုပ်နေတဲ့သူပါ။ ကျန်းမာရေးလည်း ကောင်းပါတယ်။ နာရေးချမယ့်နေ့က ကျွန်မသားက ရွာထဲက လူတစ်ယောက်ကို ပူးကပ်ပြီးပြောတယ်။ သူဟာ မတရားရိုက်နှက်ခံခဲ့ရတဲ့အပြင် အစားလည်း မစားရဘူးလို့ ပြောသွားတယ်။ ကျွန်မသား သေသွားတာနဲ့ ပတ်သက်ပြီး အမှန်တရား ပေါ်ပေါက်စေချင်တယ်။ အမှန်တရားပေါ်ဖို့ ဖော်ထုတ်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်” လို့ အကျဉ်းထောင်အတွင်း သေဆုံးသွားခဲ့တဲ့ ကိုထွန်းမြင့်ဝင်း မိခင်ဖြစ်သူ ဒေါ်အေးက သားဖြစ်သူနဲ့ ပတ်သက်ပြီး အမှန်တရား ဖော်ထုတ်ပေးကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

အကျဉ်းထောင်အတွင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တဲ့ ကိုထွန်းမြင့်ဝင်းဟာ အပြင်မှာရှိစဉ်က ကျန်းမာရေး ကောင်းမွန်ပြီး လုပ်ငန်းလုပ်ကိုင်နိုင်သူတစ်ဦး ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောဆိုကြပါတယ်။ ကိုထွန်းမြင့်ဝင်းဟာ သေဆုံးချိန်မှာ အသက် ၃၈ နှစ်အရွယ်သာ ရှိသေးတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုထွန်းမြင့်ဝင်း သေဆုံးရတဲ့ အကြောင်းရင်းကို မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီး ရင်ခွဲရုံမှာ ရင်ခွဲစစ်ဆေးထားတဲ့ အဖြေကို စောင့်ဆိုင်းနေတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

အကျဉ်းထောင်အတွင်းမှာ သေဆုံးခဲ့တဲ့ ကိုထွန်းမြင့်ဝင်း စျာပနကို ဇွန် ၇ ရက် မွန်းလွဲပိုင်းက သူနေထိုင်ရာ အောင်သပြေကျေးရွာမှာ ပြုလုပ်ခဲ့ပြီး မိသားစုဝင်တွေ၊ ဒေသခံရွာသားတွေ၊ မန္တလေးမြို့က နိုင်ငံရေး အင်အားစုတွေ လိုက်ပါပို့ဆောင်ပေးခဲ့ကြပြီး ရုပ်အလောင်းကို ကျေးရွာသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ် ခဲ့ကြပါတယ်။ ကိုထွန်းမြင့်ဝင်း သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှန်တရားနဲ့ အမှုမှန် ဖော်ထုတ်ပေးကြဖို့ မိသားစုဝင်တွေက တောင်းဆိုထားကြပါတယ်။

မန္တလေးဗဟို အကျဉ်းထောင်အတွင်းမှာ သေဆုံးသွားခဲ့တဲ့ ကိုထွန်းမြင့်ဝင်း ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးဖို့အတွက် ဇွန် ၈ ရက်က မန္တလေးမြို့မှာရှိတဲ့ မီဒီယာစင်တာမှာ မိသားစုဝင်တွေနဲ့ နိုင်ငံရေး အင်အားစုတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ မတရားအမှုဖွင့် ဖမ်းဆီးခံထားရတဲ့ ဒေသခံတောင်သူတွေကို လွှတ်ပေးရေး၊ ဒေသခံပြည်သူလူထု လက်မခံတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ စီမံကိန်း ဖျက်သိမ်းပေးရေး၊ ကိုထွန်းမြင့်ဝင်း ဖြစ်စဉ်အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးရေးတွေ တောင်းဆိုခဲ့ကြပါတယ်။

“ကိုထွန်းမြင့်ဝင်း သေဆုံးမှုကို အမှန်တရားအတိုင်း အမှုမှန်ဖော်ထုတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုပါတယ်။ သူသေဆုံးပြီးနောက် ရုပ်အလောင်းမှာ ထိခိုက်ဒဏ်ရာတွေ ရထားတာ တွေ့ရတယ်။ မျက်နှာမှာ အညိုအမည်းတွေစွဲပြီး ဖူးရောင်နေတယ်။ နောက်ကျောမှာလည်း ရိုက်ခံထားရတဲ့ပုံစံဖြစ်တဲ့ အရာတွေ တွေ့ရတယ်။ ခြေသလုံးမှာလည်း ပေါက်ပြဲဒဏ်ရာ ပြတ်ရှဒဏ်ရာ တွေ့ရတယ်။ နောက် လည်ပင်း နောက်ကျောမှာလည်း ပြတ်ရှဒဏ်ရာနဲ့ သွေးထွက်ဒဏ်ရာတွေ တွေ့ရတယ်။ ဒါကြောင့် သူသေဆုံးတာဟာ အရက်ကြောင့် မဖြစ်နိုင်ပါဘူး။ ရိုက်နှက်နှိပ်စက်ခံရလို့ သေဆုံးသွားတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တရားဥပဒေနဲ့အညီ အမှန်တရား အမြန်ဆုံး ဖော်ထုတ်ပေးကြဖို့ သက်ဆိုင်ရာကို တောင်းဆိုချင်ပါတယ်။ အကျဉ်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ ပြောရရင် အမှန်တရားအတိုင်း ဖော်ထုတ်ပေးတယ်၊ အမှုမှန်ဖြစ်တယ် ဆိုရင်တော့ လက်ခံရမှာပေါ့။ အမှန်တရားကို သူတော်ကောင်းတွေလည်း နှစ်သက်ကြပါတယ်။ အမှန်တရားအတိုင်း မဟုတ်ရင်တော့ လက်ခံစရာမရှိဘူး။ ဒါကြောင့် အမှန်တရားကို ဖော်ထုတ်ပေးကြပါလို့ တောင်းဆိုချင်တယ်” လို့ သေဆုံးသူ ကိုထွန်းမြင့်ဝင်း အစ်ကိုဖြစ်သူ ဆရာတော် ဦးဝိမလက မိန့်ကြားခဲ့ပါတယ်။

အကျဉ်းထောင်အတွင်း ကိုထွန်းမြင့်ဝင်း သေဆုံးမှုနဲ့ပတ်သက်ပြီး မန္တလေး ဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် မကြာခဏ အကျဉ်းကျခံရဖူးတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုသိန်းအောင်မြင့်က “ကျွန်တော်သိထားသလောက်ဆိုရင် အကျဉ်းထောင်ဆေးရုံမှာ သေဆုံးခဲ့တဲ့ ကိုထွန်းမြင့်ဝင်းက ဇွန် ၂ ရက်မှာ ဖမ်းဆီးခံလိုက်ရတယ်။ ဇွန် ၃ ရက် ညပိုင်း အကျဉ်းထောင်ပိတ်ချိန်နီးမှ ထောင်ကိုရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဇွန် ၄ ရက်မှာတော့ အကျဉ်းထောင်ဆေးရုံကို တင်ပို့လိုက်ရပြီ။ အဲဒီနောက် ဇွန် ၅ ရက် နံနက် အစောပိုင်းမှာ သေဆုံးသွားခဲ့တာဆိုတော့ ကိုထွန်းမြင့်ဝင်း သေဆုံးခဲ့မှုမှာက အကျဉ်းထောင်ကို မရောက်ရှိမီ အပြင်မှာ ဖမ်းဆီးခံရစဉ်က ရိုက်နှက်နှိပ်စက်မှုတွေကနေ ရရှိခဲ့တဲ့ဒဏ်ရာနဲ့ သေဆုံးတာ ဖြစ်နိုင်ခြေရှိပါတယ်” လို့ သူ့ရဲ့အမြင်ကို သုံးသပ်ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အကျဉ်းထောင် အတွင်းမှာ သေဆုံးသွားခဲ့တဲ့ ကိုထွန်းမြင့်ဝင်း သေဆုံးမှုအပေါ် မိသားစုဝင်တွေက အဖြစ်မှန်နဲ့ အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးကြဖို့ တောင်းဆိုထားကြသလို မန္တလေးမြို့က နိုင်ငံရေး အင်အားစု အချို့ကလည်း အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးဖို့ အစိုးရကို တောင်းဆိုသွားမယ်လို့ ပြောဆိုထားကြပါတယ်။

မေလအတွင်းက ပဋိပက္ခ

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် အောင်သပြေ-သရက်ကိုင်း ကျေးရွာချင်းဆက် လမ်းပေါ် က သွားလာနေတဲ့ ကုမ္ပဏီဘက်ကစက် ယန္တရားတွေ ဖြတ်သန်းသွားလာနေမှုကို ဒေသခံတွေက မေ ၁၄ ရက်မှာ စတင်တား ဆီးခဲ့ကြပြီး တားဆီးထားမှုတွေကို ဖယ်ရှား ပေးဖို့ ရဲတပ်ဖွဲ့က သတိပေးပြောကြားခဲ့ပါ တယ်။ မေ ၁၅ ရက် နံနက် ၅ နာရီအချိန်ခန့် မှာတော့ ရဲတပ်ဖွဲ့က အင်အားအလုံးအရင်း အသုံးပြုပြီး လမ်းပိတ်ဆို့တားဆီးထားတဲ့ ဒေသခံတွေကို မျက်ရည်ယိုဗုံး၊ ရာဘာကျည် တွေအသုံးပြုပြီး ပစ်ခတ် လူစုခွဲခဲ့ပါတယ်။ အဲဒီလို ပစ်ခတ်လူစုခွဲရာမှာ အပြန်အလှန် ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ဒေသခံ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲ တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က လူစု ခွဲရာမှာ ဒေသခံတွေက လေးခွများ၊ တုတ်များဖြင့် ပြန်လည်ခုခံပစ်ခတ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာတွေလည်း ရရှိခဲ့ပါတယ်။ လမ်းပိတ်ဆို့ထားတဲ့ အောင်သပြေကျေးရွာ ဒေသခံတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွင်းပြီးနောက်မှာတော့ ဒေသခံ အချို့ဟာ စက်ရုံစီမံကိန်းဝန်းအတွင်း ဝင်ရောက်ပြီး မီးရှိုဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အဆောက်အအုံ အချို့နဲ့ ယာဉ်ယန္တရားတွေ ထိခိုက်ပျက်စီး သွားခဲ့ပါတယ်။

ပဋိပက္ခ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က အောင်သပြေကျေးရွာ ဒေသခံ ၅၀ ကျော်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (နိုင်ငံတော်အကြည်ညိုပျက်စေမှု) အပါအဝင် ပုဒ်မ ရှစ်ခုခန့်ဖြင့် အမှုများ အသီးသီးခွဲပြီး အမှုဖွင့် အရေးယူထားတာ တွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့က အမှုဖွင့်ထားတဲ့ ဒေသခံတွေထဲက ၁၀ ဦးကျော်ကို ဖမ်းဆီးထားပြီး ကျန်ရှိနေတဲ့ ဒေသခံတောင်သူတွေကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ နိုင်ငံတော်အ ကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) အပါအ ဝင် ပုဒ်မ မျိုးစုံနဲ့ ဒေသခံတွေ အပေါ် အမှုဖွင့် ထားမှုနဲ့ ပတ်သက်ပြီး အမှုဖွင့်ခံထားရတဲ့ ဒေသခံတွေက အဖမ်းဆီးခံသွားမည်မဟုတ် ကြောင်း ပြောဆိုခဲ့ကြပါတယ်။ အမှုဖွင့်ခံထားရသူတွေကို ရဲတပ်ဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးမယ် ဆိုပါက ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခတွေ ဖြစ်ပွားလာနိုင်ပြီး မလိုအားအပ်တာတွေ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုထားကြပါတယ်။

ယခင်အစိုးရ ခွင့်ပြုခဲ့တဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း တည်နေရာဟာ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ဆိုတဲ့ မြို့နယ်နှစ်ခု အတွင်းမှာ တည်ရှိနေတာ ဖြစ်ပါတယ်။ ထုံးကျောက်ကုန်ကြမ်း ထုတ်လုပ်မယ့်နေရာဟာ မတ္တရာမြို့နယ်အတွင်းမှာပါဝင်နေပြီး စက်ရုံတည် ဆောက်နေတဲ့ မြေဧရိယာက ပုသိမ်ကြီးမြို့ နယ်အတွင်းမှာ ပါဝင်နေတာဖြစ်ပါတယ်။ စီမံကိန်းဧရိယာ အကျယ်အဝန်းက ၆၁၇ ဧကရှိပြီး ၂၀၁၅ ခုနှစ် ဇွန်လမှာ သတ္တုတွင်း ဝန်ကြီးဌာနက ဓာတ်သတ္တုအကြီးစား ထုတ်လုပ်ခွင့်ကို ၂၀၄၀ ပြည့်နှစ် ဇွန်အထိ ၂၅ နှစ် လုပ်ကိုင်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ စီမံကိန်းမှာ အသုံးပြုမယ့် စွမ်းအင်က ကျောက် မီးသွေးလောင်စာကို အသုံးပြုသွားမှာဖြစ်ပြီး တစ်နေ့ကို ဘိလပ်မြေ တန်ချိန် ၅၀၀၀ ကျ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီ (Alpha) က အကောင်အထည်ဖော် တည်ဆောက်နေတာ ဖြစ်ပါတယ်။ အစိုးရနဲ့ စီမံကိန်းအကြား ကနဦး ခွင့်ပြုချက်ချထားပေးခဲ့ချိန်က သဘောတူညီချက်အချို့ကို ကြည့်ရမယ်ဆိုရင် ပုံသေမြေငှားရမ်းခ (Dead Rent) အနေနဲ့ တစ်နှစ်လျှင် တစ်စတုရန်း ကီလိုမီတာအတွက် ငွေကျပ်သိန်းနှစ်ဆယ် ပေးဆောင်ရမှာဖြစ်ပြီး သတ္တုခွန် သုံးရာခိုင်နှုန်းတို့ကို ကုမ္ပဏီဘက်က နိုင်ငံတော်ကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စီမံကိန်း အနေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် တာဝန်ခံရမှာဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်လာလို့ တိုင်ကြားလာခဲ့ပြီ ဆိုပါက ကုမ္ပဏီက ဖြေရှင်းဆောင်ရွက် ပေးရမှာ ဖြစ်တဲ့အပြင် ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု မရှိခဲ့ရင် လုပ်ငန်းရပ်ဆိုင်းတာ၊ ပေးသွင်းထားတဲ့ အခွန်အခတွေကို ပြန်လည်သိမ်းယူပြီး လုပ်ကွက်ပြန်လည် သိမ်းယူခံရနိုင်ကြောင်း သဘောတူညီချက် ချုပ်ဆိုထားပါတယ်။ ဒါ့အပြင် စီမံကိန်းဟာ သတ်မှတ်ကာလဖြစ်တဲ့ ခွင့်ပြုချက်ထုတ်ပေးပြီး ခြောက်လအတွင်း လုပ်ငန်းစတင် လုပ်ဆောင်ရမှာဖြစ်ပြီး လုပ်ငန်းစတင် ဆောင်ရွက်တာ မရှိဘူးဆိုရင် အာမခံပေးသွင်းငွေကို နိုင်ငံတော်က သိမ်းယူမှာဖြစ်ပြီး ခွင့်ပြုမိန့်ဟာ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်တဲ့အကြောင်း စီမံကိန်းနဲ့ သက်ဆိုင်တဲ့ ခွင့်ပြုမိန့်မှာ ဖော်ပြထားပ တယ်။

ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ခွင့်ပြုမိန့်ကို အရင်အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် ဇွန်လမှာ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ခွင့်ပြုမိန့် ထုတ်ပေးထားတဲ့ စည်းကမ်းချက် (၄) မှာ ဖော်ပြထားတာက “ဤခွင့်ပြုမိန့်အား ထုတ်ပေးသည့်နေ့မှစ၍ ခြောက်လအတွင်း လုပ်ငန်းများ စတင် ဆောင်ရွက်ခြင်း မပြုပါက အာမခံငွေအား နိုင်ငံတော်က သိမ်းယူမည် ဖြစ်သည့်အပြင် ဤခွင့်ပြုမိန့်သည် အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်” လို့ ဖော်ပြထားပြီး စည်းကမ်းချက် (၆) မှာ “ဤခွင့်ပြုမိန့်၌ သတ်မှတ်စည်းကမ်း ဘောင်အတွင်း မြေပိုင်ဆိုင်မှုနှင့် သက်ဆိုင်သော၊ လုပ်ငန်းလုပ်ကိုင်ခွင့်နှင့် သက်ဆိုင်သော အငြင်းပွားမှုများ၊ စောဒကတက်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှုနှင့် ပတ်သက်သော တိုင်ကြားချက်များ၊ အငြင်းပွားမှုများ ဖြစ်ပွားပါက ကုမ္ပဏီမှသာ တာဝန်ခံ ဖြေရှင်းရန်၊ မဖြေရှင်းနိုင်ပါက လုပ်ကိုင်ခွင့် ရပ်ဆိုင်းခြင်း၊ ပေးသွင်းထားသည့် အခွန်အခနှင့် အခြားပေးသွင်းမှုများ သိမ်းယူခြင်း၊ လုပ်ကွက်ပြန်လည် သိမ်းယူခြင်း ခံရမည်ကို သဘောတူ ဝန်ခံကတိပြုရမည်” လို့ ဖော်ပြထားပါတယ်။

ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က ခွင့်ပြုမိန့်ချထားပေးခဲ့တဲ့ စီမံကိန်းဟာ ယခု ၂၀၁၉ ခုနှစ်မှာဆိုရင် လေးနှစ်ကျော် ကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စီမံကိန်းဟာ တည် ဆောက်ရေး လုပ်ငန်းအချို့သာ ဆောင်ရွက်နေတာတွေ့ရပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဆောင်ရွက်တာ မရှိသေးပါဘူး။ ဒီလို လုပ်ငန်းကြန့်ကြာနေမှုတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက်ကတော့ စီမံကိန်းအပေါ် ဒေသခံအချို့က ကန့်ကွက်မှုတွေ လုပ်ဆောင်နေတာကြောင့် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ စက်ရုံစီမံကိန်းကို နိုင်ငံတော်အစိုးရ ခွင့်ပြုချက်အတိုင်း လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေတာဖြစ်ပြီး ဒေသခံများ ပြောဆိုနေသည့် နစ်နာနေမှုများမှာ မည်သည့် အရာများ နစ်နာနေသည်ကို မသိရှိရဘဲ နစ်နာသည့် အကြောင်းအရာများကို တိတိကျကျ သိရှိရန်လိုကြောင်း စက်ရုံတာဝန်ရှိသူက သတင်းမီဒီယာများကို ဖြေကြားထားပါတယ်။

တစ်နေ့ တန်ချိန် ၅၀၀၀ ကျ ကျောက်မီး သွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း အတွက် ထုံးကျောက် ကုန်ကြမ်းထုတ်လုပ်မယ့် လုပ်ကွက်ဧရိယာဟာ မတ္တရာမြို့နယ်အတွင်းမှာ တည်ရှိနေပြီး ကုန်ချောထုတ်လုပ် မယ့် စက်ရုံနေရာဟာ ပုသိမ်ကြီးမြို့နယ် အတွင်းမှာ တည်ရှိနေတာဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ အငြင်းပွားမှု ပဋိပက္ခ ပြဿနာတွေဟာ ပုသိမ်ကြီးမြို့နယ်အတွင်း မှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ အဓိကပြဿ နာဖြစ်နေတဲ့ စက်ရုံစီမံကိန်းဟာ ပုသိမ်ကြီး မြို့နယ်အတွင်းက အောင်သပြေကျေးရွာနဲ့ ကပ်လျက် တည်ရှိနေတာက စတယ်ဆိုရင် မမှားပါဘူး။ စက်ရုံတည်ဆောက်နေတဲ့ မြေဧရိယာက ကျေးရွာနဲ့ ခြံစည်းရိုးသာ ကွာခြား နေတာကြောင့် ဒေသခံတွေဟာ ကျောက်မီး သွေးလောင်စာစွမ်းအင်ကြောင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းထိခိုက်မှာနဲ့ ကျန်းမာရေး ထိခိုက်မှုတွေဖြစ်လာပြီး လူမှုစီးပွားဘဝတွေ ထိခိုက်မှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ကျောက်မီးသွေး စွမ်းအင်သုံးဘိလပ် မြေစက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး ကုမ္ပဏီနဲ့ ဒေသခံတို့ အကြားမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခ ပြဿနာတွေဟာ အစိုးရအဖွဲ့၊ ကုမ္ပဏီနဲ့ဒေသခံတို့ အကြားမှာ ညှိနှိုင်းဆွေးနွေး လုပ်ဆောင်မှု အားနည်းခဲ့တာကြောင့် ဖြစ်တယ်လို့ ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက ထောက်ပြပြောကြား ခဲ့ပါတယ်။

ပုသိမ်ကြီးမြို့နယ်မှာ တည်ဆောက်နေတဲ့ တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒုတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စီမံကိန်းကို ကန့်ကွက်နေသူများဟာ လူအနည်းငယ်သာဖြစ်ပြီး ထောက်ခံထားသူ အများအပြားရှိကြောင်း၊ ကန့်ကွက်နေသည့် ဒေသခံများကို နောက်ကွယ်မှ စေခိုင်းနေမှုများ ရှိနေတယ်လို့ ပြောကြားထားပါတယ်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြားချက် အချို့နဲ့ ပတ်သက်ပြီး စီမံကိန်းကို ကန့်ကွက်နေကြတဲ့ ဒေသခံတွေက မြေပြင်မှာ လက်ရှိဖြစ်ပျက်နေတာတွေနဲ့ ကွဲလွဲမှုတွေ ရှိနေတာကြောင့် ကန့်ကွက်ခဲ့ကြပါတယ်။ ၎င်းတို့ ဒေသခံများကို မည်သည့်အဖွဲ့အစည်းကမှ မြှောက်ပင့်ပေးနေခြင်း မဟုတ်ဘဲ စက်ရုံစီမံကိန်းဟာ ကျေးရွာအနီးမှာ တည်ဆောက်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာနိုင်တာကို စိုးရိမ်တဲ့အတွက် ကန့်ကွက်နေကြတာ ဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ကျေးလက်လမ်း ဖောက်လုပ်မှုမှာလည်း ဒေသခံများ ယာမြေတွေထဲက ယာမြေအချို့ လမ်းဖောက်လုပ်ရာမှာ ပါဝင်သွားတဲ့အတွက် နစ်နာမှုတွေရှိနေတဲ့ ဒေသခံတွေနဲ့ ညှိနှိုင်းဆွေးနွေးမှု မရှိခဲ့တာကြောင့် ကန့်ကွက်နေခြင်းသာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ကြပါတယ်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းဟာ အရင်အစိုးရ လက်ထက်က ချထားပေးခဲ့တဲ့ စီမံကိန်း ဆိုပေမယ့် လက်ရှိအစိုးရမှာလည်း တာဝန်ရှိနေပါတယ်။ အရင်အစိုးရ လက်ထက်က ချထားပေးခဲ့တဲ့ စီမံကိန်းဟာ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ လက်ရှိ အရပ်သား အစိုးရလက်ထက်မှာ လုပ်ငန်းတွေကို စတင်အကောင်အထည်ဖော် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စီမံကိန်းကို ထောက်ခံထားသူ အများအပြား ရှိတယ်လို့ ပြောဆိုထားပေမယ့် အသုံးပြုမယ့် လောင်စာစွမ်းအင်က ကျောက်မီးသွေးစွမ်းအင်ကို အသုံးပြုမှာ ဖြစ်တာကြောင့် နောက်ဆက်တွဲအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်ပေါ်လာစေဖို့အတွက် သတိပြုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တည်ဆောက်နေတဲ့ စက်ရုံဟာ ဒေသခံရွာသားတွေ နေထိုင်တဲ့ ကျေးရွာအနီးမှာ ကပ်လျက်တည်ဆောက် နေတာကြောင့် ဝေဖန်ကန့်ကွက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ တည်ဆောက်နေတဲ့ စက်ရုံဟာ လူနေထိုင်ရာ ကျေးရွာနဲ့ ခြံစည်းရိုးသာ ခြားနားနေတာကြောင့် သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီ၊ မညီ ဆိုတာကို နှစ်ဖက်ရေရှည် အကျိုးစီးပွားအတွက် ပြန်လည်သုံးသပ်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။ စီမံကိန်းကို လူနည်းစုကနေ ကန့်ကွက်နေတယ်လို့ ပြောဆိုထားတာနဲ့ ပတ်သက်ပြီး ကန့်ကွက်နေတဲ့ လူနည်းစုဟာ စက်ရုံစီမံကိန်း အနီးမှာရှိတဲ့ အောင်သပြေကျေးရွာက ဒေသခံတွေဖြစ်ပါတယ်။ ဘာကြောင့် လူနည်းစု ဖြစ်နေရလဲဆိုရင် စီမံကိန်းအနီးမှာက အောင်သပြေကျေးရွာ တစ်ရွာပဲ နီးနီးကပ်ကပ် တည်ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဓိက ကန့်ကွက်ကြသူတွေဟာ အောင်သပြေကျေးရွာသားတွေပဲ ဖြစ်တာကြောင့် လူနည်းစုဖြစ်နေတာ မဆန်းဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်လာမယ်ဆိုရင် အဆိုပါ ကျေးရွာမှာရှိတဲ့ ဒေသခံတွေ အရင်ဆုံး ထိခိုက်နစ်နာမှုတွေ ဖြစ်လာမှာ ဖြစ်တာကြောင့် ဒေသခံတွေက ကန့်ကွက်မှုတွေ လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြားခဲ့သလို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ များစွာလိုအပ်တာ အမှန်ပင် ဖြစ်ပါတယ်။ နိုင်ငံသားနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများရှိမှာသာ တိုင်းပြည်အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ လိုအပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်းတီးရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံ ယေဘုယျကျတဲ့ အချက်တွေသာ ဖြစ်ပါတယ်။ သို့သော် ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ ဝင်ရောက်လာမယ့် စီမံကိန်းတွေဟာ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ တိုင်းဒေသကြီးနဲ့ နိုင်ငံတော်အတွက် အဓိက အကျိုးဖြစ်ထွန်းစေဖို့ လိုအပ်သလို အမှန်တကယ် အကျိုးပြုနိုင်ဖို့ အဓိက ဖြစ်ပါတယ်။

တစ်ရက် တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းဟာ လူမှုစီးပွားဘဝ ထိခိုက်မှု အနည်းဆုံး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး၊ ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်နိုင်မှု မရှိတာ စတဲ့ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်နဲ့ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းတို့အတွက် ဆောင်ရွက်သင့်တာ အမှန်ဖြစ်ပါတယ်။ သို့သော် အဆိုပါ အချက်တွေနဲ့ ပြောင်းပြန်အချိုးကျနေမယ် ဆိုရင်တော့ ခွင့်ပြုခဲ့တဲ့ အစိုးရတွေရဲ့ တာဝန်၊ သက်ဆိုင်ရာ စီမံကိန်း အကောင်ထည်ဖော်သူတွေရဲ့ တာဝန်ဖြစ်တဲ့အပြင် ဒေသအပါအဝင် နိုင်ငံအတွက်ပါ ထိခိုက်ဆုံးရှုံး နစ်နာမှု တစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေကြားမှာ တင်းမာမှုတွေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။

အောင်သပြေကျေးရွာဒေသခံ တောင်သူတွေကတော့ ပြည်ထောင်စု အစိုးရအဖွဲ့ကနေ ကွင်းဆင်းစစ်ဆေးပြီး ညှိနှိုင်းဆွေးနွေးပေးဖို့ တောင်းဆိုထားကြပါတယ်။ အစိုးရအဖွဲ့၊ ကုမ္ပဏီနဲ့ ဒေသခံတို့အကြား ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လက်မပြုလုပ်မချင်းကတော့ ပဋိပက္ခတွေနဲ့ မလိုလားအပ်တာတွေ ထပ်မံဖြစ်ပွားနေဆဲ ဖြစ်နိုင်ပါတယ်။ အကယ်၍ အစိုးရအဖွဲ့၊ ကုမ္ပဏီနဲ့ ဒေသခံတို့အကြား သုံးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းဆွေးနွေး အောင်မြင့်ခဲ့မယ် ဆိုရင်တော့ လက်ရှိ ဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ ပြေလည်သွားနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံအချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ကျန်ရှိနေတဲ့ ဒေသခံတွေကို ထပ်မံဖမ်းဆီးရမိဖို့ ဆောင်ရွက်လျက် ရှိနေတာကြောင့် အောင်သပြေ ကျေးရွာက ဒေသခံအများအပြားအား ထွက်ပြေးတိမ်းရှောင် နေရသူတွေရှိသလို ကျေးရွာအပြင်ဘက်ကို မထွက်ရဲတဲ့ ဒေသခံတွေလည်း ရှိနေကြပါတယ်။ အမှုဖွင့်ခံထားရတဲ့ ဒေသခံတွေဟာ ကျေးရွာအပြင်ကိုထွက်ဖို့ ကြောက်လန့်နေတာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့ပြင် ရဲတပ်ဖွဲ့ကဖမ်းဆီးသွားပြီးနောက် သုံးရက်ခန့်အကြာ အကျဉ်းထောင်အတွင်းမှာ သေဆုံးသွားခဲ့တဲ့ အောင်သပြေကျေးရွာသား ကိုထွန်းမြင့်ဝင်းရဲ့ အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားကြပါတယ်။

မန္တလေး ဗဟိုအကျဉ်းထောင်အတွင်း ထောင်ဆေးရုံမှာ သေဆုံးခဲ့တဲ့ ကိုထွန်းမြင့်ဝင်း သေဆုံးမှုဖြစ်စဉ်ဟာ အဖျားကြီးပြီး အရက်ကြောင် ရောဂါကြောင့် သေဆုံးခဲ့သည်လား၊ သေဆုံးသူရဲ့ ခန္ဓာကိုယ်ပေါ်က နှိပ်စက်ခံရသည်ဟု သုံးသပ်ထားကြသည့် ပဟေဠိဆန်နေတဲ့ ထိခိုက်ဒဏ်ရာတွေကြောင့် အမှန်တကယ် သေဆုံးခဲ့သည်လားဆိုတဲ့ ဖြစ်စဉ်အမှန်ကို ဘယ်သူက အမှန်အတိုင်း ဖော်ထုတ်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်သွားရဦးမှာ ဖြစ်ပါတယ်။

 

Most Read

Most Recent