ရှစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည့် ကချင်စစ်ဘေးရှောင်များ၏ အိမ်ပြန်ချိန်မျှော်လင့်ချက်

ရှစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည့် ကချင်စစ်ဘေးရှောင်များ၏ အိမ်ပြန်ချိန်မျှော်လင့်ချက်
 ကချင်စစ်ဘေးရှောင်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ- Kachin Youth Movement)
ကချင်စစ်ဘေးရှောင်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ- Kachin Youth Movement)
Published 9 June 2019
မင်းနိုင်စိုး

KHCC နှင့် ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရေး

“ကျွန်တော်တို့ လူကြီးတွေ ဒီလိုပဲ။ အိုမင်းသွားပြီး သားသမီး၊ သမက်တွေကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ ရွာမှာကျန်ခဲ့တဲ့ ခြံ၊ မြေ၊ ယာတွေကို မပြပေးနိုင်မှာကို အရမ်းစိုးရိမ်ပါတယ်” ဟု ခန်းဒါတန်ဂွမ်းက ဆိုသည်။

၂၀၁၁ ခုနှစ်တွင် တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့၏ တိုက်ပွဲများကြောင့် ခန်းဒါတန်ဂွမ်းသည် တရုတ်နယ်စပ်ရှိ ဝေကြိုင်စစ်ရှောင်စခန်းတွင် လာရောက်ခိုလှုံနေရပြီး မည်သည့်အချိန်မှ အိမ်ပြန်ရမည်ဆိုသည်ကိုလည်း စဉ်းစားမိတိုင်း ရင်မောခဲ့ရသည်ဟု ၎င်းကဆိုသည်။

၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် KIA တို့၏ တစ်ကျော့ပြန်တိုက်ပွဲများကြောင့် တိုက်ပွဲဧရိယာအနီးရှိ ကျေးရွာများမှ ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၎င်းတို့၏ စွန့်ခွာတိမ်းရှောင်မှုမှာ ၂၀၁၉ ခုနှစ် ဇွန် ၉ ရက်တွင် ရှစ်နှစ်ပြည့်ပြီဖြစ်သည်။

KIO ထိန်းချုပ်ဧရိယာအတွင်းရှိ စစ်ဘေးရှောင်များမှ KIO နှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် ရပ်တည်နေရပြီး အစိုးရထိန်းချုပ်ဧရိယာရှိ စစ်ဘေးရှောင်များမှာ အစိုးရနှင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် ရပ်တည်နေရသည်။

ကချင်စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအပြင် နေရာကျဉ်းမြောင်းပြီး လူဦးရေများပြားသော အခက်အခဲများကလည်းရှိနေပြီး ကျောင်းနေအရွယ် ကလေးငယ်များ၏ အနာဂတ်ရှင်သန်ရေးအတွက် ပညာရေးအခက်အခဲများကလည်း ရှိနေသည်။

ကချင်တစ်ကျော့ပြန်စစ်ပွဲ ရှစ်နှစ်မပြည့်မီ ရက်ပိုင်းအလို ဇွန် ၆ ရက်တွင်မူ နမ်ဆန်ယန်အလယ်တန်းကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အဆိုပါကျောင်းသည် ကချင်စစ်ရှောင်များ နေရပ်ပြန်သည့် ကျေးရွာအနည်းစုအနက် ရှစ်နှစ်အကြာတွင် ပထမဆုံး ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်က ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်နေသည့် ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေးကော်မတီ KHCC သည် အစိုးရ၊ KIO တို့နှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်နေသည်။

ကချင်စစ်ဘေးရှောင်များသည် အစိုးရထိန်းချုပ်နယ်မြေနှင့် KIO ထိန်းချုပ်နယ်မြေ နှစ်ဖက်စလုံးတွင်ရှိနေပြီး KHCC က ကောက်ယူထားသော စာရင်းများအရ ရှမ်းပြည်နယ် (မြောက်ပိုင်း) အပါအဝင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ရွာပေါင်း ၁၇၁ ရွာရှိသည်။

ထို့ပြင် KHCC ၏ စာရင်းများအရ KIO ထိန်းချုပ်ဧရိယာထဲတွင် ကချင်စစ်ဘေးရှောင် ခုနစ်သောင်းခန့်ရှိနေပြီး အစိုးရထိန်းချုပ်ဧရိယာထဲတွင် လေးသောင်းခန့်ရှိနေကာ စုစုပေါင်း ကချင်စစ်ဘေးရှောင် တစ်သိန်းတစ်သောင်းနှင့် တစ်သိန်းနှစ်သောင်းကြား ရှိနေသည်။

တစ်သိန်းနှစ်သောင်းခန့်ရှိသော ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်၊ KIOနှင့် KHCC တို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရာတွင် တပ်မတော်နှင့် KIA တို့အကြား Bilateral စာချုပ်မှာ အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေသည်။

တပ်မတော်နှင့် KIA တို့အကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ တိုးတက်ခြင်းသည် ကချင်စစ်ဘေးရှောင်များ၏ နေရပ်အပေါ် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး တစ်စုံတစ်ခုသော သဘောတူညီချက်မရရှိဘဲ စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးမှာ မဖြစ်နိုင်ကြောင်း KHCC က ယူဆသည်။

“ကျွန်တော်တို့ ဘယ်လိုပဲ နေရပ်ပြန်ဖို့ကိစ္စ လုပ်သည်ဖြစ်စေ စစ်တပ်ဘက်ကလည်း စစ်အင်အားကို တိုးချဲ့နေမယ်။ KIA ဘက်ကလည်း သူ့နယ်မြေ၊ သူ့ဧရိယာထဲ ဝင်လာရင်တော့ တိုက်ခိုက်မယ်။ ပစ်ခတ်မယ်ဆိုတဲ့ သဘောထားအပေါ်မှာတော့ နေရပ်ပြန်နိုင်ရေးဆိုတာ မဖြစ်နိုင်ဘူးပေါ့။ အဲဒီတော့ နေရပ်ပြန်နိုင်ရေးနဲ့ KIA နဲ့ အစိုးရနဲ့ တပ်မတော်ကြားထဲမှာ သဘောတူညီမှုက အများကြီး ဆက်စပ်နေပါတယ်” ဟု KHCC ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်က The Daily Eleven သို့ ပြောကြားသည်။

ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရေးဆောင်ရွက်ရာတွင် IDP များ၏ ရာခိုင်နှုန်း ၉၀ ကို ၎င်းတို့၏ မူလနေရပ်တွင်ပင် ပြန်လည်အခြေချနေထိုင်နိုင်ရေး အဓိကဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အနည်းငယ်ကိုသာ ပြန်လည်နေရာချထားရေး ခေါင်းစဉ်အောက်တွင် ဆောင်ရွက်သွားရန် KHCC ဘက်က ဆန္ဒရှိနေသည်။

သို့သော်လည်း ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIA တို့၏ တပ်စခန်း တိုးချဲ့လာမှုများကြောင့် စစ်ရှောင်များ နေရပ်ပြန်ရေး ဆောင်ရွက်ရာတွင် အဆိုပါစခန်းများနှင့် နီးကပ်သောနေရာများတွင် နေရာချထားမှု မပြုလုပ်လိုသည့်အတွက် နေရာရွေးချယ်မှုများ စီစဉ်နေရပြီး အကယ်၍ နေရပ်ပြန်ရေး ဆောင်ရွက်သည့်အခါ တပ်စခန်းများနှင့် နီးကပ်မှုမရှိသည့် ရွာများမှာ အစောဆုံး ပြန်နိုင်ဖွယ်ရှိနေသည်။

လက်ရှိတွင်အစိုးရနှင့် KHCC တို့က စစ်ဘေးရှောင်များအတွက် နေရာရွေးချယ်မှုများ ဆောင်ရွက်ရန် စီစဉ်ထားပြီး အကယ်၍နေရာ ရွေးချယ်မှုကို အတည်ပြုပြီးပါက တပ်မတော်နှင့် KIA တို့သည် မြေမြှုပ်မိုင်းများ ရှင်းလင်းပေးရမည်ဖြစ်ကာ ထိုသို့ ဆောင်ရွက်ရန်အတွက် စာချုပ်မှာ အရေးကြီးနေခြင်းဖြစ်သည်။

ယခုအချိန်တွင်မူ ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးမှာ လုံခြုံရေးအရ စိတ်ချရသည့် အနေအထားတွင် မရှိသေးဘဲ စစ်ရှောင်များ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာ၏ အထောက်အပံ့ကလည်း အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်ခန့် ဆက်လက်ထောက်ပံ့ပေးရန် လိုအပ်သေးသည်ဟု KHCC က သုံးသပ်ထားသည်။

နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းကလည်း ထောက်ပံ့မှုများရှိနေသကဲ့သို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအကြီးအကဲ မစ္စမြူလာ၏ ကချင်ပြည်နယ်ခရီးစဉ်တွင်လည်း ကချင်စစ်ဘေးရှောင်များအတွက် ကုလသမဂ္ဂက အကူအညီပေးမည့် အခြေအနေများကို KHCC ထံ အသိပေးထားသည်။

“UNOCHA က ဒုတိယအကြီးအကဲ လာတဲ့အချိန်မှာလည်း ကချင်စစ်ဘေးရှောင်တွေအတွက် ဒေါ်လာသန်း ၄၀ လောက် ရှိဦးမယ်လို့ ပြောပါတယ်။ တရုတ်ဘက်ကလည်း ကမ်းလှမ်းတာရှိပါတယ်။ ဒါပေမဲ့သူတို့က KBC တို့ ၊ KHCC တို့နဲ့ တိုက်ရိုက်ပြောဆိုတာ မရှိသေးပါဘူး” ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ပြောကြားသည်။

ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရေးအတွက် အစိုးရ၊ တပ်မတော်၊ KIO နှင့် KHCC တို့ ညှိနှိုင်းဆောင်ရွက်နေသော်လည်း မည်သည့်အချိန် နေရပ်ပြန်နိုင်ရေးကို အပြီးဆောင်ရွက်မည်ဟူသော အချိန် သတ်မှတ်ချက်မရှိဘဲ လက်ရှိတွင် စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့် နမ်ဆန်ယန်သည်ပင် လုံခြုံမှုမရှိဟု KHCC က ယူဆထားသည်။

နမ်ဆန်ယန်စစ်ရှောင်များသည် အစိုးရ၊ တပ်မတော်တို့၏ သဘောတူညီမှုအရ နေရပ်ပြန်လာခြင်းမျိုးမဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီမှ ပုဂ္ဂိုလ်အချို့နှင့် တပ်မတော်တို့၏ စည်းရုံးမှုကြောင့် နေရပ်ပြန်လာခြင်းမျိုးဖြစ်သည်ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပြသည်။

သို့သော်လည်း နမ်ဆန်ယန် အလယ်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ပွဲပြုလုပ်ခဲ့သည့် ဇွန် ၆ ရက်တွင်ပင် တပ်မတော်သားများနှင့် နမ်ဆန်ယန်ဒေသခံများ ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲပြုလုပ်ခဲ့ပြီး အဆိုပါမြင်ကွင်းမှာ ကြည်နူးဖွယ်ရာဖြစ်ခဲ့သည်။

အစိုးရနှင့် KHCC တို့သည် မေ ၂၄ ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် IDP များ နေရပ်ပြန်ရာတွင် လိုအပ်သော Initial Need Assessment ပြုလုပ်ရေး၊ Action Plan ရေးဆွဲရေးအတွက် အကြံပြုချက်များ ရယူရေး၊ လုပ်ငန်းအဖွဲ့နှင့် KHCC တို့တွင် Focal Person များ သတ်မှတ်ရေးနှင့် ဆက်လက်ပြုလုပ်မည့် အစည်းအဝေး အချိန်ဇယား သတ်မှတ်ခြင်းတို့ကို အတည်ပြုနိုင်ခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက မေ ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

အစိုးရနှင့် KIO တို့၏ Bilateral အခြေအနေ

အစိုးရနှင့် KIO တို့အကြား ပဏာမ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးမှုများ ဆောင်ရွက်နေသော်လည်း လက်ရှိအချိန်အထိ အဆင်ပြေမှုမရှိသေးဘဲ အစိုးရနှင့် KIO ပါဝင်သည့် မြောက်ပိုင်းလေးဖွဲ့တို့၏ ဆွေးနွေးမှုမှာ နေရာညှိနှိုင်းမရဖြစ်ရာမှ မေလကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဆွေးနွေးပွဲသည်ပင် လက်ရှိအချိန်အထိ ရွှေ့ဆိုင်းထားရသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့ မူဆယ်မြို့တွင် တွေ့ဆုံခဲ့ကြပြီး အဆိုပါတွေ့ဆုံပွဲမတိုင်မီ KIO ဘက်က Bilateral စာချုပ် အဆိုပြုမူကြမ်းကို အစိုးရထံ ပေးပို့ပြီးဖြစ်ကာ ယင်းအဆိုပြုမူကြမ်းတွင် ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် အထောက်အကူပြုမည့် အချက်များလည်း ပါဝင်နေသည်။

လက်ရှိတွင်အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးနေပြီး အကယ်၍ တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်လာပါက မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က တစ်ဖွဲ့ချင်းစီအလိုက် တင်ပြထားသော Bilateral စာချုပ် အဆိုပြုမူကြမ်းများကို ဆွေးနွေးကြမည် ဖြစ်သည်။

အကယ်၍ အစိုးရနှင့် KIO တို့အကြား Bilateral စာချုပ် အဆိုပြုမူကြမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးမှု အဆင်ပြေပါက နှစ်ဖက်လက်မှတ်ရေးထိုးနိုင်သည့်အထိ PCG ဘက်က မျှော်လင့်ထားသော်လည်း KHCC ကမူ ထိုသို့သော အခြေအနေအထိ ရောက်ရှိရန် ခက်ခဲဦးမည်ဟု သုံးသပ်သည်။

KIO ၏ Bilateral စာချုပ် အဆိုပြုမူကြမ်းတွင် ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး အထောက်အကူပြုမည့် အချက်များ ပါဝင်သော်လည်း မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ကမူ ၎င်းတို့၏ စာချုပ်များကို တစ်ပြိုင်နက်တည်း လက်မှတ်ရေးထိုးလိုသော ဆန္ဒရှိနေခြင်းနှင့် ညှိနှိုင်းမှုတွင် စိန်ခေါ်မှုများ ရှိနေခြင်းက KIO အဖွဲ့၏ လက်မှတ်ရေးထိုးနိုင်ရေးမှာ လွယ်ကူသည့် အနေအထား မဟုတ်ပေ။

အစိုးရ၊ KHCC နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရေး အလေးထားဆောင်ရွက်နေသော်လည်း တပ်မတော်နှင့် KIO တို့အကြား တစ်စုံတစ်ခုသော သဘောတူညီချက်ကို လက်မှတ်မရေးထိုးနိုင်ပါက စစ်ဘေးရှောင်များ၏ နေရပ်ပြန်ရေးမှာလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရဦးမည်သာ ဖြစ်သည်။

အစိုးရဘက်ကမူ အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ယခုလအတွင်း မဖြစ်ဖြစ်အောင် ပြုလုပ်သွားမည်ဟု တရားဝင်ထုတ်ဖော်ပြောကြားထားသည်။ 

ကချင်တစ်ကျော့ပြန် စစ်ပွဲစတင်ခဲ့သော ၂၀၁၁ ခုနှစ် ဇွန် ၉ ရက် နောက်ပိုင်းတွင် တပ်မတော်နှင့် KIO တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ကြေညာခဲ့သော တပ်မတော်၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်၏ နောက်တွင်မူ နှစ်ဖက်အကြားရှိ တိုက်ပွဲများ အနည်းငယ် ငြိမ်သက်သွားခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာရေးအတွက် တပ်မတော်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ဧပြီလကုန်အထိ အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားချက်ကို မေ ၁ ရက် မှ ဇွန်လကုန်အထိ နှစ်လ ထပ်မံသက်တမ်း တိုးမြှင့်ပေးခဲ့ပြီး အဆိုပါကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရေးနှင့် ပတ်သက်၍ တိုးတက်မှုများ ရရှိရန် တပ်မတော်ဘက်က မျှော်လင့်ထားသည်။

ကချင်စစ်ဘေးရှောင်များ၏ အိမ်ပြန်ချိန် မျှော်လင့်ချက်

ကချင်တစ်ကျော့ပြန်စစ်ပွဲ ရှစ်နှစ်ပြည့် ဆုတောင်းခြင်း အခမ်းအနားကို ဇွန် ၈ ရက်နှင့် ၉ ရက်တွင် မြစ်ကြီးနားမြို့ရှိ မနောကွင်းတွင်  ပြုလုပ်ခဲ့ပြီး ဇွန် ၈ ရက်တွင် ကချင်စစ်ဘေးရှောင်များ လက်ရှိကြုံတွေ့နေရသော အခြေအနေများအပေါ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သကဲ့သို့ IDPS များကင်း ၎င်းတို့၏ သဘောထား ကြေညာချက်များကိုလည်း ထုတ်ပြန်ခဲ့ကြသည်။

လက်ရှိ စစ်ရှောင်စခန်းအတွင်း နေရသောအချိန်တွင် လူငယ်များ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ စစ်ရှောင်စခန်းများတွင် လူ့ဂုဏ်သိက္ခာနှင့်အညီ အသက်ရှင်နေထိုင်ရန် လိုအပ်သော အစားအစာနှင့် လူသားချင်းစာနာမှု အကူအညီများ၊ လုံခြုံ၍ မိသားစုအလိုက် ခိုလှုံနိုင်သော နေအိမ်၊ အသက်မွေးဝမ်းကျောင်းပြုမှု ကိုယ့်အားကိုယ်ကိုးနိုင်မှု ရှိရေးတို့ကို IDPs များက တောင်းဆိုသည်။

နေရပ်ပြန်ရေး၌ ခြိမ်းခြောက်ဖိအားပေးခြင်း၊ မက်လုံးပေးခြင်းမပြုဘဲ IDPs များ၏ သဘောဆန္ဒအရဖြစ်ရေး၊ IDPs များ၏ မူလနေရင်းဒေသများသို့ ပြန်ခြင်း သို့မဟုတ် အခြားတစ်နေရာသို့ ပြန်လည်နေရာ ချထားရေးအတွက် IDPs များကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပြုရေးကိုလည်း ၎င်းတို့၏ ရပ်တည်ချက်သဘောထားတွင် IDPs များက ဖော်ပြခဲ့သည်။

နေရပ်ပြန်ခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ပေါင်းစည်းဝင်ဆံ့ခြင်းကို လုပ်ဆောင်ရာတွင် အဓွန့်ရှည်တည်တံ့သော ဖြေရှင်းရေးမူဘောင်ကို ကျင့်သုံးခြင်း၊ နေရပ်ပြန်ရေး၊ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ် အဆင့်တိုင်းတွင် IDPs များ ပူးပေါင်းပါဝင်ခွင့်ရှိခြင်းနှင့် IDPs ရေးရာ လုပ်ဆောင်နေသော လူမှုအဖွဲ့အစည်းများ၊ အစိုးရ၊ တပ်မတော်၊ KIO/ KIA များနှင့် သက်ဆိုင်သော ကိစ္စရပ်များ လုပ်ဆောင်ရာတွင် IDPs များနှင့် ဦးစွာတိုင်ပင်ခြင်း၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိခြင်းတို့ကိုလည်း IDPs များက တောင်းဆိုခဲ့သည်။

ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရေးနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် တပ်မတော်နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ရှိနေပြီး အစိုးရအနေဖြင့် ၎င်းတို့ဖြစ်လိုသည့် ဆန္ဒကို တပ်မတော်နှင့် KIO အား ရှင်းရှင်းလင်းလင်း ချပြရန် လိုအပ်သည်ဟု KHCC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

“ကျွန်တော်တို့ အမြဲတမ်း နေရပ်ပြန်ရေးကိစ္စတွေ၊ IDP ကိစ္စတွေ ဆွေးနွေးတိုင်း နောက်ဆုံးအဆင့်ကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ သဘောတူညီမှုမှာ အားနည်းတဲ့အတွက်ကြောင့်မို့လို့ ပျက်ပြယ်ရတာတွေချည်းပဲ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်အစိုးရက ကျွန်တော်တို့ ရွေးကောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် အစိုးရရဲ့ သဘောထားအပေါ်မှာပဲ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဖက်ဒရယ်ပြည်ထောင်စုကို ပီပီပြင်ပြင် ဖြစ်စေချင်ပါတယ်” ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

သက်တမ်းရှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့် ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရေး ဆောင်ရွက်ရာတွင် အစိုးရ၊ တပ်မတော်နှင့် KIO တို့၏ သဘောထားအပေါ်တွင် များစွာမူတည်နေပြီး အထူးသဖြင့် တပ်မတော်နှင့် KIA အကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ခုအပေါ် လက်မှတ် ရေးထိုးနိုင်ရေးသည်သာ စစ်ရှောင်များ၏ နေရပ်ပြန်ရေးအပေါ် ပိုမိုသက်ရောက်မှု ရှိစေမည်ဖြစ်သည်။

ရာသီအလိုက် အခက်အခဲပေါင်းစုံကို ရင်ဆိုင်ဖြတ်သန်းခဲ့ရသည့် ကချင်စစ်ဘေးရှောင်များအနေဖြင့် ယခုနှစ်တွင်လည်း မိုးတွင်းကာလကို ကျန်းမာရေး အခက်အခဲများကြားမှ ရုန်းကန်လှုပ်ရှား အသက်ရှင်သန်ရင်း ၎င်းတို့၏ နေရပ်ပြန်ရေးကို မျှော်လင့်နေရဦးမည်ဖြစ်သည်။

တိုက်ပွဲများကြောင့် မြေစာပင်ဖြစ်ခဲ့ရသူများ ဂုဏ်သိက္ခာရှိစွာ ပြန်လည်ရပ်တည် ရှင်သန်နိုင်ရေးမှာ ပဋိပက္ခနှင့် သက်ဆိုင်သူများ၏ နိုင်ငံရေးဆန္ဒအပေါ် မူတည်နေသည်ကို သတိပြုရမည်ဖြစ်သည်။

ကချင်စစ်ဘေးရှောင်များတွင် အခက်အခဲများစွာရှိနေပြီး ဝမ်းစာအတွက် တရုတ်နယ်စပ်တွင် သွားရောက်အလုပ်လုပ်ရာတွင်လည်း တစ်ခါတရံ တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းများကို ခံနေကာ စစ်ဆေးဖမ်းဆီးမှုများ ရှိနေချိန်တွင် အလုပ်လုပ်ကိုင်ရန် အခွင့်အလမ်းမရှိကြောင်း KIO ထိန်းချုပ်နယ်မြေရှိ ဂျေယန်စစ်ရှောင်စခန်းတွင် နေထိုင်သူ ဖောင်ယမ်ခေါ်န်နန်က ပြောသည်။

“လာမယ့် ၂၀၂၀ မှာ ဆန်အထောက်အပံ့လည်း မပေးတော့ဘူးလို့ ပြောသံကြားရတော့ ကျွန်မ အရမ်းစိတ်ပူပန် ပါတယ်။ တကယ်လို့များ သေနတ်သံတွေ ရပ်ဆိုင်းသွားပြီဆိုရင် ကျွန်မတို့ နေရပ်ပြန်ချင်ပါတယ်” ဟု နားလုံးရွာသူ ဖောင်ယမ်ခေါ်န်နန်က ပြောသည်။

ဘဝတူ ကချင်စစ်ဘေးရှောင်အချို့ နမ်ဆန်ယန်ကျေးရွာတွင် ပြန်လည်အခြေချ နေထိုင်နိုင်မှုအပေါ် ၎င်းက အားကျနေသော်လည်း သူမ၏ ရွာတွင် မိုင်းအန္တရာယ် စိုးရိမ်ရသည်ဟု နားလုံးရွာသူ ဖောင်ယမ်ခေါ်န်နန်က ဆိုသည်။

“ကျွန်မဖြစ်စေချင်တာ မေတ္တာရပ်ခံချင်တာကတော့ ငြိမ်းချမ်းရေးကို အမြန်ဆုံး လုပ်ဆောင်ပေးစေချင်တယ်။ နေရပ်ကို ပြန်နိုင်မှ အကောင်းဆုံးဖြစ်နိုင်မယ်လို့ ထင်တယ်။ကျွန်မတို့ ကိုယ့်အိမ်ကိုယ့်ရပ်မှာ နေတော့ အခုလို ဘယ်သူမှ မခက်ခဲဘူး” ဟု ဖောင်ယမ်ခေါ်န်နန်က ပြောသည်။                  

သက်တမ်း ရှစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည့် ကချင်စစ်ဘေးရှောင်များ၏ အိမ်ပြန်ချိန် မျှော်လင့်ချက်များမှာ ရှင်သန်နေဆဲပင်ဖြစ်ပြီး ၎င်းတို့၏ နေရပ်ပြန်ရေး အိပ်မက်များမှာ စစ်ရှောင်စခန်းများတွင် သက်တမ်းရှည် နေထိုင်ရင်းဖြင့် အချိန်မနှောင်းစေလိုပေ။

 

 

Most Read

Most Recent