နေချင့်စဖွယ် မြို့ပြဖြစ်ထွန်းမှုအတွက် စိ်န်ခေါ်မှုများ

နေချင့်စဖွယ် မြို့ပြဖြစ်ထွန်းမှုအတွက် စိ်န်ခေါ်မှုများ
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက အကောင်အထည်ဖော်နေသည့် ကနောင်တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက အကောင်အထည်ဖော်နေသည့် ကနောင်တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
Published 9 June 2019
နီလာ

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့ တော် ရန်ကုန်မြို့သည် လက်ရှိ အချိန်တွင် လူဦးရေ ခုနစ်သန်းကျော်ရှိနေပြီး မကြာမီနှစ်များအတွင်း လူဦးရေ ၁၀ သန်းအထိ ရှိလာ မည် ဟု ခန့်မှန်းထားကြသည်။

ရန်ကုန်တိုင်း၏ လူဦးရေသိပ်သည်းမှု အခြေအနေ

ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေ သိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာ တွင် ၇၁၆ ဦးရှိနေ ပြီး မြန်မာနိုင်ငံ၏ လူဦးရေ သိပ် သည်းဆ (တစ်စတုရန်းကီလိုမီတာ လျှင် ၇၆) နှင့်နှိုင်းယှဉ်လျှင် ကိုးဆခန့် မြင့်မားနေကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ ထုတ်ပြန်သည့် ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်း အစီရင်ခံစာအရ သိရသည်။

“ရန်ကုန်တိုင်းပြီးရင် ဧရာဝတီတိုင်းက တစ်စတုရန်းကီလို မီတာမှ လူ ၂၀၀၊ မန္တလေးတိုင်းက တစ်စတုရန်း ကီလိုမီတာမှာ ၁၇၇ ဦးနဲ့ လူဦးရေသိပ်သည်းဆ ဒုတိယနဲ့ တတိယ အများဆုံးဖြစ်ပါတယ်။  ရန်ကုန်တိုင်းကတော့ လူဦးရေ သိပ်သည်းဆ အများဆုံးတိုင်း ဖြစ်ပါတယ်။ ရန်ကုန်ရဲ့လူဦးရေ သိပ် သည်းဆက ၁၉၇၃ ခုနှစ်တုန်းက တစ်စတုရန်းကီလိုမီတာမှာ လူဦး ရေ ၃၁၀၊ ၁၉၈၃ ခုနှစ်မှာ တစ် စတုရန်းကီလိုမီတာမှာ ၃၈၇ ဦးရှိခဲ့ ပြီး၂၀၁၄ သန်းခေါင်စာရင်းမှာ တော့ ၇၁၆ ဦးအထိ တိုးမြင့်လာပါတယ်” ဟု ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သန်းခေါင်စာရင်းမှ ရရှိသော အချက် အလက်များအရ ရန်ကုန်တိုင်းဒေသကြီးတွင် လူ ၁၀၀ လျှင် ၇၀ သည် မြို့ပြဒေသတွင် နေထိုင်ကြပြီး ၃၀ သည် ကျေးလက်ဒေသတွင် နေထိုင်ကြကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူ ရာခိုင်နှုန်း ၇၀ ရှိပြီး မြို့ပြဒေသ၌ နေထိုင်သူ ရာခိုင်နှုန်း ၃၀ ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၏ မြို့ပြတွင် နေထိုင်သူဦးရေသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမြင့်မားဆုံးဖြစ်ပြီး ဒုတိယအများဆုံးအဖြစ် ကချင်ပြည်နယ် (၃၆ ရာခိုင်နှုန်း) ထက် နှစ်ဆခန့် များပြားသည်ကို တွေ့ရကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

မြို့ပြရွှေ့ပြောင်း နေထိုင်သူများ

ရန်ကုန်မြို့သို့ စီးပွားရေးအရ အလုပ်အကိုင်အခွင့်အလမ်းများ ကြောင့် ရွှေ့ပြောင်းအခြေချနေထိုင်သူ တစ်နှစ်ထက်တစ်နှစ် မြင့် တက်လာကာ ရန်ကုန်မြို့၏ လူဦးရေလည်း တိုးတက်လျက်ရှိသည်။

မြို့ပြရွှေ့ပြောင်းနေထိုင်သူ မြင့်တက်မှုနှင့်ပတ်သက်၍ ကမ္ဘာ့ ဘဏ်၏ အစီရင်ခံစာတွင်မူ မြန်မာ နိုင်ငံ၏ရွှေ့ပြောင်းနေထိုင်သူ အများစုမှာ အလုပ်ကြောင့် ပြောင်း ရွှေ့သူ ၅၆ ရာခိုင်နှုန်း သို့မဟုတ် ရွှေ့ပြောင်းသူများနှင့်အတူ လိုက် ပါရန် မိသားစုဝင်များနှင့် အတူ နေရန် ပြောင်းရွှေ့သူ ၃၈ ရာခိုင် နှုန်း ပြောင်းရွှေ့ကြသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မြို့ပြဆင်းရဲမှု သိသာထင်ရှားစွာ လျော့ကျနေပြီ ဟုဆိုနိုင်သော်လည်း မြို့ပြဆင်ခြေဖုံးတွင် နေထိုင်ကြသော ဆင်းရဲသည့် အိမ်ထောင်စုများစွာတို့သည် ဆင်းရဲချို့တဲ့စွာနေထိုင်ကြရပြီး နေ ထိုင်မှုအ ခြေခံလိုအပ်ချက်များ ပြည့်မီရန် ရုန်းကန်နေကြရသည်။ အဆိုပါအိမ်ထောင်စုများသည် ကာလရှည်ကြာစွာ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ ကို စားသုံးနေကြရပြီး ကျန်းမာရေး အတွက် ဝင်ငွေ၏ ပမာဏ အတော် များများကို အသုံးပြုနေရသည်ဟု အချက်အလက်များက ပြဆိုသည်။

မြို့ပြနေ ဆင်းရဲသူဆင်းရဲသား တို့အတွက် ဘဏ္ဍာရေးတွင် အားလုံး ပါဝင်ခြင်းဆိုသည်မှာ စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ ရန်ကုန်မြို့ရှိ ဆင်းရဲသော အိမ်ထောင်စုများကို စစ်တမ်းကောက်ယူချက်အရ အိမ် ထောင်စုများ၏ ၈၆ ရာခိုင်နှုန်းသည် တရားဝင်မဟုတ်သော နေ ရာများမှ ငွေချေးယူကြပြီး အတိုး နှုန်း ရာခိုင်နှုန်း ၂၀ အထက် ပေး ကြရသည်ကို တွေ့ရသည်။ အတိုး နှုန်းမြင့်မားသည့် ကြွေးမြီတင်ရှိမှု ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေသည်ဟုလည်း သိရသည်။

နောက်ထပ်စိန်ခေါ်မှု တစ်ခုအဖြစ် တရားဝင် စာရွက်စာတမ်း၊ နေရာထိုင်ခင်း စိတ်ချရမှုနှင့် ရာဇဝတ်မှုဆိုင်ရာ အခက်အခဲ စိန်ခေါ်မှုများဖြစ်သည်။ ပုံမှန်မဟုတ်သော ကျူးကျော်နေထိုင်သူများအတွက် တရားဝင် စာရွက်စာတမ်းများ ရရှိနိုင်ရန် အခက်အခဲရှိပြီး အကျိုးဆက်အားဖြင့် တရားဝင် အလုပ်အကိုင်၊ မြူနီစီပယ်ဝန်ဆောင်မှုနှင့် အသေးစား ချေးငွေများရရှိရန် အတားအဆီး ဖြစ်စေသည်ဟု မြန်မာ့လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၊ အစီရင်ခံစာ ၂၀၁၅ ကို ရည်ညွှန်းပြီး ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုများက ထိခိုက်လွယ်သော အားနည်းသည့် လူအုပ်စုများအား ဦးတည်ဖြစ်ပွားသည်။ တရားဥပဒေ စိုးမိုးရေးကဏ္ဍတွင် ရဲများ၏ တက်ကြွသော အခန်းကဏ္ဍကို မတွေ့ရခြင်းကြောင့် အသစ်ရောက်ရှိလာသော ကျူးကျော်နေထိုင်သူများသည် ပြစ်မှုနှင့်ပတ်သက်၍ ရဲကိုလည်းကောင်း၊ ရပ်ကွက်အာဏာပိုင်များကို လည်းကောင်း သတင်းပို့ တိုင်ကြားလေ့ မရှိပေ။

ညအချိန်တွင် အမျိုးသမီးများ ကျူးကျော်နေထိုင်သူများ အခြေချရာအရပ်ရှိ လမ်းများပေါ် လမ်းလျှောက်သွားလာရန် စိုးရွံ့ကြသည်။ သူတို့သည် ထိခိုက်နိုင်ခြေ မြင့်မားသူများဖြစ်ကြပြီး ပြစ်မှုကျူးလွန် သူများ၏ လက်စားချေခံရမည်ကို ကြောက်ရွံ့ကြသည်ဟုလည်း DIIS, 2017 တွင် ဖော်ပြထားသည်။

မြို့ပြရွှေ့ပြောင်းအခြေချသူ များနှင့် မြို့ပြလူဦးရေ တိုးတက်လာမှုကလည်း ကျူးကျော်နေထိုင်မှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ထောက်ပြထားသည်။

ရွှေ့ပြောင်းနေထိုင်မှုများကြောင့် မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ကျူးကျော်များ ပေါ်ပေါက်ခဲ့ခြင်း

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်ကို လေ့လာကြည့်ပါက ထင်ထင်ရှားရှား ဖြစ်ပေါ်ခဲ့သည့် ကျူးကျော်ပြဿနာများ ဖြေရှင်းခဲ့ရသော ဖြစ်စဉ်မှာ လက်ရှိရင် ဆိုင်နေရသည့် ကျူးကျော်ပြဿနာ အပါအဝင် လေးကြိမ်အထိရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့မှုများတွင်လည်း ရန်ကုန် မြို့တွင်သာ အများဆုံး ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။

ပထမဆုံး ကျူးကျော် ပြဿနာ မှာ မြန်မာနိုင်ငံသို့ အိန္ဒိယမှ အလုပ်သမားများ (Import Labour) ခေါ်ဆောင်မှုကြောင့် ၁၈၇၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယကမ္ဘာစစ်အပြီး စစ် ဒဏ်ကြောင့် ရန်ကုန်မြို့၏ လူဦးရေ မှာ ငါးသိန်းမှ တစ်သန်းအထိ နှစ်ဆတိုးပွား ခဲ့မှုကြောင့် တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်ခန့်တွင် တစ်ကြိမ်ဖြစ် ခဲ့ကြောင်း ဇွန် ၁၂ ရက်က ပြုလုပ် သည့် မြန်မာနိုင်ငံ၏ မြို့ပြဖြစ်ထွန်း မှု အားလုံးအတွက် အခွင့်အလမ်း များ ဖန်တီးခြင်း အနှစ်ချုပ် တင်ပြခြင်း အခမ်းအနားတွင် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်း ပြောကြားခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့ သည့် ကျူးကျော်များ ဖြေရှင်းရန် အတွက် ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံ မြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ လှိုင် သာယာမြို့နယ်များကဲ့သို့သော မြို့သစ်များ ဖော်ဆောင်၍ ဖြေရှင်းခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်အထိ ဆယ်စုနှစ်သုံးခု သက်တမ်း နှင့် ပြည့်စုံသည့် မြို့ပြအင်္ဂါရပ်များ ဖွံ့ဖြိုးမှု နှောင့်နှေးနေဆဲဖြစ်သည်။

တစ်ချိန်က မြန်မာနိုင်ငံ၏ တတိယအကြီးဆုံးမြို့ ဖြစ်ခဲ့ဖူး သော ပုသိမ်မြို့သည် လက်ရှိအချိန်တွင် ခေတ်ကာလအလျောက် ဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့သဖြင့် လက်ရှိတွင် မြို့ငယ်လေး တစ်ခုအဖြစ်သာ ကျန်ရှိနေသည်။

မြို့ပြတစ်ခုဖွံ့ဖြိုး တိုးတက်ရန်မှာ မြို့ပြနှင့် လိုက်ဖက်သော ဖွံ့ဖြိုး မှုများနှင့် ပြည့်စုံနေရန်မှာ အမှန်ပင် လိုအပ်ပေသည်။ ဥပမာ လက်ရှိ တွင် ရန်ကုန်မြို့တော်ကြီးသည် မြန် မာနိုင်ငံ၏ ပညာများရှာဖွေရန်၊ အလုပ်အကိုင်များရှာဖွေရန်၊ သယ် ယူပို့ဆောင်ရေး၊ လူနေမှုပုံစံ အဆင့် အတန်းများ အခြားမြို့ပြများထက် သာလွန်နေခြင်း စသည့် ဝန်ဆောင်မှုကဏ္ဍများ ပြည့်စုံနေခြင်းကြောင့် ရန်ကုန်မြို့ကြီးသို့ ရွှေ့ပြောင်းနေထိုင်မှု များပြားနေခြင်းဖြစ်သည်။

ထို့ကြောင့် ရန်ကုန်မြို့ကို နေ ချင့်စဖွယ် မြို့တစ်ခုအဖြစ် ဖန်တီး ရာတွင်လည်း အထက်ပါအချက် များ ပြည့်စုံကောင်းမွန်နေမှသာ တိုးတက်လာသည့် လူဦးရေနှင့်အညီ လိုက်ဖက်သော မြို့ပြအဖြစ် ဖန်တီးနိုင်မှုမှာလည်း အမှန်ပင် လိုအပ်ပေသည်။

အိမ်ရာရနိုင်ခွင့် အကန့်အသတ်သာ ရှိသဖြင့် ကျူးကျော်ဖြစ်ပေါ်စေ

မကြာသေးမီက မြို့ပြလူဦးရေ တိုးတက်မှုနှင့် မြို့ပြမြေစျေးနှုန်း မြင့်မားမှုများကြောင့်  မြို့ကြီးများ အထူးသဖြင့် ရန်ကုန်တွင် တန်ဖိုး သင့်အိမ်ရာများ အဓိကရှားပါးနေ သည်။

စီးပွားရေးလွတ်လပ်ခွင့် ရရှိပြီးကတည်းက အထပ်မြင့်တိုက် ခန်းများ၊ အဆင့်မြင့် ကွန်ဒိုခန်းများကိုသာ ဆောက်လုပ်နေကြသဖြင့် တန်ဖိုးသင့်အိမ်ရာများနှင့် မြို့ကြီးများ၏ အခြေခံ အဆောက်အအုံနှင့် ဝန်ဆောင်မှုများကို ပိုမိုအလေးပေးရန် လိုအပ်နေသည်။

ရန်ကုန်မြို့တွင် အိမ်ထောင်စု ၂၅ ရာခိုင်နှုန်းသာ ကွန်ဒိုများ၊ တိုက်ခန်းများနှင့် အုတ်အိမ်များကဲ့သို့ အိမ်ရာအခန်းများဖြင့် အဆင်ပြေပြေ နေထိုင်လျက်ရှိသည်။(“Pucca” အမျိုးအစားဟု သတ်မှတ်ထား) ကျန်ရှိနေသော အိမ်ထောင်စုများ၏ ၇၅ ရာခိုင်နှုန်း သည် Pucca မကျတကျ သို့မဟုတ် မကြာခဏ ပြန်လည်ပြင်ဆင်ရန် လိုအပ်သည့် ယာယီအဆောက်အအုံများတွင် နေထိုင်ကြရသည်။

ထို့ပြင် စျေးနှုန်းတက်နေသဖြင့် အချို့ဝင်ငွေနည်း နေထိုင်သူများကို ပိုမိုစျေးသက်သာသော (အများအားဖြင့် ဆိုးဆိုးရွားရွား အခြေအနေရှိသည့်) အခန်းငှားရခြင်း သို့မဟုတ် အိမ်ငှားနိုင်ခြင်း မရှိတော့ဘဲ တရားမဝင် အခြေချ နေထိုင်ရသည့် ကျူးကျော်တဲများသို့ ပြောင်းရွှေ့ရခြင်းစသည့် ပိုမိုဆိုးရွားသော အခြေအနေသို့ ဆိုက်ရောက်စေသည်ဟု International Growth Center, 2016 တွင် ဖော်ပြထားသည်။

မြို့ပြလူဦးရေထဲတွင် တရားမဝင် အခြေချနေထိုင်သူများဆိုင် ရာ တစ်နိုင်ငံလုံးအဆင့် ကိန်းဂဏန်း အချက်အလက်များ မရှိသေးသော်လည်း ဆင်းရဲသားရပ်ကွက်တွင် နေထိုင်သူမှာ မြန်မာနိုင်ငံ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကြားရှိသည်ဟု ခန့်မှန်းထားကြောင်း International Growth Center ၏ ဖော်ပြချက်ကို ရည်ညွှန်းပြီး အဆိုပါအစီရင်ခံ စာတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တွင် တရားမဝင် အခြေချနေထိုင်သူများက ဝင်ရောက်နေသည့် စုစုပေါင်းဧရိယာမှာ ခန့်မှန်းခြေ လူဦးရေ ၄၇၅၀၀၀ သို့မဟုတ် အိမ်ထောင်စု ၁၅၅၀၀၀ ဖြင့် ဧက ၂၀၀၀ ကျော်ရှိသည်ဟုလည်း GAD, 2017 ကို ရည်ညွှန်းပြီး ဖော်ပြထားသည်။

ထိုအခြေချနေထိုင်မှုများတွင် အိုးအိမ်အခြေအနေများမှာ ဆင်းရဲပြီး အိမ်ထောင်စုများသည် သေးငယ်၍ အရည်အသွေးနိမ့် သည့် ယာယီအိမ်များတွင် အခြေခံ ဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့်သာ  ရရှိနေကြောင်း ဖော်ပြထားသည်။

မြင့်မားလာသည့် အိမ်ရာရှား ပါးမှုပြဿနာကို ဖြေရှင်းရန် အစိုးရ က ၂၀၃၀ ပြည့်နှစ်အမီ အိမ်ခန်း ပေါင်း တစ်သန်းတည် ဆောက်ရန် အဆိုပြုထားသော်လည်း လက်ရှိ အချိန်တွင် စွမ်းဆောင်ရည်နှင့် ဘဏ္ဍာရေး အခက်အခဲများကြောင့် အကောင်အထည် ဖော်မှုနှေးကွေး နေသည်ကို တွေ့ရကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံတွင် အိမ်ရာအ တွက် ဘဏ္ဍာရေးကို ရောင်းလိုအား (အိမ်ဆောက်လုပ်ရေး လုပ်ငန်းရှင်များအတွက် ဘဏ္ဍာရေးပံ့ပိုးပေး ခြင်း) နှင့် ဝယ်လိုအား (အိမ်ဝယ်သူ များအတွက် ဘဏ္ဍာရေးပံ့ပိုးပေး ခြင်း) မှာ မဖွံ့ဖြိုးသေးဘဲ ရှိနေသေးကြောင်း၊ မြန်မာနိုင်ငံတွင် အထွေ ထွေဘဏ္ဍာရေး စနစ်အကန့်အသတ်ရှိပြီး အခြေခံဘဏ္ဍာရေး ဝန်ဆောင်မှုများကို ရယူနိုင်မှု အလွန်အမင်း နည်းပါးသည်။

ဘဏ်အများစုထံမှ ဝင်ငွေမြင့် အိမ်ထောင်စုများသည်သာ အိမ်ဝယ်ယူရန် ချေးငွေရရှိကြောင်း၊ အိမ်စျေးနှုန်းကို ကာမိသည့်  လက်ခံနိုင်သော အာမခံပစ္စည်းရှိမှသာ ချေးငွေရရှိပြီး အိမ်စျေးနှုန်းမှာလည်း အလွန်မြင့်မားသဖြင့် ဝင်ငွေနည်း လူဦးရေများကို ဘေးဖယ်ထားသလို ဖြစ်နေသည်။

၂၀၁၃ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန (MOC) သည် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်၏ဦးဆောင်စတင်မှု ဖြင့် ဖွံ့ဖြိုးရေးဘဏ်တစ်ပိုင်း အစိုးရ တစ်ပိုင်းပိုင်ဆိုင်မှုဖြင့် အိမ်ရာ ဆောက်လုပ်ရေး ဖွံ့ဖြိုးလာရေး အတွက် အလားအလာရှိ ဆောက် လုပ်ရေးလုပ်ငန်းရှင်များနှင့် အိမ် ပိုင်ရှင်များကို သင့်တင့်သောချေး ငွေထောက်ပံ့ရန် ရှိသော်လည်း လျှောက်ထားသူများပြားပြီး မဖြည့် ဆည်းပေးနိုင်ပဲရှိနေကြောင်း ဖော် ပြထားသည်။    

ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် ငါးနှစ်မှ ရှစ်နှစ်အတွင်းသာ ရှိသည့်အတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောကြားသည်။

ဇွန် ၅ ရက်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြု လုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တတိယတစ်နှစ်တာ ဆောင်ရွက်ချက်များ သတင်း စာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။  

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေးမှာ ဖိတ်ခေါ်ဖို့ ဆန္ဒရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးမြှုပ်နှံမှုကို ငါးနှစ်ကနေ ရှစ်နှစ်လောက်ပဲ ပေးနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ဒီတိုက်ခန်းတွေကို ဝယ်ယူနေထိုင်မယ့် ပြည်သူတွေက အရစ်ကျ ပေးရမယ်ဆိုရင် တန်ဖိုးပမာဏ များပြားနိုင်ပါတယ်။ ဒီတန်ဖိုးပမာဏ များပြားခြင်းက သူတို့ရဲ့နေ့စဉ် ဝင်ငွေနဲ့ ယှဉ်တွက်မယ်ဆိုရင် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒီတန်ဖိုးနည်း အိမ်ရာတွေကို အရစ်ကျပေးချေတဲ့နေရာမှာ သူတို့လစာငွေကနေ ဘယ်လောက်ပေးချေနိုင်သလဲ ဆိုတာကို တွက်ချက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ဆိုရင် တန်ဖိုးနည်းအိမ်ရာတွေကို ၁၅ နှစ်ကနေ အနှစ် ၂၀ လောက်လာပြီး ရင်းနှီးမြှုပ်နှံသူကို ဖိတ်ခေါ်လိုပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ယခုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုရရှိပါက အစိုးရက စနစ်တကျ ရောင်းချပေးနိုင်ရန် ဖြစ်ကြောင်း၊ သို့မှသာ ရန်ကုန်တွင် လာရောက် လုပ်ကိုင်နေသူများ ရွှေ့ပြောင်းလုပ်သားများ၊ အခက်အခဲ အမျိုးမျိုးကြောင့် ရန်ကုန်တွင် ရောက်ရှိနေသူများအတွက် ယင်းကဲ့သို့ အခွင့်အလမ်း ဖန်တီးပေးနိုင်ရန် ကြိုးပမ်းနေကြောင်း၊ အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အမြန်ဆုံးဆောင်ရွက်နိုင်ရန် မြေပေးပြီး ဆောင်ရွက်နိုင်မည့် နည်းလမ်းကို ကြိုးပမ်းနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရန် အစိုးရပိုင်မြေ ရှားပါးနေ

ယေဘုယျအားဖြင့် တန်ဖိုး သင့်အိမ်ရာများအတွက် မြေယာမှာ အကန့်အသတ်သာရှိသဖြင့် အိမ်စျေးနှုန်းကို မြင့်မားစေသည်။ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ် တို့တွင် အကြီးစားမြေယာ အစိတ် အပိုင်းများကို ပုဂ္ဂလိက ဆောက် လုပ်ရေးလုပ်ငန်းများ၊ တပ်နှင့် ပတ် သက်ဆက်နွှယ်သူများအား လွှဲ ပြောင်း ပေးအပ်ခဲ့ရသဖြင့် တန်ဖိုး သင့်အိမ်ရာများ တည်ဆောက်ရန် အစိုးရ ပိုင်မြေယာရှားပါးနေသည် ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စာတမ်းများတွင် မြို့ကြီးများ ရှိမြေယာ ပိုင်ဆိုင်ခွင့်ကို အတား အဆီးဖြစ်စေသည့် အကြောင်းရင်း များမှာ နိုင်ငံသားဖြစ်မှု၊ အမွေရ ရှိခြင်း၊ လွှဲပြောင်းခြင်း၊ ပိုင်ဆိုင်ခြင်း စသည့် စာရွက်စာတမ်းများ၊ မြေ ယာမှတ်ပုံတင် ခြင်းပြုလုပ်ရာတွင် ကုန်ကျစရိတ်ကြီး ခြင်းစသည်တို့ သည် ဝင်ငွေနိမ့် သို့မဟုတ် ဝင်ငွေ  အလယ်အလတ်တန်းစား မိသားစုများကို အဟန့်အတား ဖြစ်စေသည်ဟု UN Habitat, 2018 တွင် ဖော်ပြထားသည်။

ဆင်းရဲသား အခြေချ နေထိုင်သူများသည် တရားဝင် စာရွက်စာတမ်းများ၊ စည်ပင်သာယာ ဝန်ဆောင်မှုများ ရယူရာတွင် အဟန့်အတားရှိနေခြင်း၊ အိမ်အပေါ် ရင်းနှီးမြှုပ်နှံခြင်း၊ နှင်ထုတ်ခံရမည်ကို စိုးရိမ်နေခြင်း၊ အပြောင်းအရွှေ့၊ မသေချာမှု၊ တင်းမာမှုများ မြင့်မားစေခြင်း၊လူမှုရေးပေါင်းစည်း ညီညွတ်မှုကို အတားအဆီး ဖြစ်စေခြင်း စသည်တို့ကြောင့် တရားမဝင် အခြေချနေ ထိုင်သူများအတွက်လည်း မြေယာလုံခြုံရေးသည် အ ကြီးအကျယ်စိန်ခေါ်မှု တစ်ရပ် ဖြစ်စေကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ မြို့ကြီးများ လက်တွေ့ ရင်ဆိုင်နေရသည့် စိန် ခေါ်မှုများကို ဆန်းစစ်နိုင်ရန် ရည် ရွယ်ပြီး မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုး မှုအလားအလာရှိမြို့ကြီးများ ဖော် ထုတ်၍ ထိုနေရာများအတွက် ဦး စားပေး မူဝါဒနယ်ပယ်များ အဆိုပြုထားသည့် “မြန်မာနိုင်ငံ၏ မြို့ပြဖြစ်ထွန်းမှု - အားလုံးအတွက် အခွင့်အလမ်းများ ဖန်တီးခြင်း အစီရင်ခံစာ” ကို ဇွန် ၆ ရက်က ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

အဓိကတွေ့ရှိချက်များနှင့် စိန်ခေါ်မှုများ

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်း ခေါင်စာရင်းအရ လူဦးရေ  ၅၁ ဒသမ ၅ သန်းအနက် ၁၅ သန်း ခန့်သည်မြို့ပြတွင် နေထိုင်ကြပြီး ကျေးလက်ဒေသ နေထိုင်သူ များပြားသည့်နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေသည်။

သို့သော် ၂၀၅၀ ပြည့်နှစ်တွင် လက်ရှိ ကျေးလက်လူဦးရေမှ နောက်ထပ် ၇ ဒသမ ၁ သန်းသည် မြို့ကြီးများသို့ ပြောင်းရွှေ့ကြမည့် အလားအလာရှိသည့်အတွက် အဆိုပါ ကိန်းဂဏန်း အချက်အလက်များသည် ပြောင်းလဲနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၏ မြို့ပြဖြစ်ထွန်းမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့၌ လူဦးရေ ငါးသန်းကျော် နေထိုင်ကြပြီး ကျယ်ပြန့်သော မြို့တော်နယ်နိမိတ်အတွင်း နေထိုင်သူ ၇ ဒသမ ၄ သန်း ရှိသည်။

မြို့ပြဒေသများအတွင်း တိုးတက်မှု အများစုမှာ ကျေးလက်ဒေသမှ မြို့ပြသို့ ပြည်တွင်းရွှေ့ပြောင်း သွားလာမှုကြောင့် ဖြစ်ကြောင်း UNFPA, 2017 တွင် ဖော်ပြထားသည်။

ဥပမာအားဖြင့် ၂၀၀၉-၂၀၁၄ ခုနှစ်အ တွင်း ရန်ကုန်မြို့၏ လူဦးရေ တိုးတက်မှုအနက် ၈၁ ရာခိုင်နှုန်းမှာ ပြည်တွင်းရွှေ့ပြောင်း သွားလာမှုကြောင့်ဖြစ်သည်။ ရွှေ့ပြောင်းအများစုမှာ အလုပ်အကိုင်အတွက် မြို့ကြီးများသို့ ရွှေ့ပြောင်းကြသည်။ ကျေးလက်ဒေသမှ မြို့ပြသို့ ရွှေ့ပြောင်းသွားလာစေရန် တွန်းပို့သည့် အခြားအကြောင်း အရာများမှာ စီးပွားရေး အခက်အခဲများ၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု၊ မြေယာပိုင်ဆိုင်မှု မရှိခြင်းနှင့် သဘာဝဘေး အန္တရာယ်များကြောင့် ဖြစ်သည်။

မြို့ပြဖြစ်ထွန်းမှုသည် မြို့ပြ၌ ဆင်းရဲနွမ်းပါးမှုကို ပိုမိုလျှော့ချပေးနိုင်ပြီး ၂၀၀၄- ၂၀၀၅ ခုနှစ်တွင် ၃၂ ဒသမ ၂ ရာခိုင်နှုန်းမှ ၂၀၁၅ ခုနှစ်တွင် ၁၄ ဒသမ၅ ရာခိုင်နှုန်းသို့ သိသိသာသာ ကျဆင်းသွားစေသည်ဟု ကမ္ဘာ့ဘဏ်၏ ဆင်းရဲမွဲတေမှုဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြို့ပြရှိ မညီမျှမှုသည် ကျေးလက်ဒေသများထက် မြင့်မားပြီး ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာ မြို့ပြဖြစ်ထွန်းမှု တိုးတက်လာသည်နှင့်အမျှ မြို့များတွင် မညီမျှမှုနှင့် လူမှုရေးတင်းမာမှုများ ဆက်စပ်မှု အလားအလာ ဖြစ်ပေါ်လာစေသည်ဟု ဆိုကြသည်။

မြို့ပြလူဦးရေ တိုးမြင့်လာခြင်းသည် မြို့များပေါ်သို့ အထူးသဖြင့် ရန်ကုန်မြို့ပေါ်သို့ ဝန်ပိမှု စတင်ဖြစ်ပေါ်စေပြီး တန်ဖိုးသင့်အိမ်ရာများ၊ အခြေခံ အဆောက်အအုံများနှင့် ဝန်ဆောင်မှုများ လိုအပ်လာသည်။

ရန်ကုန်မြို့တွင် ဥပမာမြို့ လူဦးရေ ၃၃ ရာခိုင်နှုန်းသာ ပိုက်သွယ်ထားသည့်ရေကို သုံးစွဲခွင့်ရှိကြပြီး ယာဉ်ကြောပိတ်ဆို့မှု (လမ်းပိတ်ဆို့မှု) မြင့်တက်နေပြီး အမှိုက်များလာခြင်း၊ ရေကြီးခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုတို့သည်လည်း မြင့်တက်နေသည်။      

အသစ်ရောက်ရှိလာသော နေထိုင်သူများသည် ပုံမှန်အိမ်ရာများတွင် နေထိုင်ရန် မတတ်နိုင်ကြသည့်အတွက် ကျူးကျော်အခြေချမှုများလည်း မြင့်တက်နေသည်။

အဆိုပါ ကိစ္စရပ်များ မဖြေရှင်းဘဲထားလျှင် အခြေခံအဆောက်အအုံ လိုအပ်ချက်များသည် လူနေသိပ်သည်းခြင်း၊ ဆင်းရဲသား ရပ်ကွက်များ၊ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းတို့ကို ပိုမိုဖြစ်ပေါ်စေပြီး ဖွံ့ဖြိုးတိုးတက်မှုကို လေးကန်ဖင့်နွှဲစေနိုင်သည်ဟု ကမ္ဘာ့ဘဏ်က သတိပေးထားသည်။

မြို့ပြသယ်ယူပို့ဆောင်ရေးနှင့် လူအများအတွက် စိန်ခေါ်မှု

မြန်မာနိုင်ငံ၏ မြို့ပြသယ်ယူပို့ဆောင်ရေး အခြေအနေသည် ၂၀၁၂ ခုနှစ်ကတည်းက အရှိန်အဟုန်ပြင်းစွာ ကျဆင်းနေခဲ့သည်။ စီးပွားရေး ပြန်လည်နာလန်ထူလာ မှု၊ ၂၀၁၁  ခုနှစ် ယာဉ်တင်သွင်းမှု နှင့် လိုင်စင်များ၏ ကန့်သတ်ချက် များ ကိုဖြေလျှော့ပေးခဲ့မှုများနှင့် အတူ အဓိကမြို့ကြီးများတွင် ပုဂ္ဂလိကပိုင် မော်တော်ယာဉ် အရေအတွက် လျင်မြန်စွာ တိုးတက်လာခဲ့သည်ဟု ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တွင် ၂၀၁၂ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်အကြား ယာဉ်အမျိုးမျိုး အရေအတွက် ၃၇ ရာခိုင်နှုန်းတိုးလာပြီး ကားအရေအတွက် နှစ်ဆဖြစ်သွားသည်။

ရန်ကုန်ပြင်ပ မြို့ကြီးများတွင်လည်း ကိုယ်ပိုင်မော်တော်ဆိုင်ကယ် အရေအတွက် တိုးမြင့်လာခြင်းကို ကြုံတွေ့ရသည်။ ကိုယ်ပိုင်ကား အရေအတွက် တစ်ဟုန်တိုး တိုးလာခြင်းကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး အတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်စေမှုနှင့်အတူ ယာဉ်ကြောပိတ်ဆို့မှုသည် ချက်ချင်းဖြေရှင်းရမည့် စိန်ခေါ်မှုတစ်ရပ် အနေဖြင့် ပေါ်ထွက်လာခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် လမ်းပန်းဆက်သွယ်ရေး အခြေအနေမှာ လူနေထူထပ်သော ကျူးကျော်ရပ်ကွက်များနှင့် ပြန်လည်နေရာ ချထားရေး နေရာများတွင် အရေးပါသော စိန်ခေါ်မှုတစ်ရပ် အနေဖြင့် ရှိနေဆဲဖြစ်သည်။ ရန်ကုန်ရှိ ကျူးကျော်ရပ်ကွက်အချို့တွင် အစိုးရသို့မဟုတ် ရပ်ရွာအသိုင်းအဝိုင်းက ခင်းပေးထားသည့် ရပ်ကွက်တွင်း ဆက်သွယ်ထားသည့် လမ်းများရှိကြသော်လည်း လမ်းအများစုမှာ လူသွားလမ်း မခင်းထားကြဘဲ လမ်းများ၏ ၁ ဒသမ ၂ ရာခိုင်နှုန်းသာ ရေနှုတ်မြောင်းရှိသည်။ ထိုနေရာများတွင် မိုးရာသီ၌ ရေကြီး ရေလျှံမှုဖြစ်လေ့ရှိပြီး သွားလာရေးကို အဓိက အကျိုးသက်ရောက်မှု ဖြစ်စေသည်ဟု UN – Habitat and Cities, Alliance 2017 တွင် ဖော်ပြထားသည်။

မြို့ပြဖြစ်ထွန်းမှုတွင် ဦးစားပေးလုပ်ဆောင်ရမည့် ကိစ္စရပ်များ

အထက်တွင် ဖော်ပြထားသည့်အတိုင်း မြန်မာနိုင်ငံမြို့ပြဖြစ်ထွန်းမှု အကြောင်းအရာသည် အစောပိုင်း အနေအထားတွင်သာ ရှိနေပြီး လက်ရှိဆောင်ရွက်သည့် မူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှုများသည် မြို့ကြီးများကို ပုံဖော်ရန် ဆယ်စုနှစ်များစွာ အချိန်ယူရဦးမည်ဖြစ်သည်။

လူအများ ရွှေ့ပြောင်းသွားလာမှု၊ ကုန်ပစ္စည်းများ စီးဆင်းမှု နှင့်ဝန်ဆောင်မှု အားလုံးအတွက် အခြေခံ ဆောင်ရွက်ချက်ကို ပေး စွမ်းနိုင်သော ရေရှည်တည်တံ့ခိုင် မြဲသော မြို့ပြအခြေခံအဆောက် အအုံနှင့် မြို့ ပြအဆင့်မြှင့်တင်ရေး၊ စီးပွားရေး၊ လူမှုဘဝနှင့် ကျန်းမာ ရေးတို့တွင် အပြောင်းအလဲ ရုတ်တရက် ကြုံဆုံရခြင်းကြောင့် ဖြစ်ပေါ်ရသော သက်ရောက်မှုများကို ကြံ့ကြံ့ခံနိုင်မည့် ခံနိုင်ရည် တည်ဆောက်ခြင်း၊ ရွှေ့ပြောင်းသူများနှင့် သီးခြားလူနည်းစုများအတွက် တရားဝင် အထောက်အထား စာရွက်စာတမ်းများ ရရှိစေရန် ပံ့ပိုးဆောင်ရွက်ခြင်း၊ အထူးသဖြင့် ၎င်းတို့ရင်ဆိုင်ကြုံတွေ့နေရသည့် ဖယ်ထုတ်ခံထားရမှုနှင့် မြို့ပြအခွင့်အလမ်းမှ အကျိုးကျေးဇူး မရရှိနိုင်မှုများ စသည့် လူမှုရေးရာ ပြဿနာများကို ဦးတည်ဆောင်ရွက်ခြင်း၊ စွမ်းရည်တည်ဆောက်ခြင်းနှင့် မြို့ပြဖွံ့ဖြိုးမှုအတွက် ဘဏ္ဍာငွေအသစ် ထောက်ပံ့ခြင်း စသည်ဖြင့် ကာလတို၊ ကာလလတ်နှင့် ကာလရှည်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကမ္ဘာ့ဘဏ်က အကြံပြုထားသည်။

မြန်မာနိုင်ငံတွင် မကြာသေးခင်က စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် မြန်ဆန်သည့် တိုးတက်မှုများ ပေါ်ပေါက်ခဲ့ပြီး လူအများအတွက် အခွင့်အလမ်းများ ပေါ်ပေါက်လာခဲ့သည်။

ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုများနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာခြင်းကြောင့် စီးပွားရေးတိုးတက်မှု၏ အများစုမှာ မြို့ကြီးများတွင် ဖြစ်ပေါ်နေသည်။ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြို့ပြဒေသများတွင် နေထိုင်သူလူဦးရေ ခန့်မှန်းခြေရာခိုင်နှုန်း ၃ဝနှင့်အတူ မြန်မာနိုင်ငံသည် မြို့ပြဖြစ်ထွန်းမှု၏ အစောပိုင်းကာလ အဆင့်မျှသာ ရှိသေးသည်။ ထို့ကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုတွင် အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့ နိုင်စေမှုအပေါ် အလေးအနက်ထားသည့် မြို့ပြအုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံ အုတ်မြစ်ခိုင်ခိုင် နေရာတကျထားရမည့် အရေးကြီးသည့်အချိန် ဖြစ်နေသည်။

မြို့ပြဖြစ်ထွန်းမှုသည် မြို့ပြနေထိုင်သူများကို အခွင့်အလမ်းများစွာ ပေါ်ပေါက်စေနိုင်သော်လည်း အခြားတစ်ဖက်တွင် မြို့ပြနေထိုင်သူများ၏ လိုအပ်ချက်များ တိုးပွားလာခြင်းကြောင့် အလျဉ်မီအောင် ဖြည့်ဆည်းပေးရန်မှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။

စီမံကိန်း အားနည်းခြင်း၊ အခြေခံအဆောက်အအုံ မပြည့်စုံခြင်း၊ အခြေခံကျသည့် ဝန်ဆောင်မှုများ မရှိခြင်းတို့ကြောင့် အစီအစဉ် မကျသည့် မြို့ပြချဲ့ထွင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ လူဦးရေ ထူထပ်ခြင်းနှင့် မညီမျှမှုများကို ဖြစ်ပေါ်စေသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

အချိန်နှင့်အမျှ မညီမျှများသည် မြို့ပြဖြစ်ထွန်းမှုက ဆောင်ယူပေးလာနိုင်သည့် အကျိုးကျေးဇူးများ လျော့ပါးစေပြီး လူတန်းစား ကွာဟမှုများ ပေါ်ပေါက်စေနိုင်သကဲ့သို့  ရှိနှင့်ပြီးသား ကွာဟမှုများကို ပိုမိုဆိုးရွားစေနိုင်ပြီး ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုများ မြင့်တက်လာစေနိုင်ကြောင်း၊ ထို့ကြောင့် မြို့ပြဖွံ့ဖြိုးရေးတွင် သာတူညီမျှရေးကို အလေးထားပေးကာ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ခြင်းက အရေးတကြီး လိုအပ်လာသည်ကို ထင်ရှားပေါ်လွင်နေသည်။

 

Most Read

Most Recent