မြန်မာနိုင်ငံ၏ ပညာရေးသမိုင်း

မြန်မာနိုင်ငံ၏ ပညာရေးသမိုင်း
Published 9 June 2019

ဗြိတိသျှ ကိုလိုနီခေတ်အတွင်း၌ အကြီးအကျယ် တိုးတက်လာသည့်အရာမှာ အမျိုးသမီးများ ပညာသင်ယူခွင့်ဖြစ်သည်။ ကိုလိုနီခေတ် မတိုင်မီက အမျိုးသားများအတွက် ပညာရေးသည်ပင်လျှင် မိရိုးဖလာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းသင် ပညာရေးစနစ်အပေါ်၌သာ မှီခိုနေရသည်။ သို့သော် ၁၉၁၁ ခုနှစ်မှ ၁၉၂၁ ခုနှစ်အတွင်း အမျိုးသမီးများ ပညာသင်ယူခွင့်သည် ကျောင်းသူပေါင်း ၄၅ç၀၀၀ အထိ ၆၁ ရာခိုင်နှုန်းနှင့် ၁၉၂၁ ခုနှစ်မှ ၁၉၃၁ ခုနှစ်အတွင်း ၁၀၀,၀၀၀ အထိ နောက်ထပ် ၈၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ယင်းမှာ မိန်းကလေး သီးသန့်ကျောင်းများပုံစံဖြင့် အစိုးရကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများ စနစ်ကို တိုးချဲ့လာခဲ့သောကြောင့်လည်း ဖြစ်သည်။ ယင်းအချက်ကို အမျိုးသမီးများ အလုပ်အကိုင်ရရှိမှု မြင့်တက်လာခြင်းက ထင်ဟပ်ပြသည်။ ၁၉၂၁ ခုနှစ်မှ ၁၉၃၁ ခုနှစ်အတွင်း အစိုးရအုပ်ချုပ်ရေးဌာနများ၊ ဥပဒေနှင့် ဆေးဘက်ဆိုင်ရာဌာနများ (၉၆ ရာခိုင် နှုန်း မြင့်တက်)၊ ပညာရေးဌာနများ (၆၄ ရာခိုင်နှုန်း မြင့်တက်)နှင့် ဂျာနယ်လစ်ဇင်ကဏ္ဍများ အစရှိသည်တို့၌ အမျိုးသမီးများ အလုပ်အကိုင်ရရှိမှု ပျမ်းမျှ ၃၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

၁၉၄၈ ခုနှစ်၌ လွတ်လပ်ရေးရရှိပြီးနောက် အစိုးရသည် စာတတ်၊ ပညာတတ်လူဦးရေ မြင့်တက်အောင် ကြိုးပမ်းခဲ့ပြီး မြန်မာနိုင်ငံသည် ဒေသတွင်း၌ ပညာရေးတွင် ပထမဆုံး အာရှကျားဖြစ်လာရန် လမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုက အထီးကျန်ပြီး ဆင်းရဲသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သွားစေခဲ့သည်။ ကျောင်းများအားလုံးကို နိုင်ငံပိုင် ပြုလုပ်လိုက်ပြီး ပညာရေး အဆင့်အတန်းမှာ စတင်နိမ့်ဆင်းလာခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် တက္ကသိုလ်ပညာရေး ဥပဒေသစ်ပြဋ္ဌာန်းလိုက်ခြင်းနှင့်အတူ ၁၉၆၅ ခုနှစ်တွင် တက္ကသိုလ်များအားလုံး၌ သင်ကြားရေး ကြားခံကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြောင်းလဲခဲ့သည်။ ယင်းသည် မြန်မာနိုင်ငံသားများအကြား အင်္ဂလိပ်ဘာသာ အရည်အသွေး အလျင်အမြန် ကျဆင်းသွားစေခဲ့သည်။ သင်ကြားရေး ကြားခံ ဘာသာစကားကို အင်္ဂလိပ်ဘာသာသို့ ၁၉၈၂ ခုနှစ်တွင် ပြန်လည် ပြောင်းလဲခဲ့ပြန်သည်။ ၁၉၇၇ ခုနှစ်တွင် မြန်မာအစိုးရက ဒေသကောလိပ် နှစ်နှစ် တက်ရသည့်စနစ်ကို စတင် မိတ်ဆက်ခဲ့သည်။ ယင်းမှာ တက္ကသိုလ်ကျောင်းသားများကို နိုင်ငံရေး ရည်ရွယ်ချက်အရ လူစုခွဲရန်ဖြစ်ပြီး ပုံမှန်တက္ကသိုလ်များ၌ တတိယနှစ်နှင့် စတုတ္ထနှစ်တို့ကိုသာ သင်ယူရသည်။ ၁၉၈၁ ခုနှစ်၌ ဒေသကောလိပ် စနစ် အဆုံးသတ်သွားခဲ့ပြန်သည်။

ကျောင်းသားဆန္ဒပြမှုများမှနေ၍ ၈၈၈၈ အရေးတော်ပုံ ပေါ်ပေါက်လာခြင်းကြောင့် တက္ကသိုလ်များအားလုံးကို နှစ်နှစ်အထိ ပိတ်ထားခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ပညာရေးစနစ် ချည့်နဲ့သွားစေရန် တမင်ရည်ရွယ်ပုံရသည့် ပုံစံသစ်တစ်ရပ်ကို မိတ်ဆက်ခဲ့ပြန်သည်။ အစိုးရသည် ကျောင်းသားဆန္ဒပြမှုများကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်းကို တုံ့ပြန်သောအားဖြင့် ပညာသင်နှစ် အသီးသီးအတွက် ခြောက်လသာ သင်ရသည့် စနစ်မျိုးကို မိတ်ဆက်ခဲ့ပြန်သည်။ SPDC အစိုးရသည် တက္ကသိုလ်နှင့် ကောလိပ်များကို ပုံမှန် ဖွင့်သည့်၊ ပိတ်သည့် ရက်များ သတ်မှတ်ထားခြင်း မရှိတော့ပေ။ ၁၉၉၆ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်တို့၌ ဖြစ်ပွားသည့် ကျောင်းသားဆန္ဒပြမှုများကြောင့် တက္ကသိုလ် ကျောင်းများကို နောက်ထပ် သုံးနှစ် ပိတ်ခဲ့ပြန်သည်။ ၁၉၉၉ ခုနှစ်၌ တက္ကသိုလ်နှင့် ကောလိပ်များကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် အစိုးရသည် တက္ကသိုလ်ကျောင်းများကို နေရာပေါင်းများစွာ၌ တမင်ခွဲဖြန့်ကာ ချထားခဲ့သည်။ အချို့တက္ကသိုလ်များကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများအောက်သို့ ရွှေ့ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ့ပညာရေးသည် နိုင်ငံတကာအဆင့်အတန်းသို့ ရောက်ရှိနေကြောင်းနှင့် တက္ကသိုလ်နှင့် ကောလိပ်ပေါင်း ၁၅၆ ခုကို ဖွင့်လှစ်ပြီးဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။

ယနေ့ခေတ် မြန်မာ့ပညာရေးကို အမှန်အတိုင်း ကြည့်ပါက နိုင်ငံတကာ ပညာရေး စံနှုန်းများအရ များစွာ နောက်ကျကျန်နေပြီ ဖြစ်သည်။ အလွတ်ကျက် ပညာရေး၊ ကောင်းစွာ လေ့ကျင့်ပေးထားခြင်း မရှိသည့် ဆရာများ၊ အဂတိလိုက်စားမှုများအပြင် ခေတ်မမီတော့သည့် ရင်းမြစ်များကိုသာ အသုံးပြုနေရခြင်းတို့ကိုသာ တွေ့ရှိရမည်ဖြစ်သည်။ ၎င်းအပြင်  ကျောင်း၌ ပညာသင်ကြားရုံသက်သက်က လုံလောက်ခြင်းမရှိဟု ယူဆလာကြသောကြောင့်  ကျောင်းချိန်ပြီးနောက် ကျူရှင်တက်ရခြင်း ဒုက္ခများကလည်း ကြောက်ခမန်းလိလိ ကြီးထွားလာခဲ့သည်။ ကျောင်းသားများသည်  သဒ္ဒါလေ့ကျင့်ခန်းများမှသည် အက်ဆေး သို့မဟုတ် စာစီစာကုံးများအထိ အရာရာကို အလွတ်ကျက်၊ အသေမှတ်ကြတော့သည်။ စာမေးပွဲများ၌ ဖြေရမည့်မေးခွန်းများကို ကြိုတင်ပေးထားကြသည်။ ခြွင်းချက်အနေဖြင့် စတုတ္ထတန်း၊ အဋ္ဌမတန်းနှင့် ဒသမတန်း စာမေးပွဲ မေးခွန်းတို့သည်သာ ပေါက်ကြားမှုမရှိပါက ကြိုတင် မသိနိုင်ခြင်းဖြစ်သည်။ လူစု၍ ဆန္ဒပြခြင်းကို ကာကွယ်ရန်အတွက် မြို့ကြီးများ၏ မြို့စွန် မြို့ဖျား ဝေးလံသောအရပ်များ၌ တက္ကသိုလ်ကျောင်းများစွာကို ပိုမိုဖြန့်ကြက် တည်ဆောက်၍လာသည်။ ယင်းကဲ့သို့သော ကိစ္စများသာမက တက္ကသိုလ်ကျောင်းသားများအနေဖြင့် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်နှင့် လွတ်လပ်စွာ ဖြန့်ဝေခွင့်များ ပိတ်ပင်ထားခြင်း ခံရသည်။

မည်သို့ပင်ဆိုစေ နိုင်ငံတကာ အဆင့်အတန်းများနောက် များစွာ ကျန်ခဲ့ပြီဖြစ်သည့် ယိုယွင်းနေသည့် မြန်မာ့ပညာရေး အဆောက်အအုံကို ကောင်းစွာပြုပြင်နိုင်ခြင်းမရှိပါက မြန်မာနိုင်ငံသည် ကဏ္ဍတိုင်း၌ များစွာ အောက်တန်း နောက်တန်း ကျနေသည့် နိုင်ငံတစ်နိုင်ငံ အဖြစ်သာ ဆက်လက် တည်ရှိနေဦးမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန်လ ၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent