ယောဂဆိုသည်မှာ

ယောဂဆိုသည်မှာ
Published 8 June 2019
ဒေါက်တာသိန်းမြင့်

ယောဂဟာ အိန္ဒိယနိုင်ငံရဲ့ ရိုးရာဓလေ့ ပညာရပ်ဖြစ်ပြီး အရှေ့တိုင်းရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ပညာရပ်လည်း ဖြစ်ပါတယ်။ ခေတ်သစ်ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်းတွေနဲ့ လှုပ်ရှားမှုတွေမှာ ရေပန်းစားလာတာကြောင့် ၎င်းရဲ့ ပင်ကိုအနှစ်သာရ ဖွဲ့စည်းပုံဖြစ်တဲ့ ကြီးကျယ်တဲ့ ၀ိညာဉ်ဆိုင်ရာ ရိုးရာသဘောထားကို ရိုးရှင်းစွာသိရှိဖို့ ပို၍အရေးကြီးလာပါတယ်။ သတ္တဝါတစ်ဦးစီမှာ သီးခြားစီတည်ရှိနေတဲ့ မြင့်မားတဲ့စွမ်းရည်တွေနဲ့ ဖြစ်တည်မှု လိုအပ်ချက်တွေကို အမှတ်အသားပြုပေးတဲ့ ဘဝဆိုင်ရာနည်းလမ်းတွေလည်း ပါဝင်ပါတယ်။

ယောဂနဲ့ပတ်သက်ပြီး အတိမ်အနက် အတိုင်းအဆကို အပြည့်အဝ အမှန်အတိုင်း သိရှိရန် လိုအပ်မှာဖြစ်တယ်။ ယနေ့ခေတ်ကာလမှာ ထင်ရှားတဲ့ မီဒီယာကြီးတွေရဲ့ ယောဂဆိုင်ရာ သဘောထားမှတ်ချက်တွေကြောင့် ယောဂကျင့်စဉ်တွေ ပြုလုပ်ခြင်းဟာ ကိုယ်ခန္ဓာကို သွယ်လျလှပစေပြီး ပျော့ပျောင်းမှု ရှိနိုင်ကြောင်း ဖော်ပြတဲ့အတွက် စိတ်ဝင်စားခံရမှုမြင့်တက်ခဲ့ပါတယ်။

ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ အနေအထိုင်ပိုမိုကောင်းမွန်စေခြင်းနဲ့ ကိုယ်ခန္ဓာပိုသွယ်လျလာပြီး စိတ်ဖိစီးမှုတွေကို ကောင်းမွန်စွာကိုင်တွယ်နိုင်မယ်ဟု ယူဆတဲ့အတွက် ယောဂကျင့်စဉ်ကို ပုံမှန်ပြုလုပ်ကြခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ သိရှိထားပါတယ်။ ယောဂဟာ လေ့ကျင့်ခန်းမဟုတ်ဘဲ ကျင့်စဉ်တစ်ခုသာ ဖြစ်ပါတယ်။

နက်နဲဆန်းကြယ်တဲ့ ယောဂမှာ ကိုယ်ပိုင်သီးခြားဆန်းကြယ်မှုနဲ့ ဆွဲဆောင်မှုတို့ရှိပါတယ်။ အိန္ဒိယဟာ ယောဂအခြေပြုရာ ပင်မနယ်မြေတစ်ခုဖြစ်ပြီး သဘာဝလွန်စွမ်းအားတွေနဲ့ ထူးခြားဆန်းပြားတဲ့ ယောဂီတွေရဲ့ပုံရိပ်တွေလည်း စွဲထင်ကျန်ရစ်လျက်ရှိပါတယ်။

ယောဂကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း

ယောဂဟာ သက္ကတစာပေဖြစ်တဲ့ ယုဂ်မှ လာပါတယ်။ အဓိပ္ပာယ်မှာ အလုပ်၊ ညှိနှိုင်းဆောင်ရွက်ခြင်းနဲ့ ပေါင်းစပ်ခြင်းတို့ ဖြစ်ပါတယ်။ ယောဂကို ရထားလုံးအားဆက်သွယ်ဆွဲသော (Yoke) လှည်းထမ်းပိုး (ယုဂ်)အဖြစ်လည်း ဖော်ပြကြပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ ကိုယ်အတွင်းဆုံးအပိုင်းရှိ စိတ်ကို ခွဲခြားသိမြင်တတ်သည့် အခြေအနေနဲ့ ပေါင်းစပ်ခြင်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ အဲဒီသဘောတရားအရ ယောဂဟာ ကျွန်တော်တို့ရဲ့ သီခြားဖြစ်တည်မှုကို ကြီးကျယ်သွားစေတဲ့ စကြဝဠာအမှန်တရားနဲ့ ပေါင်းစပ်ပေးထားခြင်းဖြစ်တယ်။ ကျွနု်ပ်တို့ရဲ့ စစ်မှန်တဲ့အစ ရည်မှန်းချက်နဲ့ အနက်နဲဆုံး သဘာဝတို့ကို မြင့်မြတ်တဲ့ သတိရှိမှုနဲ့အတူ ပြန်လည်ပေါင်းစည်းပေးခြင်းလို့ ဆိုလိုပါတယ်။

ယောဂအတွက် လူသိများတဲ့ ရှေးဟောင်းအဓိပ္ပာယ်ဖွင့်ဆိုချက်တွေက “မျှတမှု အခြေအနေ”၊ “လုပ်ဆောင်ရာတွင် ကျွမ်းကျင်မှု”၊ “ခံစားမှုဖြစ်ပေါ်ခြင်း လျော့ပေါ့စေခြင်း”၊  “ခံစားမှုအပေါ် ပုံမှန်အာရုံစိုက်ခြင်း”၊ “အလေ့အကျင့်အစနှင့် အဆုံးရှိခြင်း” စသည်တို့ ဖြစ်ပါတယ်။ အဲဒီအဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာ ယောဂကို ထောင့်ပေါင်းစုံက သုံးသပ်ဖော်ပြထားတဲ့ ဘဂဝါဂီတကျမ်းမှ သဘောတရားများဖြစ်ပါတယ်။

အခြေခံယောဂလမ်းကြောင်း ငါးခု

ယောဂလမ်းကြောင်းငါးမျိုးဟာ အခြေခံဖြစ်ပေမဲ့ အခြားဖြစ်နိုင်ဖွယ်ယောဂလမ်းကြောင်း မရေမတွက်နိုင်အောင် ရှိနိုင်ပါတယ်။ ယောဂနည်းပေါင်းများစွာဟာ ရှေးခေတ်၊ အလယ်ခေတ်နဲ့ ခေတ်သစ်အိန္ဒိယမှာ ရိုးရာအစဉ်အလာအတိုင်း များစွာပေါ်ထွက်ခဲ့ ပြီးဖြစ်ပါတယ်။

၁။     ဉာဏယောဂ (အသိဉာဏ်ပညာယောဂ)

၂။     ဘတ္တိယောဂ (သဒ္ဒါကြည်ညိုခြင်းယောဂ)

၃။     ကမ္မယောဂ (ပြုစုလုပ်ကျွေးခြင်းယောဂ)

၄။     ရာဇယောဂ (တော်ဝင်ယောဂ)

၅။     ဟဌယောဂ (နည်းနိဿယယောဂ)

ယောဂရိုးရာအယူအဆတွေဟာ အခြားရိုးရာပညာရပ်တွေထက် အတွင်းပိုင်းနည်းစနစ်တွေ ဖွံ့ဖြိုးခြင်းနဲ့ စုစည်းခြင်းမှာ အချိုးညီ ပိုမိုပေါင်းစပ်ပြီး အကောင်းဆုံးစောင့်ရှောက်ထားနိုင်တဲ့အတွက် အဲဒီလိုပိုမိုပြည့်စုံနေခြင်း ဖြစ်နိုင်ပါတယ်။

ယောဂအင်္ဂါ ရှစ်ပါး

ယောဂသုတ္တကို ယောဂအင်္ဂါရှစ်ပါးနဲ့ ဖွဲ့စည်းထားပါတယ်။ အခြားစာအုပ်တွေမှာ ယောဂခွဲပေါင်း မြောက်မြားစွာရှိသော်လည်း ၎င်းရှစ်ပါးဟာ ယောဂအလေ့အကျင့်တစ်ခုလုံးအတွက် ခြုံငုံသိရှိနိုင်တာကြောင့် အကောင်းဆုံးနဲ့ အပြည့်စုံဆုံးပုံစံဖြစ်တယ်ဆိုတာ မှတ်ယူထားရပါမယ်။

ယောဂအင်္ဂါရှစ်ပါးမှာ-

၁။ ယမ -  ယောဂဆိုင်ရာ စိတ်သဘောထားနှင့် စောင့်ထိန်းလိုက်နာမှု

၂။ နိယမ - ယောဂဆိုင်ရာ လူနေမှုဘဝပုံစံ အလေ့အကျင့်များ။

၃။ အာသန - ယောဂဆိုင်ရာ ကိုယ်အနေအထားပုံစံများ။

၄။ ပရာဏယာမ - ယောဂဆိုင်ရာ အသက်ရှူခြင်းနှင့် စွမ်းအင်အလုပ်များ။

၅။ ပရတိဟရ - စိတ်နှင့် ခံစားမှုများအား နှလုံးသွင်းခံယူခြင်း။

၆။ ဓာရန - အာရုံစူးစိုက်ခြင်း။

၇။ စျာန - တရားထိုင်ခြင်း။

၈။ သမာဓိ - အသိတရားစုစည်းခြင်း သို့မဟုတ် အသိတရားတိုးပွားစေရန် အားထုတ်ခြင်း။

ယောဂအင်္ဂါရှစ်မျိုးမှ အပေါ်ပိုင်းငါးမျိုးကို အပြင်ယောဂဟု မှတ်ယူထားကြပြီး အောက်ပိုင်းသုံးမျိုးကို အတွင်းယောဂဟု မှတ်ယူထားကြပါတယ်။

အပြင်ယောဂကို အာရုံခံစားမှုရဲ့ နယ်ပယ်အဖြစ် သတ်မှတ်နိုင်ပြီး အတွင်းယောဂကို ကျယ်ပြန့်တဲ့ အာရုံခံစားမှုဖြစ်ပြီး တရားထိုင်ခြင်း၊ သတိထားမှုရှိခြင်း၊ စိတ်ပိုင်းဆိုင်ရာတို့နဲ့ ဆက်စပ်လျက်ရှိပါတယ်။ အပြင်ယောဂဟာ အတွင်းယောဂအတွက် ပြင်ဆင်ပေးရန် ပုံဖော်ထားခြင်းဖြစ်ပါတယ်။ အပြင်ပိုင်းဆိုင်ရာကိုယ်ခန္ဓာ၊ စိတ်နဲ့ ခံစားမှုတွေကို မျှတစွာအချိုးကျဆောင်ကြဉ်းရန် ဦးစွာလိုအပ်ပါတယ်။

အပြင်ယောဂကို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်စွာ ဖြစ်တည်မှုရှိစေရန် ရည်ရွယ်ပြီး အတွင်းယောဂကို ရုပ်နဲ့စိတ်ရဲ့ နက်နဲမှုအပိုင်းကို ကိုယ်တိုင် အမှန်အတိုင်းသိမြင်နိုင်စေရန် ရည်ရွယ်ပါတယ်။ အပြင်ယောဂကို ဟဌယောဂဟုလည်း ခေါ်ဆိုကြပြီး အတွင်းယောဂကို ရာဇယောဂဟုလည်း ခေါ်ဆိုကြပါတယ်။ ဟဌယောဂရဲ့ မြင့်မားတဲ့ပါဝင်မှုနဲ့ အတွင်းယောဂဟန်ကို တိုက်ရိုက်ပေါင်းကူး ဆက်သွယ်ပေးပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဖခင်ကြီးမဟတ္တမဂန္ဒီဟာ ယောဂကို ကိုယ်တိုင်လေ့ကျင့်သူဖြစ်သလို၊ ယောဂအမြင်တွေအနက် အကြမ်းမဖက်ရေးနဲ့ အမှန်တရားထိန်းသိမ်းရေးဆိုတဲ့ ကိုယ်ကျင့်တရားနှစ်မျိုးကို အဓိကထိန်းသိမ်းခဲ့ပြီး ၎င်းအပေါ်အခြေခံ၍ လုပ်ဆောင်ခဲ့တာကြောင့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်နိုင်တယ်

ယမနဲ့ နိယမ

ယောဂဟာ လူနေမှုဘဝပုံသဏ္ဌာန် သဘောထားများ၊ ဓမ္မတန်ဖိုးများနဲ့အစပြုကာ ယောဂအင်္ဂါရှစ်ပါးအနက် ပထမဆုံးနှစ်ခုမှာ ယမနဲ့ နိယမတို့ ဖြစ်ပါတယ်။ ယောဂဟာ တန်ဖိုးတွေ၊ သဘောထားတွေ၊ လေ့လာမှုတွေပေါ်မှာ သီးခြားအခြေတည်ထားပြီး အသက်ရှည်ခြင်းအတွက် သတိထားလုပ်ဆောင်ရမယ့် နည်းလမ်းဖြစ်ပါတယ်။

ယောဂအလေ့အကျင့်မှာပါဝင်တဲ့ အခြေခံသဘောတရားတွေဟာ ဘာသာရေးဆိုင်ရာ ပညတ်ချက်တွေအရ လိုက်နာရမယ့် အကြောင်းတွေမဟုတ်ဘဲ သဘာဝလှုပ်ရှားမှုတွေနဲ့သာ ကြောင်းကျိုးဆက်စပ်လျက်ရှိပါတယ်။ ဘဝအားလုံးလေးစား လိုက်နာသင့်တဲ့ စိတ်ကူးကို အချိန်၊ နေရာ၊ အခြေအနေ ပေါ်မူတည်ပြီး မိမိနဲ့ ကျွမ်းဝင်မှုဖြစ်စေရန် သီးခြားစီ ကျင့်ယူရခြင်းဖြစ်ပါတယ်။

ယမ

ယမ ငါးမျိုးမှာ အခြေခံယောဂတန်ဖိုးတွေ၊ သဘောထားတွေ၊ လေ့လာချက်တွေပါ ဝင်ပါတယ်။ ကိုယ်တိုင်တည့်မတ် ထိန်းကျောင်းခြင်းပုံသဏ္ဌာန်များ အဓိကအားဖြင့် ပါဝင်ပါတယ်။ ယောဂဆိုင်ရာ လူနေမှုပုံစံတစ်ခုဟာ အကြမ်းဖက် အင်အားသုံးခြင်းမရှိဘဲ မြင့်မြတ်တဲ့ ရည်မှန်းချက်ကို ပြင်းပြတဲ့ဆန္ဒနဲ့ ထိန်းချုပ်ထားတဲ့ စည်းကမ်းနဲ့အညီနေထိုင်တဲ့ ဘဝတစ်ခုဖြစ်ပါတယ်။

ယမငါးမျိုးမှာ-

၁။ အဟိံသ - အကြမ်းဖက်မှုမရှိခြင်း။ (အသားမစားသုံးခြင်း၊ တခြားသတ္တဝါတွေကို နာကြင်မှုမဖြစ်စေခြင်း)

၂။ သစ္စာ - (အမှန်တရားပြည့်ဝခြင်း)

၃။ အထေယျ - (ရုပ်ခန္ဓာအဆင့်တွင်သာမက  စိတ်ပိုင်းဆိုင်ရာအဆင့်တွင်ပါ မခိုးဝှက်ခြင်း)

၄။ ဗြဟ္မစရိယ - (ယုံကြည်သစ္စာရှိခြင်း)

၅။ အပရိဂ္ဂဟ - (ပိုင်ဆိုင်မှုမရှိခြင်း၊ အတွင်းနဲ့အပြင်တွင် မလိုအပ်တဲ့ ပိုင်ဆိုင်မှုတွေကို မစုဆောင်းမိစေရန် ဆောင်ရွက်ခြင်း) ဆိုပြီး ငါးမျိုး ပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဖခင်ကြီးမဟတ္တမဂန္ဒီဟာ ယောဂကို ကိုယ်တိုင်လေ့ကျင့်သူဖြစ်သလို၊ ယောဂအမြင်တွေအနက် အကြမ်းမဖက်ရေးနဲ့ အမှန်တရားထိန်းသိမ်းရေးဆိုတဲ့ ကိုယ်ကျင့်တရားနှစ်မျိုးကို အဓိကထိန်းသိမ်းခဲ့ပြီး ၎င်းအပေါ်အခြေခံ၍ လုပ်ဆောင်ခဲ့တာကြောင့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်နိုင်တယ်ဆိုပြီး  The Tree of YOGA စာအုပ်မှာ ရေးသားထားတာတွေ့ရပါတယ်။ အဲဒီအချက်နှစ်ချက်ဟာ ယမခေါင်းစဉ်အောက်ရှိ အဟိံသ (Ahimsa – Nonviolence) နဲ့ သစ္စာ (Satya –The Truth) နှစ်မျိုးဖြစ်ပါတယ်။ အဲဒီနှစ်ချက်ကို အဓိကလိုက်နာခြင်းအားဖြင့် အလွန်ကြီးကျယ်ခြင်း၊ အလွန်ရိုးသားခြင်း၊ အလွန်ဖြောင့်မတ်ခြင်းနဲ့ အလွန်ဉာဏ်ပညာ ကြီးမားခြင်းတို့ အလိုလိုပိုင်ဆိုင်လာမှာဖြစ်ပါ တယ်။

တောင်အာဖရိကနိုင်ငံခေါင်းဆောင် မင်ဒဲလားကလည်း အမှန်တရား (Truth)ကို အဓိကလက်ကိုင်သုံးစွဲပြီး လူဖြူလူမည်းခွဲခြားထားမှုကို အဓိကတွန်းလှန်နိုင်ခဲ့ပြီး တောင်အာဖရိကနိုင်ငံကို ကယ်တင်နိုင်ခဲ့ပါတယ်။

မဟာမြိုင်တောရ ဆရာတော်ဦးဇောတိကကလည်း အမှန်တရားကို လက်ကိုင်ထားပါတယ်။ “မှန်တာပဲပြောမယ်။ မှန်တာပြောလို့ ခံရရင်လည်း ခံလိုက်မယ်” လို့ သဘောထားပြီး မှန်တာကိုပဲ ပြောဆိုကြဖို့ ဟောကြားခဲ့ပါတယ်။

သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းကလည်း ‘Truth nothing but the Truth’ “မှန်တာကလွဲပြီး မှန်တဲ့အရာဘာမှမရှိ” ဆိုပြီး Eleven Media Group ရဲ့ ၁၁ နှစ်ပြည့်ပွဲမှာ ဗီဒီယိုရုပ်သံဖိုင်နဲ့ အမှတ်တရ စကားပြောကြားခဲ့တာ အခုတိုင်မှတ်မိပါသေးတယ်။

နိယမ

နိယမမှာလည်း ယောဂအလေ့အကျင့်နဲ့ သက်ဆိုင်တဲ့ အခြေခံသဘောထားငါးမျိုးရှိပါတယ်။ အဲဒါဟာ ကျွန်ုပ်တို့ရဲ့စွမ်းအင်တွေကို ကိုင်ဆောင်ထားခြင်း၊ သိမ်းဆည်းထားခြင်း၊ နှလုံးသွင်းထားခြင်း နည်းလမ်းတွေဖြစ်ပါတယ်။

နိယမငါးမျိုးမှာ-

၁။တပ (အတွင်းပိုင်းတေဇော)

၂။ စွာဒယ (ကိုယ်တိုင်လေ့လာခြင်း)

၃။ ဣသရပရဏိဓာန (ပေးအပ်မြှုပ်နှံခြင်း)

၄။ သုခ (ကိုယ်နဲ့ စိတ်သန့်စင်စေခြင်း)

၅။ သန္တောသ (ခြိုးခြံခြင်း၊ ရောင့်ရဲခြင်း)

ဆိုပြီး အခြေခံသဘောထား ငါးမျိုးရှိပါတယ်။ ၎င်းတို့ဟာ ကျွနု်ပ်တို့ရဲ့ စွမ်းအင်တွေကို ကိုင်ဆောင်ထားခြင်း၊ သိမ်းဆည်းထားခြင်း၊ နှလုံးသွင်းထားခြင်း နည်းလမ်းများဖြစ်ပါတယ်။

ပထမနိယမသုံးမျိုးဖြစ်တဲ့ တပ၊ စွာဒယ၊ ဣသရပရဏိဓာနတို့ဟာ အထွေထွေ အာရုံခံစားမှုဆိုင်ရာ ယောဂအလေ့အကျင့်တွေဖြစ်ပါတယ်။ ယောဂရဲ့အင်္ဂါရှစ်ပါးအားလုံးကို အဲဒီသုံးမျိုးနဲ့တည်ဆောက်နိုင်ပါတယ်။

ယမ၊ နိယမနဲ့ ကမ္မယောဂ

ယမနဲ့ နိယမဟာ တစ်ကိုယ်ကောင်းစိတ်မရှိ ယောဂဖြစ်တဲ့ ကမ္မယောဂရဲ့ အခြေခံပုံစံဖြစ်တယ်။ ၎င်းတို့ဟာ ယောဂအလေ့အကျင့်တစ်ခုဖြစ်တဲ့ သတိ၊ အပြုအမူနဲ့ ကမ္ဘာပေါ်မှာ မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကို ညွှန်ပြပါတယ်။ ယောဂအားလုံးဟာ တခြားသူတွေကို အလုပ်ကျွေးပြုသကဲ့သို့ အလေးအမြတ်ထား လုပ်ဆောင်စရာအားလုံးကိုလည်း သတိတရားဖြင့် လုပ်ဆောင်စေပါတယ်။

ဆက်လက်ဖော်ပြပါမည်

Most Read

Most Recent