မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ ခုနစ်လဆက်တိုက်တိုးတက်ခဲ့သော်လည်း ထည့်သွင်းကုန်စျေးနှုန်းများနှင့် ရောင်းစျေးများ ဆက်တိုက်မြင့်တက်နေပြီး ငွေကြေးဖောင်းပွမှုဖိအား အရှိန်ပိုပြင်းလာ

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ ခုနစ်လဆက်တိုက်တိုးတက်ခဲ့သော်လည်း ထည့်သွင်းကုန်စျေးနှုန်းများနှင့် ရောင်းစျေးများ ဆက်တိုက်မြင့်တက်နေပြီး ငွေကြေးဖောင်းပွမှုဖိအား အရှိန်ပိုပြင်းလာ
ရန်ကုန်မြို့ရှိ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေသော စက်မှုဇုန်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေသော စက်မှုဇုန်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 3 June 2019
စည်သူအောင်

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ ခုနစ်လဆက်တိုက်တိုးတက်ခဲ့သော်လည်း ထည့်သွင်းကုန်စျေးနှုန်းများနှင့် ရောင်းစျေးများ ဆက်တိုက်မြင့်တက်နေပြီး ငွေကြေးဖောင်းပွမှုဖိအား အရှိန်ပိုပြင်းလာကြောင်း  ၂၀၁၉ ခုနှစ် မေလအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index - ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း ) အရ သိရသည်။

မြန်မာနိုင်ငံရှိ ကုန်စည်ထုတ်လုပ်သူတို့သည် မေလတွင် ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ အခိုင်အမာတိုးတက်လာမှုကို မှတ်တမ်းတင်ခဲ့ကြပြီး အဘက်ဘက်မှ တိုးတက်လာရေးကို သုံးစွဲသူတို့ဘက်မှ ဝယ်လိုအားကောင်းလာသည့်နောက်ပိုင်း ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ အရှိန်မြင့်တိုးရလာခြင်းက ပံ့ပိုးပေးခဲ့သည်။ သို့ဖြစ်၍ ကုမ္ပဏီများသည် စစ်တမ်းစတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှစပြီး လုပ်သားအင်အား အများဆုံး တိုးတက်မှုကို မှတ်တမ်းတင်ခဲ့ကြသည်။ စျေးနှုန်းများကို လေ့လာကြည့်လျှင် ထည့်သွင်းကုန်စျေးနှုန်းများရော ရောင်းစျေးများပါ ခြောက်လအတွင်း အမြင့်ဆုံးသို့ တက်လှမ်းလိုက်ကြရာ ငွေကြေးဖောင်းပွမှုဖိအားမှာ အရှိန်ပိုရလာသည်။

မေလအတွက် နစ်ကေးမြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း ၅၄ ဒသမ ၂ ရှိခဲ့ပြီး ဧပြီလ၏ အမှတ် ၅၃ ဒသမ ၇ ထက်မြင့်လာပြီး မြန်မာ့ထုတ်လုပ်ရေးကဏ္ဍရှိ လုပ်ငန်းလည်ပတ်မှုအခြေအနေများ အကြီးမားဆုံးတိုးတက်လာမှုကို အချက်ပြနေသည်။ ခြုံပြောရလျှင် ၁၃ လအတွင်း အမြင့်ဆုံးအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး အဓိကအားဖြင့် သုံးစွဲသူတို့ဘက်မှ ဝယ်လိုအားကြီးမားလာခြင်းနှင့် အော်ဒါအသစ်ပမာဏများ တိုးတက်လာမှုကြောင့်ဖြစ်သည်။

ကုန်စည်ထုတ်လုပ်သူများအကြား လုပ်ငန်းသစ်များ အရှိန်ရတိုးတက်လာကြောင်း မှတ်တမ်းတင်ခဲ့ကြပြီး စစ်တမ်းတွင်ပါဝင်သူတို့က အော်ဒါသစ်ပမာဏတိုးလာခြင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများ၏ တိုးတက်မှုများကြောင့် ဖြစ်သည်ဟု ဖော်ပြကြသည်။ ကုမ္ပဏီများက မေလတွင် အလုပ်သစ်ခန့်ထားမှု ပိုမိုမြင့်တက်လာကြောင်း ပြသခဲ့ကြပြီး အလုပ်အင်အား ကြီးထွားမှုနှုန်းမှာ အသင့်အတင့်ဖြစ်ခဲ့သော်လည်း စစ်တမ်းသမိုင်းတွင် အမြင့်ဆုံးဖြစ်သည်။ ထုတ်လုပ်သူတို့က ဝန်ထမ်းဦးရေတိုးလာခြင်းအတွက် အများအားဖြင့် အော်ဒါသစ်များ တိုးရလာမှုကို အကြောင်းပြခဲ့ပြီး ဤအတောအတွင်း လက်ကျန်အလုပ်များမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှစပြီး အနှေးဆုံးနှုန်းဖြင့် ကျဆင်းလာခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ထည့်သွင်းကုန်စရိတ်များမှာ မေလတွင် ဆက်လက်မြင့်တက်ခဲ့ရာ ငွေကြေးဖောင်းပွမှုနှုန်းမှာ ခြောက်လအတွင်း အမြင့်ဆုံးသို့ တက်လှမ်းလိုက်သည်။ ထည်သွင်းကုန်စျေးနှုန်းများ မြင့်တက်လာမှုမှာ ထည့်သွင်းကုန်ဝယ်လိုအားလိုက်လာခြင်းနှင့် သွင်းကုန်ရှားပါးလာမှုနှင့် ဆက်စပ်နေသည်။ ကုမ္ပဏီများက ကုန်ကျစရိတ် မြင့်တက်လာမှုကို သုံးစွဲသူများထံသို့တစ်ဆင့် လွှဲပြောင်းဖို့ချခဲ့ကြ၍ ရောင်းစျေးနှုန်းများ ဖောင်းပွလာမှုသည်လည်း ခြောက်လအတွင်း အမြင့်ဆုံးဖြစ်လာသည်။

ထုတ်လုပ်ရေးတောင်းဆိုမှုများ ကြီးထွားလာသည်နှင့်အမျှ ထုတ်လုပ်ရေးကုမ္ပဏီများသည် ထည်သွင်းကုန်ဝယ်ယူမှုများကို တိုးပြီးပြုလုပ်ခဲ့ကြရသည်မှာ ငါးလမြောက် ဆက်တိုက်ဖြစ်သည်။ ယင်းအတောအတွင်း သိုလှောင်ကုန်များကို ထုတ်လုပ်မှုအတွက် အသုံးပြုခဲ့ရ၍ ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်းများမှ ရှေ့ဆက်နိမ့်ကျလာသည်။

ကုန်စည်ထုတ်လုပ်သူတို့အကြား ထုတ်လုပ်မှုဆိုင်ရာမျှော်လင့်ချက်များ မေလတွင် ပိုကောင်းလာပြီး ကုမ္ပဏီများက ထုတ်ဖော်ပြသကြသည့် လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှုဆိုင်ရာယုံကြည်စိတ်မှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှစပြီး အမြင့်မားဆုံးဖြစ်လာသည်။ စက်ယန္တရားများနှင့် ထုတ်ကုန်သစ်များ ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စီမံထားခြင်းက ထိုသို့အကောင်းမြင်မှုကို အားပေးခဲ့သည်

အဆိုပါစစ်တမ်းကို ပြုစုပေးသည့် IHS Markit မှ စီးပွားရေးပညာရှင် Sian Jones က “ထုတ်လုပ်ရေးကဏ္ဍက အရှိန်ပိုရလာပေမယ့် မကြာခဏ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ ထည့်သွင်းကုန်တွေ တိုးပြီးဝယ်ဖို့ လိုအပ်လာတာကြောင့် ပေးသွင်းတဲ့ပစ္စည်းရှားပါးလာမှုနဲ့ ပေးသွင်းချိန် ရှေ့ဆက်ပိုကြာလာတာကို ရင်ဆိုင်လာရပါတယ်။ ကုန်ကျစရိတ်ဝန်ထုပ်တွေ လျင်လျင်မြန်မြန်ကြီးထွားလာမှုက စက်ရုံရောင်းစျေးတွေကို မြင့်မားလာစေပါတယ်” ဟု ပြောကြားသည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးထားခြဖြစ်သည်။

 

Most Read

Most Recent