လက်ရှိဘဏ္ဍာနှစ် မေလဆန်းအထိ လက်ခစား CMP လုပ်ငန်းများ ပြည်ပတင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၅၆ ဘီလျံကျော်ရရှိထားပြီး လေးနှစ်နီးပါးအတွင်း ပို့ကုန်တန်ဖိုး သုံးဆကျော်မြင့်တက်

လက်ရှိဘဏ္ဍာနှစ် မေလဆန်းအထိ လက်ခစား CMP လုပ်ငန်းများ ပြည်ပတင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၅၆ ဘီလျံကျော်ရရှိထားပြီး လေးနှစ်နီးပါးအတွင်း ပို့ကုန်တန်ဖိုး သုံးဆကျော်မြင့်တက်
ရန်ကုန်မြို့ရှိ လက်ခစားအထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ လက်ခစားအထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
Published 3 June 2019
နီလာ

၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ် မေ ၁၀ ရက် အထိ လက်ခစား CMP အထည်ချုပ်လုပ်ငန်းများ ပြည်ပတင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၅၆ ဘီလျံကျော်ရရှိထားပြီး လေးနှစ်နီးပါးအတွင်း ပို့ကုန်တန်ဖိုး သုံးဆကျော်မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များအနက် အဓိကပို့ကုန်တိုးတက်သည့် ကဏ္ဍအနေဖြင့် CMP အထည်ချုပ်ကဏ္ဍဖြစ်ကြောင်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်း ၈၀၀ ကျော်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မေ ၁၀ ရက်အထိ ဒေါ်လာ ၂ ဒသမ ၅၆၁ ဘီလျံအထိ ပို့ကုန်သုံးဆနီးပါးမြှင့်တင်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ  ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း မေ ၁၁ ရက်က  ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များအသင်း၏ ပဥ္စမအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် အသင်းအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

“ကျွန်မတို့ကဏ္ဍမှာ အလုပ်သမားတိုးတာက ငါးဆ၊ ဝင်ငွေတိုးတာက ၁၀ ဆပေါ့ နော်။ ဒါဆိုရင် ကျွန်မတို့ အလုပ်သမားတွေရဲ့ ထုတ်လုပ်မှုကို နှစ်ဆတိုးအောင်လုပ်ရမယ်။ အဲဒီအတွက် တောက်လျှောက်ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။ 

မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင်လည်း ထုတ်လုပ်မှုကဏ္ဍတွင် အထည်ချုပ်ကဏ္ဍ၌ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင် ၅၀၀ ကျော်ပြီး အလုပ်သမားခန့်ထားမှုမှာလည်း ငါးသိန်းကျော်ရှိကြောင်း သိရသည်။

အထည်ချုပ်လုပ်ငန်းသည် လုပ်သားအရင်းပြု Labour Intensive စက်မှုလုပ်ငန်းဖြစ်သည့်အပြင် စက်မှုနိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိရေးအတွက် အဓိကအခြေခံလုပ်ငန်းတစ်ခုဖြစ်သည်။ အခြေခံလူတန်းစားများကို အလုပ်အကိုင်အခွင့်အလမ်းအများဆုံး ဖန်တီးပေးနိုင်သည့် Labour Intensive Industry ဖြစ်သည့် CMP အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရန် သင်တန်းကျောင်းထူထောင်ပြီး အဆင့်မြင့်နည်းပညာများ ရယူ၍ ပြန့်ပွားအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေဖြင့် ILO နှင့်ပူးပေါင်း၍ အလုပ်သမားရေးရာအရှာရှိတစ်ဦးခန့်ထားပြီး Labour Law နှင့်ပတ်သက်သော သိသင့်သိထိုက်သည်များကို သင်တန်းအပတ်စဉ်တိုင်း ဟောပြောပို့ချခြင်း၊ အသင်းဝင်အထည်ချုပ်စက်ရုံများအတွင်းတွင်လည်း အလုပ်ရှင်အလုပ်သမားအရေးကို ကူညီဖြေရှင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

“အမျိုးသမီးများစွာပါဝင်သော ငါးသိန်းခန့်သော အသက်မွေးဝမ်းကျောင်းကို ဖန်တီးပေးထားနိုင်ပြီး ဒေါ်လာလေးဘီလျံကျော်ရှိတဲ့ ထုတ်ကုန်တွေကို တင်ပို့ရောင်းချနိုင်တာမို့ ကုန်သွယ်မှုကဏ္ဍ အလုပ်အကိုင်ရရှိမှုနဲ့ မြန်မာနိုင်ငံရဲ့ GDP ကို များစွာအထောက်အကူပြုလျက်ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးအောင်ထူးက အဆိုပါအခမ်းအနားတွင် ပြောကြားသည်။