မော်ရင်ဟို (သို့မဟုတ်) အာစင်ဝင်းဂါးအား နယူးကာဆယ်နည်းပြသစ်အဖြစ်ခန့်အပ်ရန် ပိုင်ရှင်သစ်ဖြစ်လာမည့် ရှိတ်ခါလတ် စဉ်းစားနေ

မော်ရင်ဟို (သို့မဟုတ်) အာစင်ဝင်းဂါးအား နယူးကာဆယ်နည်းပြသစ်အဖြစ်ခန့်အပ်ရန် ပိုင်ရှင်သစ်ဖြစ်လာမည့် ရှိတ်ခါလတ် စဉ်းစားနေ
Published 3 June 2019

နယူးကာဆယ်အသင်းကို ဝယ်ယူရန်ကြိုးပမ်းနေသော ယူအေအီးစော်ဘွား ရှိတ်ခါလတ်သည် ချယ်လ်ဆီးနှင့် မန်ယူနည်းပြဟောင်း မော်ရင်ဟို (သို့မဟုတ်) အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးအား အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန်ဆန္ဒရှိနေကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။

ရှိတ်ခါလတ်သည် နယူးကာဆယ် အသင်းကို ပေါင်သန်း(၃၅၀)ဖြင့် ဝယ်ယူရန် စီစဉ်နေပြီး အသင်းအားဝယ်ယူပြီးပါက နည်းပြဖြစ်သူ ဘင်နီတက်ဇ်နေရာတွင် အခြားနည်းပြတစ်ဦးကို အစားထိုးသွား မည်ဖြစ်ကြောင်း သိရသည်။

Mirror ၏ ဖော်ပြချက်အရ ရှိတ်ခါလတ် အလိုရှိနေသည့်နည်းပြမှာ မော်ရင်ဟို (သို့မဟုတ်) အာစင်ဝင်းဂါးဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့နှစ်ဦးမှာ beIN Sports ရုပ်သံတွင် ရုပ်သံဘောလုံးဝေဖန်သူများအဖြစ် ဆောင်ရွက်နေပြီး ပြီးခဲ့သည့်ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် နှစ်ဦး အတူသုံးသပ်ခဲ့သည်။

၎င်းတို့နှစ်ဦးအား အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ မော်ရင်ဟိုက ''ကျွန်တော်တို့ ဒီမှာရောက်ရှိနေတာ ကျွန်တော်တို့ရဲ့ အနာဂတ်တွေအကြောင်း ပြောကြားဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြောင်းကို ပြောဖို့ ရောက်ရှိနေတာပါ''ဟု ပြောကြားခဲ့သည်။

နယူးကာဆယ်အသင်းနည်းပြ ဘင်နီတက်ဇ်၏ စာချုပ်မှာ ယခုဇွန်လကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအသင်းပိုင်ရှင် မိုက်အက်ရှ်လေသည် ယနေ့အချိန်အထိ ဘင်နီတက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုသည့်ကိစ္စ မလုပ်နိုင်သေးဘဲ အသင်းအရောင်းအဝယ်ကိစ္စကိုသာ လုံးပန်း နေသည်။

Most Read

Most Recent