မြန်မာ-တရုတ် ကုန်စည်ဖလှယ်မှုစနစ်ဖြင့် ဆန်ကုန်သွယ်ရေးအတွက် မူဆယ်နယ်စပ်မှ တရားဝင်တင်ပို့နိုင်ရန် စာချုပ်ချုပ်ဆိုခဲ့ပြီး မူဆယ်နယ်စပ်၌ ရောက်ရှိနေသည့် ဆန်တန်ချိန် ၁၀၀၀၀ စတင် တင်ပို့မည်

မြန်မာ-တရုတ် ကုန်စည်ဖလှယ်မှုစနစ်ဖြင့် ဆန်ကုန်သွယ်ရေးအတွက် မူဆယ်နယ်စပ်မှ တရားဝင်တင်ပို့နိုင်ရန် စာချုပ်ချုပ်ဆိုခဲ့ပြီး မူဆယ်နယ်စပ်၌ ရောက်ရှိနေသည့် ဆန်တန်ချိန် ၁၀၀၀၀ စတင် တင်ပို့မည်
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 1 June 2019
နီလာ

မြန်မာ-တရုတ် ကုန်စည်ဖလှယ်မှုစနစ် ဖြင့် ဆန်ကုန်သွယ်ရေးအတွက်  မူဆယ်နယ်စပ်မှ တရားဝင် တင်ပို့နိုင်ရန် စာချုပ်ချုပ်ဆိုခဲ့ပြီး မူဆယ်နယ်စပ်၌ ရောက်ရှိသေည့် ဆန်တန် ၁၀၀၀၀ စတင်တင်ပို့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

“မူဆယ်ရောက်နေတဲ့ ဆန်ကိုပဲ တန် ၁၀၀၀၀ အရင်စပြီး တင်ပို့ဖို့ စာချုပ်ချုပ်တာပါ။ ပြန်သွင်းဖို့က စီစဉ်နေဆဲ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

အဆိုပါ ကုန်စည်ဖလှယ်မှုစနစ် (Barter System) သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား မူဝါဒအသစ် ဖြစ်သည့်အတွက် မြန်မာ့ဘက်မှ တင်ပို့မည့် ပို့ကုန်များနှင့် တရုတ်ဘက်မှ တင်သွင်းမည့် သွင်းကုန်အမျိုးအစားများကို ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ကုန်စည်ဖလှယ်မှု စနစ်အတွက် မြန်မာနိုင်ငံဘက်မှ အခက်အခဲ မရှိသော်လည်း တရုတ်နိုင်ငံဘက်မှ ဝယ်ယူမည့် ကုန်စည်အမျိုးအစားနှင့် မိမိနိုင်ငံသို့ တင်သွင်းမည့် ကုန်စည် အမျိုးအစားအပေါ် မူတည်ကာ ညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်ကတော့ ဘာအခက်အခဲမှ မရှိဘူး။ တရုတ်နိုင်ငံမှာ ပေါ်လစီ မရှိသေးဘူး။ ကုန်စည်ဖလှယ်တဲ့ စနစ်တစ်ခုကို ဖော်ဆောင်နေတာ ဖြစ်တဲ့အတွက် သူတို့ဘက်မှာတော့ ရှိတယ်။ မြန်မာပြည် အနေနဲ့ကတော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် ငါတို့ဆန်တွေရောင်းရဖို့ပဲ မြန်မာဘက် ကုန်သွယ်မှုနဲ့ ပတ်သက်ရင် တော်တော်လေး ပွင့်လင်းတယ်။ တစ်ဖက်မှာတော့ ကိုယ့်ဆီကဝယ်မယ့် ဝယ်လက်အပေါ်ပဲ မူတည်တယ်။ ဝယ်လက်နိုင်ငံရဲ့ တင်သွင်းတဲ့ ပေါ်လစီနဲ့ ကိုယ်တွေနဲ့ Inline ဖြစ်ဖို့လိုတယ်” ဟု ဦးအောင်သန်းဦးက ပြောကြားသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်ဖလှယ်မှုစနစ်ဖြင့် ကုန်သွယ်မှုပြုနိုင်ရန် ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာ (MoU) အရ ဆန်အပါအဝင် လယ်ယာသားငါး ထွက်ကုန်များကို မူဆယ်မှတစ်ဆင့် တင်ပို့ရောင်းချပြီး ယင်းတန်ဖိုးနှင့် ညီမျှသော ယူနန်ပြည်နယ်ထုတ် ဆောက်လုပ်ရေးပစ္စည်း၊ လယ်ယာသုံး စက်ပစ္စည်းနှင့် ဓာတ်မြေသြဇာများ ပြန်လည်ဝယ်ယူပေးရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးအတွက် ယူနန်ပြည်နယ် ကူမင်းပြည်သူ့ အစိုးရနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနတို့သည် ကုန်ဖလှယ်မှုစနစ် (Barter System) ဖြင့် ကုန်သွယ်မှုပြုလုပ်ရန် ဧပြီ ၂၁ ရက်က MoU လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ MoU ကို ညှိနှိုင်းအကောင်အထည် ဖော်နိုင်ပါက ဆန်စပါး အပါအဝင် မြန်မာ့လယ်ယာ သားငါးထွက်ကုန်များကို မူဆယ်နယ်စပ် ကုန်သွယ်မှု လမ်းကြောင်းမှ တွင်ကျယ်စွာ တင်ပို့ရောင်းချနိုင်မည် ဖြစ်ကြောင်း သိရသည်။                                                       

 

Most Read

Most Recent