မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ကျော်ရှိပြီး လျှပ်စစ်ဓာတ်အားကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ရေနံသဘာဝဓာတ်ငွေ့ကဏ္ဍနှင့် သတ္တုတူးဖော်သည့် လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံထား

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ကျော်ရှိပြီး လျှပ်စစ်ဓာတ်အားကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ရေနံသဘာဝဓာတ်ငွေ့ကဏ္ဍနှင့် သတ္တုတူးဖော်သည့် လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံထား
Published 29 May 2019
နေရိုင်း၊ ဇေယျာထွန်း

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ကျော်ရှိပြီး လျှပ်စစ်ဓာတ်အား ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် သတ္ထုတူးဖော်သည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

မေ ၂၉ ရက်က ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာ ကာလအတွင်းဆောင်ရွက်မှုများနှင့်ပ တ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက် တစ်ဦး၏ မေးမြန်းမှုကို အမြဲတမ်းအတွင်း ဝန်ဦးအောင်နိုင်ဦးက အထက်ပါကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

၎င်းက “တရုတ်နိုင်ငံကတော့ လက်ရှိမှာ ကျွန်တော်တို့နိုင်ငံမှာ လာပြီးတော့ ခွင့်ပြုထားတဲ့ပမာဏက အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၅၄ ဘီလျံရှိပါတယ်။ ဒါက MIC ခွင့်ပြုလိုက်တဲ့ ပမာဏပေါ့။သို့သော် ဒီပမာ ဏအပြည့်အစုံကလုပ်နေဆဲမို့ အပြည့်အစုံ တော့မဖြစ်သေးပါဘူး။ ဒုတိယအနေအထား မှာဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ဆိုရင် မြန်မာနိုင်ငံမှာဝင်လာသမျှ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုရဲ့ ၂၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ အဓိက ဘယ်ကဏ္ဍမှာ များသလဲဆိုတော့ လျှပ်စစ်ဓာတ်ပေးတဲ့ကဏ္ဍမှာ တရုတ်က နံပါတ် (၁) ဖြစ်ပါတယ်။ ဒုတိယက ရေနံနဲ့သဘာဝဓာတ်ငွေ့ ကဏ္ဍမှာသူက များပါတယ်။ တတိယက သတ္တုတူးဖော် ထုတ်လုပ်တဲ့လုပ်ငန်း။ စတုတ္ထက ကုန်ပစ္စည်း စက်မှုလုပ်ငန်းတွေမှာ များပါတယ်။ ဒီကဏ္ဍလေးခုမှာ သူတို့အဓိက ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု  ပြောကြားသည်။

မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ၌ စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအများဆုံး ဖြစ်နေခြင်းသည် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံမည့် အနောက်နိုင်ငံ အချို့သည် စင်ကာပူတွင် ကုမ္ပဏီထောင်၍ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

“စင်ကာပူ ရင်းနှီးမြှုပ်နှံမှုက ၂၀၁၉ ခုနှစ်ဇန်နဝါရီကစပြီးတော့ နံပါတ် (၁) နေရာ ရောက်သွားတယ်။ စင်ကာပူများသွားတဲ့ အကြောင်းရင်းက တရုတ်က နည်းသွားတာတော့မဟုတ်ဘူး။ စင်ကာပူက တရုတ် ဝင်တာထက် ပိုများလို့ပေါ့။ ဘာကြောင့်များ လဲဆိုတော့ အကြောင်းရင်းနှစ်ချက်ရှိပါ တယ်။ ပထမတစ်ခုက မြန်မာနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် တချို့သော အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို တိုက်ရိုက်မလာဘူး။ စင်ကာပူကို သွားပြီးတော့ စင်ကာပူမှာ ကုမ္ပဏီထောင်တယ်။ ထောင်ပြီးတော့ မြန်မာနိုင်ငံကိုလာတယ်။ ဘာကြောင့်လဲဆိုတော့  စင်ကာပူနိုင်ငံမှာ ဘဏ်နဲ့ပတ်သက်ပြီးတော့ ငွေကြေးဆိုင်ရာ ကိစ္စတွေလုပ်ရတာ အဆင်ပြေတယ်။ စင်ကာပူမှာ ကုမ္ပဏီထောင်ခြင်းအားဖြင့် စင်ကာပူနိုင်ငံသည် အာဆီယံထဲ မှာပါတာဖြစ်တဲ့အတွက်ကြောင့် အာဆီယံ ဘက်စုံ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်ရဲ့အခွင့်အရေးတွေ အားလုံးခံစားခွင့်ရှိတယ်။ စင်ကာပူမှာ ကုမ္ပဏီ ထောင်လိုက်ရင် စင် ကာပူကုမ္ပဏီဖြစ်သွားတယ်။ဖြစ်တဲ့အတွက် အာဆီယံနိုင်ငံ အချင်းချင်းပေးတဲ့ အခွင့်အရေးအားလုံး သူကခံစားခွင့်ရှိတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေ တော်တော်များများက စင်ကာပူလာတာ တွေ့ရတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

စင်ကာပူနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံမှုများ၌ အနောက်နိုင်ငံများအပြင် အရှေ့အာရှမှ နိုင်ငံများလည်း ပါဝင်ပြီး မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် အဓိက ရင်းနှီးမြှုပ်နှံကြောင်း သိရသည်။

လက်ရှိတွင် တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲကြောင့် တရုတ်နိုင်ငံတွင်ရှိသည့် စက်ရုံအများစုသည် အခြားနိုင်ငံများသို့ ပြောင်းရွှေ့ရင်းနှီးမြှုပ်နှံရန် ဆောင်ရွက်နေကြပြီး တရုတ်နိုင်ငံမှ ပြောင်းရွှေ့လာမည့် လုပ်ငန်းများ မြန်မာနိုင်ငံသို့ ရောက်ရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် သွားရောက် ဆွဲဆောင် စည်းရုံးမှုများ လုပ်ဆောင်နေကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

ဆက်လက်၍ “သူတို့အတွက်က နိုင်ငံသားတွေနဲ့ ဖက်စပ်ပြုပြီး လုပ်ရတာ သူတို့အတွက် အခွင့်အလမ်း ပိုသာပါတယ်။ သာတဲ့အတွက်ကြောင့် အများစုကလည်း နိုင်ငံသားနဲ့ ဖက်စပ်ပြုပြီး လုပ်ကြဖို့ စဉ်းစားပြင်ဆင်ကြတာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံသားတွေက ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေကို ခိုင်ခိုင်မာ မာထူထောင်ထားဖို့ လိုတယ်ဆိုတာကို  ကျွန် တော်တို့က အကြံပြုချင်ပါတယ်။အခြား နိုင်ငံတွေကလည်း  မြန်မာနိုင်ငံသားတွေနဲ့ ဖက်စပ်ပြုပြီးလုပ်ဖို့ ပြင်ဆင်လာတယ်။အထူးအားဖြင့် ကုမ္ပဏီဥပဒေသစ်ပေါ်လာ တဲ့အခါမှာ မြန်မာကုမ္ပဏီတွေမှာ နိုင်ငံခြားသား ၃၅ ရာခိုင်နှုန်းအထိ ပါခွင့်ပေးတာမျိုးတွေ ရှိထားတယ်။ ကိုယ့်နိုင်ငံသားတွေက ဘာပြင်ထားဖို့လိုလဲဆိုတော့ ကိုယ့်ကုမ္ပဏီရဲ့ ကော်ပိုရိတ်စီမံမှုတွေ အားကောင်းအောင် ကြိုတင်ပြင်ဆင်ထားဖို့လိုတယ် ဆိုတာကို နိုင်ငံသား လုပ်ငန်းရှင်တွေကို အကြံပြုချင်ပါတယ်” ဟုဆိုသည်။      

Most Read

Most Recent