မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များကို မူဆယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးတို့တွင် တည်ဆောက်ပြီး Core Zone၊ ပို့ကုန်သွင်းကုန် ပစ္စည်းများသိုလှောင်ရန် ကုန်လှောင်ရုံ ဧရိယာများအဖြစ် ဖွဲ့စည်းတည်ထောင်သွားရန် လျာထားကြောင်း မြန်မာ-တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ၏ တည်နေရာများအဖြစ် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်၊ ချင်းရွှေဟော်၊ ကချင်ပြည်နယ် ကန်ပိုက်တီးတို့အား ရွေးချယ်ထားရှိမှုတို့ကို ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး၌ သဘောတူညီခဲ့ကြောင်း သိရသည်။
မူဆယ်နယ်စပ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ဆောက်ရာတွင် မူဆယ် (ဟိုဆောင်)-ကျယ်ဂေါင်ကို Core Zone အဖြစ်လည်းကောင်း၊ ကြူကုတ်(ပန်ဆိုင်း)-ဝမ်တိန်-နွမ်းရင် (ကျိန်စိမ်းကျော့)- မန့်မန် (ရွှေလီ) တို့အား Export Product Manufacturing Processing and Warehouse Area များအဖြစ်လည်းကောင်း၊ ဆယ်လန့် (မန်ဟီးရိုး)-ဆယ်လင်းနှင့် နမ့်ခမ်း-နောင်တောင်းတို့ကို Import Processing and Warehouse Area များအဖြစ် လည်းကောင်း ဖွဲ့စည်းတည်ထောင်သွားရန် လျာထားကြောင်းနှင့် မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (BECZ) တည်ထောင်အကောင်အထည် ဖော်ခြင်းကိုလည်း နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများနှင့်အညီ စနစ်တကျ တည်ထောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မြန်မာ-တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
“မူဆယ်နယ်စပ်မှာ စီးပွားရေးဇုန် ဆောက်ဖို့ကို မကြာခင်မှာ EOI ခေါ်ယူတော့မယ်။ မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးရောပေါ့။ သုံးနေရာမှာ EOI ခေါ်ဖို့ရှိတယ်။ စိတ်ပါဝင်စားတဲ့ ပြည်တွင်းက Developer တွေက ဝင်လျှောက်လို့ရတယ်။ ဒီအပေါ်မှာ မူတည်ပြီး ဘယ်လိုနေရာတွေမှာ ဘာလုပ်မယ်ဆိုတာ ဆက်ပြီးဆောင်ရွက်မယ်။ တရုတ်နိုင်ငံ ဘက်ကလည်း နှစ်နိုင်ငံ SEZ နဲ့ပတ်သက်ပြီး သူတို့ဘက်က Framework Agreement ပို့ထားတာရှိတယ်။ အဲဒီအပေါ်မှာ မူကြမ်းပေါ်မှာ ကျွန်တော်တို့က ဆွေးနွေးပြီး တစ်ဖက်နိုင်ငံကို ပြန်ပို့ဖို့ရှိတယ်။ နယ်စပ်စီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး Framework Agreement ကို လက်မှတ်ထိုးသွားဖို့ ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း Belt and Road Initiative (BRI) တွင် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်နေမှု၊ြ မန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (BECZ) ဗဟိုကော်မတီနှင့် EOI ခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု၊ ပြည်နယ်အစိုးရများမှတစ်ဆင့် ပုဂ္ဂလိက ကုမ္ပဏီများမှ အဆိုပြုလာသော ဒေသန္တရဇုန်များ တည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်များဟူ၍ အပိုင်းသုံးပိုင်းဖြင့် ရှင်းလင်း ပြောကြားမည် ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလမ်းကြောင်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တရုတ်နိုင်ငံမှ ကြီးမှူးဆောင်ရွက်နေသော ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွင်လည်း မြန်မာနိုင်ငံမှ သဘောတူ လက်မှတ်ရေးထိုးပြီး ပါဝင်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။