မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်စည်ဖလှယ်မှု စနစ်ဖြင့် နှစ်နိုင်ငံ အရောင်းအဝယ် ပြုလုပ်မည့် ဆန်အပါအဝင် အခြားကုန်စည် အမျိုးအစားနှင့် ပမာဏကို ယခုလကုန် ဆွေးနွေးမည်

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်စည်ဖလှယ်မှု စနစ်ဖြင့် နှစ်နိုင်ငံ အရောင်းအဝယ် ပြုလုပ်မည့် ဆန်အပါအဝင် အခြားကုန်စည် အမျိုးအစားနှင့် ပမာဏကို ယခုလကုန် ဆွေးနွေးမည်
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 28 May 2019
ဇေယျာငြိမ်း

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်စည်ဖလှယ်မှုစနစ် (Barter System) ဖြင့် နှစ်နိုင်ငံ အရောင်းအဝယ် ပြုလုပ်မည့် ဆန်အပါအဝင် အခြားကုန်စည် အမျိုးအစားနှင့် ပမာဏကို ယခုလကုန်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း မေလ ၂၇ ရက်က ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

“တစ်ဖက်နဲ့တစ်ဖက် Barter စနစ်နဲ့လုပ်ဖို့ မေလ ၃၀ ရက် ဦးရဲမင်းအောင် (ဆန်စပါးအသင်းချုပ်ဥက္ကဌ) နဲ့အဖွဲ့ ကုန်စည်ဖလှယ်တဲ့စနစ်နဲ့ ဆန်ရောင်းဝယ်ဖို့အတွက် သွားဆွေးနွေးပါမယ်။ ဒီဟာကကလည်း တရုတ်နိုင်ငံ အတွက်ကလည်း ပေါ်လစီအသစ် မြန်မာနိုင်ငံ အတွက်လည်း ပေါ်လစီအသစ် ဖြစ်တဲ့အတွက် ဒီနှစ်ခုက ညှိနှိုင်းမှုတွေ လုပ်ရမှာ။ ဟိုဘက်က ဘာကုန်တွေဝယ်မှာလည်း ဒီဘက်ကလည်း အဲဒီကုန်ပမာဏနဲ့ ညီမျှတဲ့ဆန် ဘယ်လောက်ဖိုးအထိ ပို့မှာလဲဆိုတဲ့ ညှိနှိုင်းမှုတွေ ဒါ မေ ၃၀ ရက်ကျရင် အဖွဲ့တစ်ဖွဲ့သွားမယ်” ဟု ဦးအောင်သန်းဦးက ပြောကြားသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံနှင့် တရုတ် နှစ်နိုင်ငံအကြား ဆောင်ရွက်မည့် ကုန်စည်ဖလှယ်မှုစနစ်မှာ နှစ်နိုင်ငံလုံး အတွက် မူဝါဒအသစ် ဖြစ်သောကြောင့် နှစ်နိုင်ငံဖလှယ်မည့် ကုန်စည်အမျိုးအစားများ အတွက် ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရ သည်။

လက်ရှိတွင် အဆိုပါ ကုန်စည်ဖလှယ်မှုစနစ်အတွက် မြန်မာနိုင်ငံဘက်မှ အခက်အခဲ မရှိသော်လည်း တရုတ်နိုင်ငံဘက်မှ ဝယ်ယူမည့် ကုန်စည်အမျိုးအစားနှင့် မိမိနိုင်ငံသို့ တင်သွင်းမည့် ကုန်စည်အမျိုးအစားအပေါ် မူတည်ကာ ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဘက်ကတော့ ဘာအခက်အခဲမှ မရှိဘူး။ တရုတ်နိုင်ငံမှာ ပေါ်လစီ မရှိသေးဘူး။ ကုန်စည်ဖလှယ်တဲ့ စနစ်တစ်ခုကို ဖော်ဆောင်နေတာ ဖြစ်တဲ့အတွက် သူတို့ဘက်မှာတော့ရှိတယ်။ မြန်မာပြည် အနေနဲ့ကတော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် ငါတို့ဆန်တွေရောင်းရဖို့ပဲ မြန်မာဘက် ကုန်သွယ်မှုနဲ့ ပတ်သက်ရင် တော်တော်လေး ပွင့်လင်းတယ်။ တစ်ဖက်မှာတော့ ကိုယ့်ဆီကဝယ်မယ့် ဝယ်လက်အပေါ်ပဲ မူတည်တယ်။ ဝယ်လက်နိုင်ငံရဲ့ တင်သွင်းတဲ့ ပေါ်လစီနဲ့ ကိုယ်တွေနဲ့ inline ဖြစ်ဖို့လိုတယ်” ဟု ဦးအောင်သန်းဦးက ပြောကြားသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန် ဖလှယ်မှုစနစ်ဖြင့် ကုန်သွယ်မှုပြုနိုင်ရန် ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာ (MoU) အရ ဆန်အပါအဝင် လယ်ယာသားငါးထွက်ကုန်များကို မူဆယ်မှတစ်ဆင့် တင်ပို့ရောင်းချပြီး ယင်းတန်ဖိုးနှင့် ညီမျှသော ယူနန်ပြည်နယ်ထုတ် ဆောက်လုပ်ရေးပစ္စည်း၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ဓာတ်မြေသြဇာများ ပြန်လည်ဝယ်ယူ ပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးအတွက် ယူနန်ပြည်နယ် ကူမင်းပြည်သူ့အစိုးရနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနတို့သည် ကုန်ဖလှယ်မှုစနစ် (Barter System) ဖြင့် ကုန်သွယ်မှုပြုလုပ်ရန် ဧပြီ ၂၁ ရက်က MoU လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ MoU ကို ညှိနှိုင်းအကောင်အထည် ဖော်နိုင်ပါက ဆန်စပါး အပါအဝင် မြန်မာ့လယ်ယာ သားငါး ထွက်ကုန်များကို မူဆယ်နယ်စပ် ကုန်သွယ်မှု လမ်းကြောင်းမှ တွင်ကျယ်စွာ တင်ပို့ရောင်းချနိုင်မည်ဟု သိရသည်။

သို့သော် ကုန်ဖလှယ်မှုဖြစ်၍ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ တင်ပို့သည့် တန်ဖိုးနှင့့် ညီမျှသော ယူနန်ပြည်နယ်ထုတ် ဆောက်လုပ်ရေး ပစ္စည်းများ၊ လယ်ယာသုံး စက်ပစ္စည်းများနှင့် ဓာတ်မြေသြဇာ စသော ပစ္စည်းများ ပြန်လည် ဝယ်ယူပေးရမည်ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

MoU လက်မှတ်ရေးထိုးသည့် အဖွဲ့များမှာ နှစ်နိုင်ငံမှ အစိုးရဌာနများဖြစ်ပြီး အကောင်အထည် ဖော်ရန်အတွက် တရုတ်နိုင်ငံဘက်မှ ကုမ္ပဏီတစ်ခုကို တာဝန်ပေးပြီး မြန်မာနိုင်ငံဘက်မှ UMFCCI ၏ လယ်ယာ/မွေး/ရေ ဖွံ့ဖြိုးရေး ကော်မတီကို တာဝန်ပေးထားကြောင်း၊ UMFCCI ကော်မတီနှင့် အသင်းအဖွဲ့များ ဆက်လက် ညှိနှိုင်းပြီး မြန်မာဘက်မှ တင်ပို့မည့် ပစ္စည်းများ၊ တင်သွင်းလိုသည့် ပစ္စည်းများ စာရင်းပြုစုရမည် ဖြစ်ကြောင်းနှင့် တရုတ်ဘက်မှလည်း တင်ပို့လိုသည့် ပစ္စည်းများ၊ တင်သွင်းလိုသည့် ပစ္စည်းများ စာရင်းပြုစုရမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လပိုင်း အတွင်းက မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ တင်ပို့မည့် ဆန်တန်ချိန် ၅၀၀၀၀ ခန့်မှာ မူဆယ်နယ်စပ်၌ ပိတ်မိနေသည့်အတွက် အစိုးရအနေဖြင့် ယူနန်ပြည်နယ်အစိုးရ အပါအဝင် တရုတ် ဝယ်လက်များနှင့် အမြန်ဆုံး ညှိနှိုင်းပေးရန် ဆန်ကုန်သည်များက တောင်းဆိုခဲ့မှုများ ရှိကြောင်း သိရသည်။