စင်ကာပူအခြေစိုက် SC Auto က ရန်ကုန်မြို့ရှိ ရန်ကုန်စက်မှုဇုန်၌ ထုတ်လုပ်မှုစက်ရုံအနေဖြင့် ကုန်ထုတ်လုပ်မှုစတင်နေပြီး နှစ်စဉ် ဘတ်စ်ကားအစီး ၆၀၀ အထိ ထုတ်လုပ်မည်

စင်ကာပူအခြေစိုက် SC Auto က ရန်ကုန်မြို့ရှိ ရန်ကုန်စက်မှုဇုန်၌ ထုတ်လုပ်မှုစက်ရုံအနေဖြင့် ကုန်ထုတ်လုပ်မှုစတင်နေပြီး နှစ်စဉ် ဘတ်စ်ကားအစီး ၆၀၀ အထိ ထုတ်လုပ်မည်
SC Auto မှ ထုတ်လုပ်ထားသည့် ကားများကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
SC Auto မှ ထုတ်လုပ်ထားသည့် ကားများကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 28 May 2019
ဉာဏ်လင်းဟိန်း

စင်ကာပူအခြစိုက် SCAuto က ရန်ကုန် မြို့၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်၌ ထုတ်လုပ်မှုစက်ရုံအနေဖြင့် ကုန်ထုတ်လုပ်မှုစတင်နေပြီး နှစ်စဉ်ဘတ်စ်ကားအစီး ၆၀၀ အထိ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း မေ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်ရှိှ CAuto Myanmar ကုမ္ပဏီစက်ရုံသစ်ဖွင့်ပွဲနှင့် SCNeustar ဘတ်စ်ကားသစ်မိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။

SC Auto ကို မြန်မာနိုင်ငံတွင် ပထမဆုံးနိုင်ငံရပ်ခြားထုတ်လုပ်မှုစက်ရုံအဖြစ် တည်ဆောက်ရင်းနှီးမြှုပ်နှံစေခဲ့ပြီး ဒေသတွင်း စျေးကွက်အတွက် အရည်အသွေးမြင့် ဘတ်စ်ကားများကိုထောက်ပံ့ပေးသည့် ပထမဆုံးနှင့် တစ်ခုတည်းသော မြန်မာနိုင်ငံအတွင်းရှိ ပြည်ပဘတ်စ်ကားထုတ်လုပ်မှုစက်ရုံဖြစ်ကြောင်း၊ ဒေါ်လာသန်း ၃၀ ရင်းနှီးမြှုပ်နှံထားသော အဆိုပါကားစက်ရုံတွင် တိကျမှုရှိသော  2 D လေဆာသံပြားဖြတ်မှုနှင့် 2 .5 D လေဆာသံပိုက်ဖြတ်တောက်မှုအပါအဝင် အလိုအလျောက် ဝိုင်ယာတပ်ဆင်ထုတ်လုပ်ခြင်းစသည့် အဆင့်မြင့်အော်တိုစနစ်များတပ်ဆင်ထားသည့်အတွက် ထုတ်လုပ်မှုနှုန်းကို ရာခိုင်နှုန်း ၄၀ အထိ တိုးမြင့်နိုင်ကြောင်း သိရသည်။

“SC Auto ရဲ့ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ မြန်မာနိုင်ငံနဲ့ စင်ကာပူစျေးကွက်အတွက် ကမ္ဘာ့အဆင့်မီ လိုအပ်တဲ့အထောက်အပံ့တွေနဲ့ ဝန်ဆောင်မှုကိုပေးသွားမှာ ဖြစ်တယ်။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံတွေက စျေးကွက်တွေကိုလည်း ဖြန့်ဝေသွားမှာဖြစ်တယ်။ ပြည်တွင်းကအသုံးပြုသူတွေအတွက် အသစ်အသစ်သော Express ကားအတွေ့အကြုံခံစားမှုတွေကို ကျွန်တော်တို့ရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကတစ်ဆင့်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကုမ္ပဏီနှင့်ဝယ်ယူသုံးစွဲသူတွေအကြား ချိတ်ဆက်သွားပြီးလိုအပ်တာကို ပြန်လည်ဖြည့်ဆည်းသွားမှာပါ။ မြန်မာနိုင်ငံက  SC Auto ဟာ အာရှစျေးကွက်ဖြန့်ကျက်မှုအတွက် သိသာထင်ရှားတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်” ဟု SC Auto ၏ ဥက္ကဋ္ဌ Mr .Tan Siow Chua က ပြောကြားသည်။

SC Auto သည် ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အရည်အသွေးမြင့်ဘတ်စကားများနှင့် အဆင့်မြင့်အဝေးပြေးယာဉ်များ ကိုကိုယ်တိုင်ဒီဇိုင်းရေးဆွဲကာ ထုတ်လုပ်လျက်ရှိသည့် စင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေးအခန်းကဏ္ဍတွင် ဘတ်စ်ကားလိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက မြန်မာကိုခိုင်မာသော ပို့ဆောင်ရေးစနစ်တစ်ခု ထောက်ပံ့ပေးရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း SC Auto ၏ စျေးကွက်မန်နေဂျာ Ms.Irin Chen က ပြောကြားသည်။

“SC Auto ဟာ ဝယ်ယူသူတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ မြန်မာနိုင်ငံမှာ ကိုယ်ပိုင်စျေးကွက်ကို ဖန်တီးနိုင်ရုံသာမက မြန်မာနိုင်ငံရဲ့ စက်မှုလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေး စနစ်နဲ့ စီးပွားရေးတို့ကို ဖွံ့ဖြိုးတိုးတက်စေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့ရဲ့ပန်းတိုင်က ကြီးထွားလာတဲ့ ပို့ဆောင်ဆက်သွယ်ရေး အခန်းကဏ္ဍရဲ့ ဘတ်စ်ကားလိုအပ်ချက်ကို ဖြည့်ဆည်းရုံသာမက ဒေသတွင်း အရည်အသွေးတွေကို နိုင်ငံတကာအတွေ့အကြုံနဲ့  ပေါင်းစပ်ပေးခြင်းဖြင့် ကျွန်မတို့ရဲ့ Facility တွေကို နိုင်ငံတကာကွန်ရက်အဖြစ် ပြောင်းလဲပြီး နိုင်ငံတကာက ကုမ္ပဏီစက်ရုံခွဲတွေကို တန်ဖိုးမြင့်တင်ဖို့ဖြစ်ပါတယ်” ဟု Ms.Irin Chen က ပြောကြားသည်။ 

Most Read

Most Recent