ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြေဧက ၉၀၀ ပေါ်၌ ဒေါ်လာသန်း၂၀၀ ရင်းနှီးမြှုပ်နှံကာ ပြည်ပတင်ပို့ရန် ရည်ရွယ်လုပ်ဆောင်သည့် ငါးတန်မွေးမြူရေးစီမံကိန်းအတွက် အစုရှယ်ယာများ ဇွန်လတွင်စတင်ခေါ်ယူမည်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြေဧက ၉၀၀ ပေါ်၌ ဒေါ်လာသန်း၂၀၀ ရင်းနှီးမြှုပ်နှံကာ ပြည်ပတင်ပို့ရန် ရည်ရွယ်လုပ်ဆောင်သည့် ငါးတန်မွေးမြူရေးစီမံကိန်းအတွက် အစုရှယ်ယာများ ဇွန်လတွင်စတင်ခေါ်ယူမည်
Global Earth Public Co.,Ltd ၏ ငါးမွေးမြူရေးစီမံကိန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Global Earth Public Co.,Ltd ၏ ငါးမွေးမြူရေးစီမံကိန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 27 May 2019
သိင်္ဂီဝင်းတင်

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်ရှိ မြေဧက ၉၀၀ ပေါ်တွင် ဖော်ဆောင်နေသည့် ပြည်ပတင်ပို့မှုအတွက် ရည်ရွယ်သည့် ငါးတန်မွေးမြူရေးစီမံကိန်း Global Earth Public Co.,Ltd အနေဖြင့် အစုရှယ်ယာများကို နောက်လတွင် စတင်ခေါ်ယူမည်ဖြစ်ကြောင်း စီမံကိန်းအတွင်းရှိ အအေးခန်းစက်ရုံ အုတ်မြစ်ချအခမ်းအနားတွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် Global Earth Public Co.,Ltd ဥက္ကဋ္ဌဖြစ်သူ ဦးဌေးမြင့်က ပြောကြားသည်။

လက်ရှိတွင် အဆိုပါစီမံကိန်းအား ကနဦးအဆင့်အနေဖြင့် ဒေါ်လာ သန်း ၂၀၀ မြှုပ်နှံထားပြီး စီမံကိန်းတွင် ငါးကန်ပေါင်း ၂၆၀၊ သားပေါက်စခန်း၊ အအေးခန်းစက်ရုံ၊ အစာစက်ရုံ၊ သားပေါက်စခန်း၊ ဓာတ်ခွဲခန်း၊ ငါး ပေါင်းမှုန့်စက်ရုံနှင့် လုပ်သားများနေထိုင်နိုင်သည့် အိမ်ရာများပါဝင်ကာ ၂၀၂၀ ခုနှစ်တွင် လည်ပတ်နိုင်ရန် မျှော်မှန်းထားသည်။

“အများပိုင်ကုမ္ပဏီဖြစ်တဲ့အတွက် အများအစုရှယ်ယာရဖို့ ရှာပါမယ်။ ချေးငှားပြီး လဲလုပ်မယ်။ ဘဏ်တွေကလည်း ချေးမယ်ပြောပါတယ်။ နောက်လလောက်ဆို ရှယ်ယာစခေါ်ဖို့ လုပ်နေပါတယ်”ဟု ဥက္ကဋ္ဌ ဦးဌေးမြင့်က ပြောကြားသည်။

ထိုစီမံကိန်းတွင် ကိုယ်ပိုင်အရင်းအနှီးဖြင့် ငါးကန်များကို ဝယ်ယူ၊ ငှားရမ်းနိုင်ပြီး သားပေါက်နှင့် အစာပံပိုးကာ ငါးပြန်ဝယ်ယူသည့်စနစ်နှင့် ရှယ်ယာထည့်ချင်သူများအတွက် အမြတ်ပြန်အမ်းသည့်စနစ် ပါဝင်သည်ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံတွင် ပြည်ပငါးတင်ပို့မှု တစ်နှစ်လျှင် ဒေါ်လာသန်း ၇၀၀ ကျော်ရရှိနေပြီး ထိုစီမံကိန်းကို ၂၀၂၀ ခုနှစ်တွင် လည်ပတ်နိုင်ပါက ဒေါ်လာသန်း ၁၀၀၀ ရနိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါစီမံကိန်းတွင် ငါးတန်မွေးမြူမည်ဖြစ်ကာ စျေးကွက်အနေဖြင့် USA ၊ တရုတ်၊ ဂျပန်၊ ဥရောပအထိ တင်ပို့နိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး တစ်နှစ်ဝင်ငွေ ဒေါ်လာသန်း ၁၅၀ ရနိုင်ရန် မျှော်မှန်းထားသည်ဟု သိရသည်။

“အခုက မွေးပြီးတော့ ပြည်ပစျေးကွက်ကို မပို့တာဘဲရှိတယ်။ ပြည်တွင်းစျေးကွက်မှာတော့ ငါးကို အစိမ်းလိုက်ရောင်းတာရှိတယ်။ ငါးခြောက်လုပ်ရောင်းတာရှိတယ်။ ငါးတန်က တစ်နေ့ကို ကုန်ချိန်တစ်သိန်းကျော်လောက် ပြည်တွင်းစျေးကွက်မှ တက်နေတာ။ အခုဒီစီမံကိန်းက ပြည်တွင်းစျေးကွက်အ တွက်မဟုတ်ဘူး။ Export အတွက် ရည်ရွယ်ပြီးလုပ်တာ။ ငါးတန်ရဲ့အသားကိုလည်းတင်ပို့လို့ရသလို ဘေးထွက်ပစ္စည်းကိုလည်း အကုန်တင်ပို့မှာ။ အရေခွံ၊ ဆီ၊ အရိုးမှုန့်တင်ပို့မှာ” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဆိုသည်။

အဆိုပါစီမံကိန်းဆောင်ရွက်မှုကို လုပ်ဆောင်နေသည်မှာ နှစ်နှစ်နီးပါရှိပြီး မွေးမြူရေးကန်များ လုပ်ဆောင်ခြင်း၊ စမ်းသပ်မွေးမြုခြင်းနှင့် မြေသားနှင့် လမ်းပြန်လည်ပြုပြင်ခြင်းများ၊ အိမ်ရာနှင့်အဆောက်အအုံဆောင်ရွက်မှုများ လုပ်ဆောင်နေပြီး စီမံကိန်းပြီးဆုံးပါက အလုပ်အကိုင်ပေါင်း ၅၀၀၀ ခန့်ပေးနိုင်မည်ဖြစ်ကြောင်း Global Earth Public Co.,Ltd မှ ဒါရိုက်တာဒေါ်ဇင်မီသိန်းက ပြောကြားသည်။                                    

Most Read

Most Recent