လက်ရှိဘဏ္ဍာနှစ် ခုနစ်လခွဲခန့်တွင် မူဆယ်နယ်စပ်ကုန်သွယ်မှု လျော့ကျခဲ့သော်လည်း နဘုလယ်/ထီးခီး နယ်စပ်မှ ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့သဖြင့် နယ်စပ်ကုန်သွယ်မှု ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၇၉၀ နီးပါး ပိုမိုရရှိ

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခွဲခန့်တွင် မူဆယ်နယ်စပ်ကုန်သွယ်မှု လျော့ကျခဲ့သော်လည်း နဘုလယ်/ထီးခီး နယ်စပ်မှ ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့သဖြင့် နယ်စပ်ကုန်သွယ်မှု ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၇၉၀ နီးပါး ပိုမိုရရှိ
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းထွန်းနေလှိုင်)
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းထွန်းနေလှိုင်)
Published 26 May 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခွဲခန့်တွင် မူဆယ်နယ်စပ် ကုန်သွယ်မှု လျော့ကျခဲ့သော်လည်း နဘုလယ်/ထီးခီး နယ်စပ်မှ ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့သဖြင့် စုစုပေါင်း နယ်စပ်ကုန်သွယ်မှု ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၇၉၀ နီးပါးပိုမို ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၁၀ ရက်အထိ စုစုပေါင်း နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၂၉ ဘီလျံကျော်ရရှိခဲ့ကြောင်း သိရသည်။

သို့သော် ယခင်နှစ်ကာလတူတွင်မူ အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၄၀ ဘီလျံကျော်သာ ရရှိထားသဖြင့် လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်တွင် စုစုပေါင်းနယ်စပ် ကုန်သွယ်မှုသည် ယခင်နှစ်ကာလတူထက် အမေရိကန် ဒေါ်လာ ၇၈၉ ဒသမ ၅၂၃ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခွဲခန့်တွင် မူဆယ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော် လျော့ကျခဲ့ပြီး သွင်းကုန်တင်သွင်းမှု အမေရိကန်ဒေါ်လာ ၄၃ သန်းကျော် မြင့်တက်ခဲ့သည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခွဲခန့်တွင် မူဆယ်နယ်စပ်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလျံကျော်သာ ရရှိထားပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ခုနစ်လခွဲခန့်တွင် စုစုပေါင်းနယ်စပ် ကုန်သွယ်မှုသည် ယခင်နှစ် ကာလတူထက် အမေရိကန် ဒေါ်လာသန်း ၇၁၀ ကျော်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

သို့သော်လည်း ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု ဆောင်ရွက်နေသော နဘုလယ်/ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ယခင်နှစ် ကာလတူထက် ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၅၆ ဘီလျံကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့ပြီး သွင်းကုန်တင်သွင်းမှု အမေရိကန်ဒေါ်လာ ၉၅ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခွဲခန့်တွင် နဘုလယ်/ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၅၉ ဘီလျံအထိရှိပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆၁ ဘီလျံကျော်အထိ ကုန်သွယ်မှု ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ကုန်သွယ်မှုပိုမို ဆောင်ရွက်နိုင်ခဲ့သဖြင့် လက်ရှိ ဘဏ္ဍာနှစ် ခုနစ်လခွဲခန့်တွင် စုစုပေါင်း နယ်စပ်ကုန်သွယ်မှုမှာလည်း ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၇၉၀ နီးပါး ပိုမိုရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်နေသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ မယ်စဲ့၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ်နှင့် ထန်တလန် စသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

 

Most Read

Most Recent