မြဝတီ နယ်စပ်စခန်းမှ တရားဝင် ကုန်သွယ်မှု လျော့ကျလာခြင်းမှာ တရားမဝင် ကုန်သွယ်မှု မြင့်တက်နေခြင်းကြောင့် ဖြစ်ကြောင်း မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူ ပြောကြား

မြဝတီ နယ်စပ်စခန်းမှ တရားဝင် ကုန်သွယ်မှု လျော့ကျလာခြင်းမှာ တရားမဝင် ကုန်သွယ်မှု မြင့်တက်နေခြင်းကြောင့် ဖြစ်ကြောင်း မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူ ပြောကြား
Published 23 May 2019
ကိုရွှေသိန်း (မြဝတီ)

မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရားဝင် ကုန်သွယ်မှု၊ အထူးသဖြင့် သွင်းကုန်ပစ္စည်း ကုန်သွယ်မှုမှာ ယခင် ကာလတူထက် သိသိသာသာ လျော့ကျလာခြင်းမှာ တရားမဝင် ကုန်သွယ်မှု မြင့်တက်နေခြင်းကြောင့် ဖြစ်ပြီး တရားမဝင် ကုန်သွယ်မှု တားဆီးရေး ဆောင်ရွက်မှုများကို အစိုးရ၊ ဌာနဆိုင်ရာများအပြင် ကုန်သည် လုပ်ငန်းရှင်များပါ ပူးပေါင်း ပါဝင်ဖို့ လိုအပ်ကြောင်း မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူးက ပြောကြားသည်။

မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း၌ လစဉ်ပြုလုပ်သော ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီးတွင် ပြော ကြားခြင်းဖြစ်သည်။

မြဝတီ နယ်စပ်စခန်းမှ ယခု ဘဏ္ဍာနှစ်သစ် အောက်တိုဘာ ၁ ရက်မှ မေ ၁၀ ရက်ထိ ဒေါ်လာ ၅၄၅ ဒသမ ၅၀၆ သန်း ကုန်သွယ်နိုင်ခဲ့သော်လည်း ယခင်နှစ် ကာလတူကထက် ဒေါ်လာ ၃၃ ဒသမ ၀၅၈ သန်း ကုန်သွယ်မှု လျော့ကျခဲ့ကြောင်း၊ အထူးသဖြင့် ထိုင်းကုန်ပစ္စည်းများ ပြည်တွင်း စျေးကွက်သို့ တင်သွင်းမှုမှာ ယခင်နှစ် ကာလတူကထက် ဒေါ်လာ ၆၇ ဒသမ ၅၈၆ သန်း လျော့ကျခဲ့ကြောင်း ကုန်သွယ်မှု စာရင်းများအရ သိရသည်။

မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်း ညွှန်ကြားရေးမှူး ဦးသောင်းဟန်က “တရားဝင် ကုန်သွယ်မှု လုပ်ငန်းမှာ လိုက်ပါ ဆောင်ရွက်နိုင်အောင်လို့ ကုန်သွယ်မှှုဆိုင်ရာ ဖြေလျှော့ပေးမှုတွေ အမြဲဆောင်ရွက်ပါတယ်။ တရားမဝင် ကုန်သွယ်မှု တားဆီးရေး ဆောင်ရွက်မှုကိုတော့ ကျွန်တော်တို့ အစိုးရ၊ ဌာနဆိုင်ရာများအပြင် ကုန်သွယ် လုပ်ငန်းရှင်တွေလည်း ပူးပေါင်း ပါဝင်ပြီးတော့ တရားမဝင် သွားလာမှုကို ထိန်းချုပ်ပေးနိုင်မှသာ တရားမဝင် ကုန်သွယ်မှု လျော့ကျလာပြီး တရားဝင် ကုန်သွယ်မှုပမာဏ အမှန်တကယ် တိုးတက်လာမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

မြဝတီနယ်စပ်မှ တရားဝင် ကုန်သွယ်မှုကို ချစ်ကြည်ရေးတံတား တစ်ခုသာ သတ်မှတ်ထားသော်လည်း သောင်ရင်း ဖြတ်ကျော်ဂိတ် အားလုံးက ဝင်လာသော ကုန်ပစ္စည်းများကို ထိန်းချုပ်ပေးမည့်သူ မရှိသည့်အတွက် ပြည်တွင်းသို့ လွယ်လွယ်ကူကူ စီးဆင်းသွားပြီး တရားမဝင် ကုန်သွယ်မှုကို မထိန်းချုပ်နိုင်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

Most Read

Most Recent