လက်ရှိဘဏ္ဍာနှစ် မေလဆန်းအထိ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄ သန်းကျော်ရှိ

လက်ရှိဘဏ္ဍာနှစ် မေလဆန်းအထိ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄ သန်းကျော်ရှိ
မန္တလေးတိုင်းဒေသကြီးရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
မန္တလေးတိုင်းဒေသကြီးရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
Published 22 May 2019
နီလာ

လက်ရှိဘဏ္ဍာနှစ် မေလဆန်းအထိ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၄ သန်းကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၀ သန်းကျော် ပိုမိုဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၃ ရက်အထိ လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁၄ ဒသမ ၀၄၀ သန်းဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၈ ခုနှစ် မေ ၃ ရက်အထိ လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၃ ဒသမ ၂၈၈ သန်း ဝင်ရောက်ခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက လက်ရှိဘဏ္ဍာနှစ် မေလဆန်းအထိ လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၀ ဒသမ ၇၅၂ သန်း ပိုမိုဝင်ရောက်ထားသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်ယာစိုက်ပျိုးရေးကို စိတ်ပါဝင်စားသည့် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ထို့ပြင် စျေးကွက်ယှဉ်ပြိုင်နိုင်သော အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ စိုက်ပျိုးရေးထွက်ကုန် အခြေခံစက်ရုံများ ဖွံံ့ဖြိုးလာရေး၊ လယ်ယာသုံးစက်ကိရိယာများ၊ ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် မျိုးစေ့ကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများ၏ အကျိုးစီးပွားသာမက နိုင်ငံတော်အတွက် လယ်ယာထွက်ကုန် စျေးကွက်ဖော်ဆောင်နိုင်ရေး ကဏ္ဍကိုပါ ပိုမိုတိုးတက်လာစေမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆက်လက်ပြောကြားသည်။

စိုက်ပျိုးရေးကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်ရန် တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများရှိပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် လုပ်ကိုင်ခွင့် အမြန်ဆုံးချထားပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ဦးစားပေးမြှင့်တင်သွားမည့် ကဏ္ဍများတွင် စိုက်ပျိုးရေးကဏ္ဍ ပါဝင်ကြောင်း သိရသည်။

စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဝင်ရောက်လုပ်ကိုင်မှု လျော့နည်းနေခြင်းနှင့်ပတ်သက်ပြီး “မြန်မာနိုင်ငံမှာ လာပြီးတော့ လုပ်တယ်ဆိုရင် လက်ရှိဘဏ်တိုးနှုန်းနဲ့ကိုက်လား၊ မကိုက်လားဆိုတာ ရှိတယ်။ နောက်ပြီး Pau Back Period ဆိုတာရှိတယ်။ စောစော အရင်းကျေမလားဆိုတာ ရှိတယ်။ စိုက်ပျိုးရေးကဏ္ဍတွေမှာ Pay Back Period က သိပ်ရှည်တယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေက သေချာစဉ်းစားပြီးမှ ရင်းနှီးမြှုပ်နှံတာဖြစ်တဲ့အတွက် နည်းနေတာပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။                             

 

Most Read

Most Recent