ထူးခြားသည့် ဇာတ်လမ်းဖန်တီးမှုများနှင့် ပရိသတ်စိတ်ဝင်စားအားပေးမှု ရရှိလာသူ ဒါရိုက်တာအာကာ၏ ငယ်ဘဝဖြတ်သန်းရာ

ထူးခြားသည့် ဇာတ်လမ်းဖန်တီးမှုများနှင့် ပရိသတ်စိတ်ဝင်စားအားပေးမှု ရရှိလာသူ ဒါရိုက်တာအာကာ၏ ငယ်ဘဝဖြတ်သန်းရာ
Published 17 May 2019
လင်းလင်းခိုင်

“ပိုက်ဆံရှာဖို့အတွက်တော့ ရုပ်ရှင်မရိုက်ဘူး။ အရည်အသွေးကောင်းတဲ့ ဇာတ်ကားမျိုးပဲဖန်တီးမယ်လို့ ပရိသတ်ကို ကတိပေးနိုင်တယ်။ ဂျင်းကားမရိုက်ဘူးလို့ ပရိသတ်ကို အခိုင်အမာပြောလို့ရပါတယ်” လို့ဆိုလာသူက ပရိသတ်အားပေးမှု မြင့်မားခဲ့တဲ့ ‘ဒုဋ္ဌဝတီကိုလွန်၍’ ဇာတ်ကားကို ဖန်တီးသူ လူငယ်ဒါရိုက်တာ အာကာဖြစ်ပါတယ်။ လူငယ်ဒါရိုက်တာ အာကာ ရိုက်ကူးဖန်တီးထားတဲ့ ‘ဒုဋ္ဌဝတီကိုလွန်၍’ ဇာတ်ကားက တစ်မိနစ်စာဗီဒီယိုဖိုင် တင်ထားကတည်းကကို ကြည့်ရှုမှုနှုန်းမြင့်မားခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ထူးခြားတဲ့ဇာတ်လမ်းပုံစံ၊ ရိုက်ကွင်းနေရာအသုံးပြုမှု၊ မြန်မာဇာတ်ကားတွေမှာ မြင်တွေ့ရလေ့မရှိတဲ့ ရိုက်ချက်တွေကြောင့် ဖန်တီးမှုပုံစံအသစ်တစ်ခုအဖြစ် ပရိသတ်လက်ခံအားပေးခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကို မြန်မာ၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေမှာ ပြသခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒါရိုက်တာအာကာက ‘ဒုဋ္ဌဝတီကိုလွန်၍’၊ ‘ကြိုးဖုန်း’ နဲ့ ‘ကမ္ဘာနှစ်ထပ်’ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးထားပြီး သူ့ဇာတ်ကားသုံးကားလုံးရဲ့ နမူနာဗီဒီယိုဖိုင်တွေကို ပရိသတ်အားပေးမှု များပြားခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိထုတ်လွှင့်ပြသနေတဲ့ ‘လောကကြိုးဝိုင်း’ ရုပ်သံဇာတ်လမ်းတွဲကိုလည်း ဒါရိုက်တာအာကာက ပုံဖော်ထားပါတယ်။ အခုတစ်ပတ်မှာတော့ ဒါရိုက်တာအာကာရဲ့ ငယ်စဉ်ဘဝအမှတ်တရတချို့ကို ပြန်လည်ဖော်ပြပေးချင်ပါတယ်။

ဒါရိုက်တာအာကာက ရန်ကုန်ဇာတိဖြစ်ပြီး မွေးချင်းညီအစ်ကိုသုံးယောက်အနက် အကြီးဆုံးသားဖြစ်ပါတယ်။ ငယ်စဉ်ဘဝရဲ့ အမှတ်တရအနေနဲ့ကတော့ လေး၊ ငါးနှစ်အရွယ်လောက်အထိ ဂျင်းဝတ်စုံကို အရမ်းနှစ်သက်သလို ဂျင်းဝတ်စုံဝတ်ပေးထားပြီး ပြန်ချွတ်တဲ့အခါ ငိုတဲ့အထိ နှစ်သက်သူတစ်ယောက်ပါလို့ ဆိုပါတယ်။ ဒါရိုက်တာအာကာက ကျောင်းပညာရေးကိုတော့ TTC မှာ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ တက်ရောက်ခဲ့သလို စာတော်သူတစ်ယောက်တော့ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။

“ငယ်ငယ်က ကျွန်တော်က စာမတော်ဘူး။ ကျောင်းက အတန်းထဲမှာလူ ၅၅ ယောက်လောက်ရှိရင် အဆင့် ၄၀ လောက်ဆို တော်တော်ဟုတ်နေပြီ။ ပုံမှန်လောက်ပဲ။ အရမ်းကြီး စာကျက်တာမျိုးလည်းမရှိဘူး” လို့ အာကာက ဆိုပါတယ်။

ငယ်စဉ်ပညာသင်ကြားစဉ်တစ်လျှောက်လုံးမှာ ရုပ်ရှင်ကြည့်ရတာ ၀ါသနာပါပေမယ့် ဒါရိုက်တာ တစ်ယောက်အနေနဲ့ ပရော်ဖက်ရှင်နယ်လုပ်ဖို့အထိတော့ ရည်ရွယ်ချက်မရှိခဲ့ဖူးဘူးလို့လည်း ဆိုပါသေးတယ်။  ငယ်စဉ်ကလေးဘဝမှာ ဂိမ်းကစားရတာကို အရမ်းနှစ်သက်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ချိန်မှာ ဂိမ်းဆိုင်ဖွင့်လှစ်တဲ့အထိ ၀ါသနာကြီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါရိုက်တာအာကာက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ကွန်ပျူတာတက္ကသိုလ်ကို နှစ်နှစ်တက်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံကို ထွက်ခွာသွားခဲ့ပါတယ်။  စင်ကာပူနိုင်ငံကို ရောက်ရှိသွားချိန်မှာတော့ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသလို အတွေ့အကြုံကောင်းများစွာလည်း ရခဲ့ပါတယ်လို့ အာကာကဆိုပါတယ်။ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ရင်း ငါးနှစ်တာ သင်ယူလေ့လာခဲ့သမျှက တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေပါလို့ ပြောပြခဲ့ပါသေးတယ်။

ဒါရိုက်တာအာကာက သူ့ရဲ့ပထမဆုံး ရုပ်ရှင်ကားကြီးအနေနဲ့ ‘ဒုဋ္ဌဝတီကိုလွန်၍’ ကို ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားကိုရိုက်ကူးဖို့အတွက် တစ်ကားလုံး အစအဆုံး ရီဟာဇယ်လုပ်ခဲ့ပြီးမှ ရိုက်ကူးခဲ့သလို ပါဝင်ရိုက်ကူးတဲ့ crew တစ်ဖွဲ့လုံးကိုလည်း သုံး၊ လေးနှစ်လောက် လက်တွဲလုပ်ဆောင်ခဲ့ပြီးမှ ရုပ်ရှင်ကားကြီး ရိုက်ကူးမှုမှာ ပါဝင်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တွေကလည်း ဇာတ်လမ်းအပေါ် အပြည့်အဝ အားစိုက်ထုတ်မှုကြောင့် အခုလောက်ထိ ဇာတ်ကားအရည်အသွေး ပိုကောင်းလာတာပါလို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒါရိုက်တာအာကာက ဒုတိယမြောက်ဇာတ်ကား ‘ကြိုးဖုန်း’ ကို ရိုက်ကူးခဲ့ရာမှာလည်း ပုံမှန်ဇာတ်ကားတွေ ရိုက်ကူးနေကျ ကုန်ကျစရိတ်မျိုးနဲ့ပဲ ရိုက်ကူးထားသလို မင်းသား၊ မင်းသမီးတွေ ပုံမှန်ပေးတဲ့ရက်အတွင်းမှာပဲ ရအောင်ရိုက်ခဲ့တာ ဖြစ်ပေမယ့် အရည်အသွေးပိုင်းကတော့ အားရစရာဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ တတိယမြောက်ဇာတ်ကား ‘ကမ္ဘာနှစ်ထပ်’နဲ့ ပတ်သက်ပြီးတော့လည်း ကလေးသရုပ်ဆောင်နဲ့ အဓိကထား ရိုက်ကူးခဲ့ရတာဖြစ်လို့ အခက်အခဲ ရှိနိုင်တယ်လို့ ကြိုတွေးခဲ့ပေမယ့် စိတ်တိုင်းကျရတဲ့ ဒရာမာဇာတ်ကားကောင်း တစ်ကားဖြစ်တယ်လို့ ဒါရိုက်တာအာကာက ဆိုခဲ့ပါတယ်။

လက်ရှိမှာ မျိုးဆက်သစ်အနုပညာရှင်တွေရဲ့ အရှိန်အဟုန်ပြင်းပြင်းနဲ့ အနုပညာဖန်တီးမှုတွေကို ပရိသတ် လက်ခံပေးကြတဲ့ အရွေ့တစ်ခုနဲ့ပတ်သက်လို့လည်း “ပရိသတ်က အပြောင်းအလဲကို မြင်နေရတာပဲလေ။ ရုပ်ရှင်မှာပြောင်းလဲတာ အဆင့်ကျော်တယ်လို့တောင် ပြောလို့ရတယ်။ ကွာဟမှုတွေက အများကြီးပဲ။ ကောင်းသောပြောင်းလဲခြင်း ဖြစ်တာကြောင့် ပရိသတ်တွေက အားပေးကြသလို ရုံရှင်တွေကလည်း အများကြီး support ပေးလာကြပါတယ်။ နောက်လည်း ဒီထပ်ပိုကောင်းတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဖို့ မျှော်လင့်ပါတယ်” ဟု ဒါရိုက်တာအာကာက သုံးသပ်ခဲ့ပါတယ်။

ဒီနေ့ဖော်ပြခဲ့တာကတော့ ရုပ်ရှင်အနုပညာရေစီးထဲမှာ ဖန်တီးမှုအသစ်တွေနဲ့ လျှောက်လှမ်းလာသူ ဒါရိုက်တာအာကာ ပြောပြခဲ့တဲ့ ငယ်ဘဝ အမှတ်တရကို ပြန်လည်ဖော်ပြ တင်ဆက်ခဲ့တာပါ။                

 

Most Read

Most Recent