ရခိုင်ဒေသတွင် လုံခြုံရေး၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကျပ်အတည်းများကို အဓိကကျသော အကျပ်အတည်းများအဖြစ် သတ်မှတ်ထားဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေး ဘုတ်အဖွဲ့ဝင် ပြောကြား

ရခိုင်ဒေသတွင် လုံခြုံရေး၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကျပ်အတည်းများကို အဓိကကျသော အကျပ်အတည်းများအဖြစ် သတ်မှတ်ထားဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေး ဘုတ်အဖွဲ့ဝင် ပြောကြား
 ရန်ကုန်မြို့ Park Royal Hotel တွင် မေ ၇ ရက်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
ရန်ကုန်မြို့ Park Royal Hotel တွင် မေ ၇ ရက်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
Published 8 May 2019
မင်းနိုင်စိုး

ရခိုင်ဒေသနှင့် ပတ်သက်၍ ယခုထက်တိုင်အောင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရဆဲဖြစ်ပြီး လုံခြုံရေးဆိုင်ရာ အကျပ်အတည်း၊ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကျပ်အတည်းများမှာ အဓိကအကျဆုံး အကျပ်အတည်းများအဖြစ် အသိအမှတ်ပြု သတ်မှတ်ထားကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေး ဘုတ်အဖွဲ့ဝင် ွ Rt. Hon. Lord Darzi of Denham က ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များ အလျင်အမြန် ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို မေ ၇ ရက်တွင် ရန်ကုန် မြို့ Park Royal Hotel ၌ ကျင်းပခဲ့ပြီး ယင်းနှင့်ဆက်စပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးဘုတ်အဖွဲ့ဝင်  Rt. Hon. Lord Darzi of Denham က ထိုသို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းဖော်ပြခဲ့သည်။

ကိုဖီအာနန် အစီရင်ခံစာပါ အကြံပြုချက်များကို အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော်ရာတွင် တိုးတက်မှုများစွာ ရှိခဲ့သကဲ့သို့ ဆက်လက် လုပ်ကိုင်သွားရမည့် လုပ်ငန်းများစွာကိုလည်း မနားမနေ အကောင်အထည် ဖော်ကြရမည် ဖြစ်ကြောင်း၊ ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ ဌာနေပြန်နိုင်ရေး၊ ရခိုင်ပြည်နယ် ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်စေရေးတို့အတွက် ဆွေးနွေးဖြေရှင်းမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ပြုလုပ်သွားရန် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအတွင်း စေ့စပ်ဆွေးနွေး ဖြေရှင်းခြင်း ပြုလုပ်ရမည့်အပြင် မြန်မာနှင့် ကမ္ဘာ့နိုင်ငံများ အကြားတွင်လည်း အပြန်အလှန် စေ့စပ်ဆွေးနွေး ဖြေရှင်းခြင်းကို လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း  Rt. Hon. Lord Darzi of Denham က ပြောကြားခဲ့သည်။

ထို့နောက် ယခုပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် လွတ်လွတ်လပ်လပ်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများ ပြုလုပ်ကာ သုံးသပ်လေ့လာမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပါဝင်ဆွေးနွေးသူများမှာ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အကြံပြုချက်များအတိုင်း ဆက်လက်၍ အားတက်သရော ဆောင်ရွက်သွားကြမည် ဆိုခြင်းနှင့် ပတ်သက်၍လည်း ကတိကဝတ်ပြုမှုများ ရှိကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံလူသားချင်းစာနာမှု ညှိနှိုင်းရေးမှူးရုံး (AHA Center) မှ Deputy Executive Director, Mr. Arnelcapili က ပြောကြားသည်။

ထို့ပြင် အာဆီယံ အရေးပေါ်တုံ့ပြန်မှုနှင့် အကဲဖြတ်လေ့လာရေးအဖွဲ့ (ASEAN – Emergency Response and Assessment team) မှတစ်ဆင့် ရခိုင်ဒေသနှင့် ပတ်သက်၍ အကဲဖြတ် လေ့လာမှု ပြုလုပ်နိုင်ရေး အတွက် ပဏာမ လိုအပ်ချက်များအတိုင်း ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် စစ်တွေ၊ မောင်တောနှင့် နေပြည်တော်များသို့ သွားရောက်၍ တွေ့ဆုံမေးမြန်းမှုများနှင့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယခုအခါ အကဲဖြတ် လေ့လာမှု အစီရင်ခံစာ အပြည့်အစုံကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ တင်သွင်းနိုင်တော့မည် ဖြစ်ကြောင်း  Mr. Arnelcapili က ပြောကြားသည်။ 

ဒုက္ခသည်များ နေရပ်သို့ ချောမွေ့စွာနှင့် စနစ်တကျ ပြန်နိုင်စေရေးအတွက် မြန်မာအစိုးရအဖွဲ့က အားကြိုးမာန်တက် ဆောင်ရွက်လျက် ရှိနေသည်ကိုလည်း အသိအမှတ်ပြုကြောင်း၊ ဒုက္ခသည်များ ဌာနေပြန်နိုင်ရေးနှင့် ပတ်သက်၍ အာဆီယံ အတွင်းရေးမှူးချုပ်နှင့်တကွ အဖွဲ့ဝင်နိုင်ငံများက စုပေါင်းကြိုးပမ်းမှုအဖြစ် လက်တွဲလုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံ အစိုးရအား ဆက်လက်၍ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း Mr. Arnelcapili က ပြောကြားသည်။

ရခိုင်ဒေသ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသွားသူများ ရခိုင်ဒေသမှ စတင်ထွက်ခွာစဉ်ကပင် အစိုးရအနေဖြင့် ပြန်လည်လက်ခံမည်ဟု ဆုံးဖြတ်ပြီးသားဖြစ်ကြောင်း၊ နှစ်နိုင်ငံ ညှိနှိုင်း၍ သဘောတူညီချက် စာချုပ်များ ချုပ်ဆိုကာ ပြန်လည်လက်ခံရေး အစီအစဉ် အသေးစိတ်ကို ရေးဆွဲလုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ သဘောတူညီချက်အတိုင်း နှစ်နိုင်ငံ ညှိနှိုင်းမှုများကို အောင်မြင်အောင် ကြိုးစားဆောင်ရွက် နေကြောင်းနှင့် ရခိုင်ဒေသတွင်း တိုက်ပွဲများကြောင့် ပြောင်းလဲလာသော အခြေအနေအပေါ် မူတည်၍ လက်ခံရေး အစီအစဉ်ကို အောင်မြင်အောင် ညှိနှိုင်းဆောင်ရွက် နေကြောင်းလည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဝင်များနှင့် အကြံပေး ဘုတ်အဖွဲ့ဝင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံ လူသားချင်းစာနာမှု ညှိနှိုင်းရေးမှူးရုံး (AHA Centre) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

Most Read

Most Recent