ချန်ပီယံလိဂ်မတိုင်မီ ဒတ်ချ်လိဂ်ကို ရပ်နားပေးခြင်းမှာမျှတမှုမရှိဟု ပိုချက်တီနို သုံးသပ်

ချန်ပီယံလိဂ်မတိုင်မီ ဒတ်ချ်လိဂ်ကို ရပ်နားပေးခြင်းမှာမျှတမှုမရှိဟု ပိုချက်တီနို သုံးသပ်
Photos: AFP
Photos: AFP
Published 28 April 2019

 

စပါးအသင်းနည်းပြ ပိုချက်တီနိုက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ ဒတ်ချ်လိဂ်ပြိုင်ပွဲကို အနားပေးခြင်းမှာ မျှတမှုမရှိကြောင်း သုံးသပ်ပြောကြားခဲ့သည်။

နယ်သာလန်ဘောလုံးအဖွဲ့ချုပ်သည် စပါးအသင်းနှင့် အေဂျက်စ် အသင်းတို့ကစားရမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မတိုင်မီ ဧပြီ ၂၇၊ ၂၈ ရက်တွင်ကစားမည့် ဒတ်ချ်လိဂ်ပွဲစဉ်တစ်ခုလုံးကို မေ ၁၆ ရက်သို့ ရွှေ့ဆိုင်းပေးထားသည်။ စပါးအသင်းမှာမူ ဧပြီ ၃၀ ရက်တွင် ချန်ပီယံလိဂ်ပွဲကစားရမည်ဖြစ်သော်လည်း ဧပြီ ၂၇ ရက်က ဝက်စ်ဟမ်းအသင်းနှင့် လန်ဒန်ဒါဘီပွဲစဉ်ကစား ခဲ့ရသောကြောင့် ပိုချက်တီနိုက ဝေဖန်ပြောကြားခြင်းဖြစ်သည်။

ပိုချက်တီနိုက "ဒါက ပြောရခက်ပါတယ်။ ဒီအခြေအနေ နဲ့ပတ်သက်ပြီး လူတိုင်းမှာ ကိုယ်ပိုင် အမြင်တွေရှိကြမယ်ဆိုတာ ကျွန် တော်နားလည်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ FA ကလည်း ဆီမီးဖိုင်နယ်အတွက် ကျွန်တော်တို့ပြင်ဆင်နိုင်ဖို့ ကူညီပေးတာကို နားလည်ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်က ဒတ်ချ်လိဂ်နဲ့ လုံးဝကွဲပြား ခြားနားပါတယ်။ ဥရောပဘောလုံးလောကဆိုရင်လည်း အင်္ဂလန်နဲ့ လုံးဝမတူပါဘူး။  အင်္ဂါနေ့ပွဲကစားရဖို့ရှိတဲ့အချိန် စနေမှာလည်း ဒါဘီပွဲကစားရတာ မလွယ်ပါဘူး။ ဒါက စောဒကတက်တာ မဟုတ်ပါဘူး။ ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ အဲဒါက တရားမျှတမှုမရှိဘူးဆိုတာပါပဲ" ဟု ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကလည်း ဆီမီးဖိုင်နယ်ဒုတိယအကျော့မတိုင် မီ စပါးနှင့် လီဗာပူးလ်အသင်းတို့၏ ပွဲစဉ်များကို အပြောင်းအလဲပြုလုပ်ပေးခဲ့ပြီး ပွဲစဉ် (၃၇) တွင် ၎င်းတို့နှစ်သင်းစလုံးကို မေ ၄ ရက် (စနေနေ့) ယှဉ်ပြိုင်ကစားစေမည်ဖြစ်သည်။ မူလက နယူးကာဆယ်-လီဗာပူးလ် ပွဲကို မေ ၅ ရက်နှင့် ဘုန်းမောက်- စပါးပွဲကို မေ ၆ ရက်တွင် ကစားစေရန် စီစဉ်ထားသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲကြောင့် ရှေ့တိုး၍ကစားရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။