ရီးယဲလ်မက်ဒရစ်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်သည့် နောက်ခံလူ ရာမို့စ်သည် ကုလသမဂ္ဂ ကလေးငယ်များဆိုင်ရာရန်ပုံငွေ အဖွဲ့ (Unicef) အတွက် ဒေါ်လာ တစ်သန်းကျော် ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။
ရာမို့စ်သည် ခြေသလုံးကြွက် သားဒဏ်ရာကြောင့် ဧပြီဒုတိယပတ် ကတည်းက အနားယူနေရပြီး ရီးယဲလ်အသင်း၏ပွဲစဉ်များတွင် ပါဝင် ကစားနိုင်ခြင်းမရှိသော်လည်း Unicef အတွက် ရန်ပုံငွေရှာဖွေပေးခဲ့ခြင်းဖြစ်သည်။ ရာမို့စ်သည် Unicef အတွက် သွားရောက်ခဲ့သည့် ခရီးစဉ် တစ်ခုတွင် ကလေးငယ်တစ်ဦးအား ကာကွယ်ဆေးထိုးနေသာဓာတ်ပုံကို Instagram တွင်တင်၍ Like ပြုလုပ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ယင်းဓာတ်ပုံအတွက် Like တစ်ကြိမ် ရရှိလျှင် ဘီလ်ဂိတ်တည်ထောင်ထားသည့် ဂိတ်ဖောင်ဒေးရှင်းက Unicef ရန်ပုံငွေအတွက် တစ်ဒေါ်လာလှူဒါန်းမည်ဖြစ်ကြောင်း ရာမို့စ်က တိုက်တွန်းရေးသားထားရာ ဧပြီ ၂၅ ရက်မှ ၂၈ ရက်အတွင်း Like အရေအတွက် ၁.၆ သန်းကျော်အထိ ရရှိထားသည်။
ယင်းလှူဒါန်းငွေဖြင့် ဝက်သက်ကာကွယ်ဆေးများဝယ်ယူ လှူဒါန်းမည်ဖြစ်သည်။