အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားဟူ၍ သတ်မှတ်ထားသော အကျဉ်းသား၊ အကျဉ်းသူမရှိကြောင်း အကျဉ်းဦးစီးဌာန ထုတ်ပြန်

အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားဟူ၍ သတ်မှတ်ထားသော အကျဉ်းသား၊ အကျဉ်းသူမရှိကြောင်း အကျဉ်းဦးစီးဌာန ထုတ်ပြန်
Published 22 April 2019
ဉာဏ်လင်းထွန်း

AAPP နှင့် FPPS ကဲ့သို့ နိုင်ငံရေးအ ကျဉ်းသားများအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ရှိနေသေးကြောင်း ထုတ်ပြန်ပြောဆိုမှုများရှိနေသော်လည်း အကျဉ်းဦးစီးဌာနက အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူဟူ၍ မရှိကြောင်း ၎င်းတို့၏ ဖေ့စ်ဘွတ်စာမျက်နှာနှင့် ဝက်ဘ်ဆိုက်မှတစ်ဆင့် ဧပြီ ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ အသင်းအဖွဲ့တစ်ခုမှ နိုင်ငံရေးအကျဉ်းသားများဟု ဖော်ပြထားသော ၄၈ ဦးစာရင်းအား စိစစ်ကြည့်ရာ ပြစ်ဒဏ်ချခံဆဲ ၃၇ ဦး၊ လွတ်မြောက်ပြီးသူ လေးဦး၊ ရှာမတွေ့သူ ခုနစ်ဦးရှိကြောင်း၊ ပြစ်ဒဏ်ကျခံဆဲ ၃၇ ဦးသည် နိုင်ငံရေးဆောင်ရွက်နေခြင်းကြောင့် ပြစ်ဒဏ်ကျခံနေရသူများ မဟုတ်ဘဲ နိုင်ငံတော်လုံခြုံရေးအား ထိပါးနှောင့်ယှက်ခြင်း၊ လက်နက်ကိုင်ဆောင်ခြင်း၊ နိုင်ငံတော်ပုန်ကန်ခြင်း၊ အကြမ်းဖက်မှုဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် ရာဇဝတ်ပြစ်မှုအသီးသီး ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေခြင်းဖြစ်ကြောင်းကို စိစစ်တွေ့ရှိရသည်ဟု အကျဉ်းဦးစီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

နိုင်ငံတော်တွင် ကိုင်တွယ်အသုံးပြုလျက်ရှိသော ရာဇသတ်ကြီး ဥပဒေ၊ အထူးနှင့် အထွေထွေဥပဒေ၊  တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် အဓိပ္ပာယ်ဖွင့်ဆိုပြဋ္ဌာန်းချက် မရှိကြောင်း၊ တရားရုံးအသီးသီးမှ ပြစ်ဒဏ်ချမှတ်ပြီး အကျဉ်းထောင်များသို့ပေးပို့သော အပြစ်ပေးဝရမ်းပေါ်တွင် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားဖြစ်ပါသည်ဟု ဖော်ပြပေးပို့သော အကျဉ်းသား တစ်ဦးမျှမရှိသေးကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ဥပဒေတစ်ရပ်ရပ်ကို ဆန့်ကျင်ဖောက်ဖျက်၍ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများသာရှိကြောင်း အကျဉ်းဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

အကျဉ်းဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အပေါ် အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

နိုင်ငံရေးအကျဉ်းသားမရှိကြောင်း အကျဉ်းဦးစီးဌာနက ထုတ်ပြန်ခြင်းမှာ အစိုးရနှင့် လွှတ်တော်က နိုင်ငံရေးအကျဉ်းသားနှင့် စပ်လျဉ်း၍ တရားဝင်အဓိပ္ပာယ် ဖွင့်ဆိုပြဋ္ဌာန်းချက် မရှိခြင်းကြောင့်ဖြစ်သည်ဟု နိုင်ငံရေးအ ကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာ (AAPP) ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ဝေဖန်ပြောကြားသည်။

ထိုသို့ နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ် ဖွင့်ဆိုချက် တရားဝင်မရှိသေးသည့်အပေါ် ၂၀၁၅ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပါတီများဖြင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီး နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်သတ်မှတ်ချက်ကို ညှိနှိုင်းသတ်မှတ်နိုင်ခဲ့ကြောင်း၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်သည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီသူများကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဓိကက နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်တဲ့ သူမှန်သမျှကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်တယ်။ နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်တယ်။ အားပေးကူညီတယ်။ အဲဒီလိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့် ဖမ်းဆီးထိန်းသိမ်းပြစ်ဒဏ်ကျခံရသူကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်တယ်” ဟု ဦးအောင်မျိုးကျော်က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများရှိသည့်အတွက် ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို သမ္မတအမိန့်ဖြင့် ကမ္ဘာသိ၊ မြန်မာသိ ထုတ်ပြန်ကြေညာဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီ၏ ဆောင်ရွက်မှုဖြင့် နိုင်ငံရေးအကျဉ်းသားများစွာ လွတ်မြောက်ခဲ့ကြောင်း၊ ကော်မတီတွင် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် ကော်မတီဝင် တစ်ဦးအဖြစ်ပါဝင်ကြောင်း၊ နိုင်ငံရေးအကျဉ်း သားလွှတ်ပေးရေးကိစ္စကို ပါဝင်လုပ်ဆောင်ခဲ့သော အကျဉ်းဦးစီးဌာနကိုယ်တိုင်က နိုင်ငံရေး အကျဉ်းသားမရှိဟု ငြင်းပယ်နေခြင်းသည် ယခင့်ယခင် အစိုးရများကဲ့သို့ပင် ပြုမူဆောင်ရွက်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (FPPS) က ဧပြီ ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

ကျူးလွန်ခဲ့သော ပြစ်ဒဏ်များကို လျော့နည်းသက်သာစေရန် နိုင်ငံရေးအကျဉ်းသားဟူ၍ အမည်ခံဆောင်ရွက်လာခြင်းသာဖြစ်သည်ဟု အကျဉ်းဦးစီးဌာနကြေညာချက်တွင် ဖော်ပြပါရှိသည်။

ယင်းအချက်အပါအဝင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူမရှိကြောင်း အကျဉ်းဦးစီးဌာန ကြေညာချက်အပေါ် နိုင်ငံရေးအ ကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က “အဲဒီအချက်အပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ သမိုင်းအမှန်ကို ဖုံးကွယ်နေလို့။ အမှန်တရားကို သွေဖည်နေလို့၊ တရားမျှတမှုကို မထီမဲ့မြင်လုပ်တယ်လို့ ရှုမြင်တယ်။ အဲဒီအတွက်ကြောင့် လက်ရှိ NLD အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လွှတ်တော်နဲ့ ဟန်ချက်ညီညီ အမြန်ဆုံး ဆောင်ရွက်ဖို့လိုအပ်နေပြီလို့ တိုက်တွန်းတောင်းဆို အကြံပြုချင်တယ်။ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိတဲ့အတွက် တစ်ဖက်ကလည်း ထိုးနှက်တာတွေ ဖြစ်လာတယ်။ အစိုးရကလည်း နှစ်ရပ်ဖြစ်နေတဲ့အတွက် အစိုးရကိုရော လွှတ်တော်ကိုရော နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုရော စော်ကားတယ်လို့ ဒီလိုပဲမြင်တယ်” ဟု ပြောကြားသည်။

နှစ်ဆန်းတစ်ရက်နေ့က နိုင်ငံတော် သမ္မတ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား၊ အကျဉ်းသူ ၉၅၅၁ ဦးကို လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား နှစ်ဦးသာပါဝင်ပြီး အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၄၄ ဦး ကျန်ရှိနေသေးကြောင်း AAPP တာဝန်ရှိသူများက ပြောကြားသည်။

 

Most Read

Most Recent