မောင်တော-အငူမော်ကားလမ်း၌ AA အဖွဲ့ထောင်ထားသည့် မိုင်းနှစ်လုံးပေါက်ကွဲခဲ့ပြီး မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်သည့် AA အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးရမိဟု တပ်မတော် သတင်းထုတ်ပြန်

မောင်တော-အငူမော်ကားလမ်း၌ AA အဖွဲ့ထောင်ထားသည့် မိုင်းနှစ်လုံးပေါက်ကွဲခဲ့ပြီး မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်သည့် AA အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးရမိဟု တပ်မတော် သတင်းထုတ်ပြန်
Published 22 April 2019

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာအနီး မောင်တော-အငူမော် ကားလမ်းဘေး၌ ဧပြီ ၂၁ ရက် ညပိုင်းတွင် AA အဖွဲ့ထောင်ထားသည့် မိုင်းနှစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုနှင့်ဆက်စပ်သည့် AA အဖွဲ့ ဝင်တစ်ဦးအား မောရဝတီကျေးရွာအတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း ဧပြီ ၂၂ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဧပြီ ၂၁ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ကိုင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးက ပေါက်ကွဲသံနှစ်ခုကြားခဲ့ရကြောင်း သတင်းပေးပို့ချက်အရ တပ်မတော်လုံခြုံရေးစစ်ကြောင်းမှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ရာ ကိုင်းကြီးကျေးရွာအနီး မောင်တော-အငူမော်ကားလမ်း၏ ဝဲဘက်နှင့် ယာဘက် သုံးပေခန့်အကွာစီတွင် အကျယ်လေးပေ၊ အနက်နှစ်ပေခန့်ရှိ ကျင်းနှစ်ကျင်းအား တွေ့ရှိခဲ့ရပြီး ၎င်းင်းနေရာတစ်ဝိုက်တွင် ၀ိုင်ယာကြိုးများ မတွေ့ရှိရသဖြင့် အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲသည့် ရီမုမိုင်းများ ပေါက်ကွဲခဲ့ ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကာ မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့် အနီးဝန်းကျင်အသေး စိတ်ရှာဖွေစစ်ဆေးခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါပေါက်ကွဲမှုနှင့်ဆက်စပ်သူများ မောင်တောမြို့နယ် မောရဝတီကျေးရွာ၌ ခိုအောင်းနေကြောင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံများ၏ သတင်းပေးပို့ ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေး ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဧပြီ ၂၁ ရက် ည ၁၁ နာရီခွဲခန့်တွင် ဝင်ရောက်ရှာ ဖွေစစ်ဆေးခဲ့ရာ မောင်တောမြို့နယ် မောရဝတီကျေးရွာနေ AA အဖွဲ့မှ ကျော်သိန်း (၂၄ နှစ်) (ဘ)ဦးထွန်းလှဦးအား ဖမ်းဆီးရမိခဲ့ပြီး လိုအပ်သည်များ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဧပြီ ၂၂ ရက် အချိန်ထိ ရခိုင်ပြည်နယ်အတွင်း အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းများပေါ်တွင် AA အဖွဲ့က မိုင်းထောင်ခဲ့သည့် အကြိမ် ၁၃ ကြိမ်၊ မိုင်း ၄၁ လုံးရှိပြီး ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် တပ်မတော်လုံခြုံရေးစစ်ကြောင်းများက လုံခြုံရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း ဧပြီ ၂၁ ရက် ညနေပိုင်းတွင် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်လုံခြုံရေးစစ်ကြောင်းများနှင့် AA အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဖွဲ့ထံမှ နင်းမိုင်းများနှင့် မိုင်းထောင်ရာတွင် အသုံးပြုသည့် ဓာတ်မြေသြဇာများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက ဧပြီ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ် နယုန်တောင်ကျေးရွာအနီးဝန်းကျင်တစ်ဝိုက် တပ်မတော်လုံခြုံရေးစစ်ကြောင်းများက နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် ဧပြီ ၂၁ ရက် ညနေ ၄ နာရီခန့်တွင် နယုန်တောင်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာနေရာ၌ AA အဖွဲ့က လက်နက်ကြီး / လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် တပ်မတော်ဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ AA အဖွဲ့သည် ညနေ ၄ နာရီ ခွဲခန့်တွင် အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်တွင် AA အဖွဲ့ထံမှ ဒေသန္တရ လက်လုပ်နင်းမိုင်းငါးလုံး၊ မိုင်းထောင်ရာတွင် အသုံးပြုသည့် ဓာတ်မြေသြဇာ ၁၀ အိတ်နှင့် ပစ်ကျင်းများအား သိမ်းဆည်းတွေ့ရှိခဲ့ပြီး တပ်မတော်လုံခြုံရေးစစ်ကြောင်းများက နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။