အေဂျက်စ်အသင်းနည်းပြ တန်ဟက်ဂ် က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဖြစ် ကစားရမည့် စပါးအသင်းနှင့်ပွဲတွင် မိမိတို့မှာ အောက်အသင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
အေဂျက်စ်အသင်းသည် ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့်တွင် လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်၊ ကွာတားဖိုင်နယ်တွင် အီတလီထိပ်သီး ဂျူဗင်တပ်စ်အသင်းတို့ကို အံ့အားသင့်ဖွယ် အနိုင်ယူကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
အေဂျက်စ်အသင်းသည် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်တွင် ပရီးမီးယားလိဂ်ကလပ် စပါးအသင်းနှင့်တွေ့ဆုံနေပြီး ပထမအကျော့ကို စပါးကွင်းတွင် ဧပြီလ (၃၀) ရက် နှင့် ဒုတိယအကျော့ကို အိမ်ကွင်းတွင် မေလ (၈) ရက်၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အေဂျက်စ် အသင်းနည်းပြ တန်ဟက်ဂ်က စပါးနှင့်ပွဲတွင် ၎င်းတို့မှာ အောက်အသင်းဖြစ်သော်လည်း မကြောက်ကြောင်းနှင့် အကောင်းဆုံးယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တန်ဟက်ဂ်က "ပထမဆုံးအနေနဲ့ ပြောလိုတာက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တာကိုက ကျွန်တော်တို့အတွက် ကြီးမားတဲ့အောင်မြင်မှုဖြစ်နေပြီဆိုတာပါပဲ။ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်ရမယ့် စပါးက အသင်းကောင်းတစ်သင်းပါ။ နယ်သာလန်လိဂ်က ကလပ်တွေအနေနဲ့ ပရီးမီးယားလိဂ်ကို ငွေကြေးပိုင်းဆိုင်ရာမှ မယှဉ်နိုင်ပါဘူး။ စပါးနဲ့ပွဲမှာ ကျွန်တော်တို့က အောက်အသင်းဖြစ်ပြီး သူတို့က ပိုရေပန်းစားတဲ့အသင်းပါ။ ဒါပေမဲ့ တစ်ခါတလေမှာ အောက်အသင်းတွေက အနိုင်ရတတ်တာလည်း ရှိပါတယ်။ ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့နဲ့ ကစားတုန်းကလည်း ကျွန်တော်တို့ အောက်အသင်းပါပဲ။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးကြိုးစားပြီး အခွင့်အရေးကို ဆုပ်ကိုင်သွားမှာပါ" ဟု ဆိုခဲ့သည်။